Thursday, May 16, 2019

အလုပ်သမားချင်း သတ်ဖြတ်မှုဖြင့် မြန်မာလူငယ် ၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖိကျစ်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအလုပ်သမား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အသက် ၂၀ အရွယ် မြန်မာလူငယ် ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကမ်ဖိုင်ဖစ်ခရိုင်ရဲတပ်ဖွဲ့က မေလ ၁၅ ရက်နေ့  သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အသက် ၂၀ အရွယ် ကိုကျော်၊ ကိုလင်းနဲ့ ကိုအောင်ဆိုသူ မြန်မာအလုပ်သမား ၃ ဦးဟာ ဖိကျစ်ခရိုင်မှာ လူသတ်မှုကျူးလွန်ပြီး ကမ်ဖိုင်ဖစ်ခရိုင်မှာ လာရောက်တိမ်းရှောင်နေကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေက ခလောင်းခလုန်မြို့နယ်ရှိ ကြံစိုက်ခင်းတခုထဲမှာ သွားရောက်ဖမ်းဆီးခဲ့တာပါ။



ပြီးခဲ့တဲ့ မေလ ၁၁ ရက်က သူတို့ ၃ ယောက်နဲ့ သေဆုံးသူ (ဦးမောင်ဦး – ၄၀ နှစ်) တို့ဟာ ဖိုးထိပထပ်ချန့်မြို့နယ်၊ နိန်းဆ၀မ်အုပ်စုရှိ ကြံစိုက်ခင်းမှာ အရက်ဝိုင်းဖွဲ့ သောက်စားရင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ဦးမောင်ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ။

ဦးမောင်ဦးဟာ ထိုင်းနိုင်ငံကို ရောက်လာတာ ၁ လလောက်ပဲရှိသေးပြီး သူတို့နဲ့အတူ အရက်သောက် အချင်းများရာက ၃ ယောက်လုံးက ၀ိုင်းထိုးနှက်ခဲ့တာလို့ ဖမ်းဆီးခံရသူတွေက ၀န်ခံထားပါတယ်။

သူတို့ ၃ ယောက်ကို အုပ်စုဖွဲပြီး တမင်ကြံရွယ်လူသတ်မှု၊ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်လုပ်မှုတွေနဲ့ အရေးယူ သွားမယ်လို့  ကမ်ဖိုင်ဖစ်ခရိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။

No comments:

Post a Comment