Thursday, May 16, 2019

ကားအသစ်နဲ့တစ်ပတ်ရစ်တွေ အားပြိုင်လာတဲ့ ကားဈေးကွက်

အခုနှစ်ဆန်းကစတင်ပြီး ပြည်တွင်းမှာ SKDစနစ်နဲ့တပ်ဆင်တဲ့ကားအသစ်တွေအပါအဝင် ဘယ်မောင်းကားအသစ် Brand မျိုးစုံက ပြည်တွင်းဈေးကွက်ကို အလုအယက်ဝင်ရောက်လာကြပြီး မူဝါဒကြောင့် ထပ်မံတင်သွင်းခွင့်မရှိတော့တဲ့ ဂျပန်တစ်ပတ်ရစ်ကားတွေနဲ့အတူဈေးကွက်ဝေစုအတွက် အားပြိုင်လာကြတယ်လို့ ကားဈေးကွက်အတွင်းကနေသိရပါတယ်။



လတ်တလောပြည်တွင်းကားအသစ်ဈေးကွက်မှာရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ ဆူဇူကီး ကားတွေက ဈေးကွက်ဝေစုမှာရာခိုင်နှုန်းတစ်ခုအထိနေရာရလာနေပြီး တခြားပြည်တွင်းမှာတပ်ဆင်နေတဲ့ Brand အချို့ကိုလည်း ဝယ်ယူမှုတွေမြင့်တက်လာနေတယ်လို့ဆိုကြပါတယ်။

"ဝယ်ရောင်းတွေကတော့မကိုင်ကြဘူးပေါ့ဗျာကားအသစ်တွေက ဝယ်ပြီးရှုံးအခြေအနေမှာရှိတာကိုး။ဂျပန်တစ်ပတ်ရစ်ကတော့သူ့အနေအထားနဲ့သူမြတ်နိုင်တယ်လေ။အများစုကလည်းဂျပန် ကွာလတီကိုမီသေးဘူးဆိုပြီးတစ်ပတ်ရစ်တွေကဘဲဈေးကွက်မှာ ဦးဆောင်နေတုန်းပါ။ဒါပေမယ့် အခုနှစ်ကုန်ပိုင်းလောက်ဆိုရင်တော့ အသစ်နဲ့တစ်ပတ်ရစ်က မျှချေရှိလာနိုင်ပါတယ်"လို့ ဟံသာဝတီရောင်းဝယ်ရေးစခန်းက ဝယ်ရောင်း ကိုမြင့်စိုးကပြောပါတယ်။

လက်ရှိမှာဂျပန်တစ်ပတ်ရစ်ကားတွေထဲက အင်ဂျင်ပါဝါအသေး ဟွန်ဒါအမျိုးအစားနဲ့တိုယိုတာ အမျိုးအစားအိမ်စီးကားတွေက ရောင်းအားအကောင်းဆုံးဖြစ်နေပြီး လုပ်ငန်းသုံး မီနီထရပ်တွေကလည်း တက်ဈေးနဲ့အရောင်းအဝယ်ဖြစ်နေကြတယ်လို့သိရပါတယ်။

ကားအသစ်ရောင်းကြတဲ့ရှိုးရွမ်းတွေက ဝယ်ယူပြီးနောက်ပိုင်းပေးအပ်သည့် ဝန်ဆောင်မှုများကိုအခုထက်ပိုမို ပေးနိုင်မယ်ဆိုရင်ကားအသစ်ဈေးကွက်က ပိုမိုအားကောင်းလာမယ်လို့လည်း ကားပိုင်ရှင်အများစုက သုံးသပ်ထားပါတယ်။

No comments:

Post a Comment