Thursday, May 16, 2019

မထသခေတ်တွင် ကျပ် ၅၀၊ ၁၀ဝ၊ ၁၅၀ ဖြင့် ပြေးဆွဲစဉ်ကပင် ရပ်တည်နိုင်ခဲ့ပြီး ယခုအချိန်တွင် YBS ယာဉ်များ ရှုံးသည်ဟု မပြောနိုင်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ပြောကြား

မထသခေတ်တွင် ၅၀၊ ၁၀ဝ၊ ၁၅၀ ကျပ်ဖြင့် ပြေးဆွဲနေစဉ်ကပင် ရပ်တည်နိုင်ခဲ့ပြီး ယခုချိန်တွင် YBS ယာဉ်များ ရှုံးသည်ဟု မပြောနိုင်ကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က  မေ ၁၅ ရက် တွင် YRTA ရုံးချုပ်၌ မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။ “ယာဉ်လိုင်းတိုင်း ပြန်ကြည့်ပါ။ ကျွန်တော်လည်း ယာဉ်ပိုင်ရှင်ဟောင်းပါ။ မထသ ခေတ်တွင် ၅၀၊ ၁၀ဝ၊ ၁၅၀ ကျပ်နဲ့ ပြေးတာ အဲဒီတုန်းကတောင် ရပ်တည်နိုင်ပါတယ်။ ဘာကို သွားစကားပြောမလဲဆိုတော့ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုမှာ သုံးခုရှိပါတယ်။
ယာဉ်အတွက် ရင်းနှီးမြှုပ်နှံမှု၊ စီမံခန့်ခွဲမှုစရိတ်နဲ့ လက်ငင်းကုန်ကျမယ့်စရိတ် ဒီသုံးခုရှိတဲ့အခါ ယာဉ်လိုင်းတိုင်း ယာဉ်လိုင်းတိုင်းကြည့်ပါ စီမံခန့်ခွဲမှု စရိတ်နဲ့ လက်ငင်းကုန်ကျမယ့် စရိတ်နှစ်ခုလုံးကို ထိန်းနိုင်ပါတယ်။ ဒီချိန်မှာ ကျွန်တော်တို့ ယာဉ်ဟောင်းပိုင်ရှင်တွေတောင် ရပ်တည်နိုင်ပါတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

“ကျွန်တော်တို့တွေကားတစ်စီးကို တန်ဖိုးလျှော့လျာထားတဲ့အပိုင်းနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာအားနည်းနေတယ်။ တကယ်ဆိုရင် လက်ငင်းကုန်ကျစရိတ်အားလုံးကို ထိန်းနိုင်တယ်။ သုံးသောင်းပဲကျန်မယ်၊ နှစ်သောင်းပဲ ကျန်မယ်ပြော။ ကောင်းပြီ။ ဘီအမ်ခေတ်က ဘီအမ်တစ်စီးက သိန်း ၁၀ဝ မတန်ဘူး တစ်နေ့လေးသောင်းနဲ့ငှားထားတာ။ ရက် ၂၀ ပြည့်ရင် ရှစ်သိန်းရမယ်။  ဒီလုပ်ငန်းလောက် ကောင်းတာမရှိဘူး။ သိန်း ၁၀ဝ ရင်းတာ တစ်လရှစ်သိန်းရတယ်။ အဲဒီလိုအဆွဲရှိလာတဲ့ ကုမ္ပဏီက ဒီနှစ်ရှုံးတယ်လို့ပြောမှာ” ဟု ဦးလှအောင်က ပြောကြားသည်။


မထသအဖွဲ့အစည်း မပြောင်းလဲခင်တွင် ယာဉ်စီးခတိုးမြှင့်ကောက်ခံရင် တင်ပြခဲ့ဖူးခြင်းရှိကြောင်း၊ YRTA စတင်သည့်အချိန်တွင် ၂၀ဝ ဖြင့် အခြေခံခဲ့ကြောင်း တစ်နေ့ရသည့် ဝင်ငွေသည် ဝန်ထမ်းစရိတ်၊ ယာဉ်မောင်းခ၊ ဆီဖိုးအားလုံးရရှိကြောင်း၊ ကျန်သည့်ပိုက်ဆံနှင့် ယာဉ်၏ တန်ဖိုးလျှော့ပါက အစိုးရဝယ်ယူထားသည့် ကားများသည် ဒေါ်လာခြောက်သောင်းကျော်အား နှစ်တိုဖြင့် တွက်လိုက်ပါက အရင်းကြေမည် မဟုတ်ကြောင်း၊ အရင်းကြေကာလအား တိုးမြှင့်မည်ဆိုပါက စရိတ်ပြန်ညီမည်ဖြစ်ကြောင်း ဦးလှအောင်က ပြောကြားသည်။

“ဒီလုပ်ငန်းကိုပြောတဲ့အခါမှာ ရှုံးတယ်လို့လည်း အခုချိန်မှာပြောလို့မရပါဘူး။ ဘာကြောင့်လည်း အရင်းကြေကာလဆိုတဲ့ဟာကို ဘယ်လောက်ထားမလဲ ဥပမာ ကိုရီးယားနိုင်ငံမှာ ရှစ်နှစ်က မြို့ထဲကိုပြေးရတယ်။ နှစ် နှစ်ကမြို့ပြင်ကိုပြေးရတယ်။ အခုကုမ္ပဏီယာဉ်ဆိုတာက ဝန်ထမ်းငှားရတယ်။ တစ်ဦးချင်းပြေးတုန်းက ဒရိုင်ဘာစပယ်ယာနဲ့ အဆင်ပြေရင်ပြီးပြီ။ ညဝင်မယ်။ မနက်ထွက်မယ်။ ယာဉ်ပိုင်ရှင်အချို့ရဲ့ တင်ပြမှုကိုပြောရင် ယနေ့ယာဉ်တိုင်းယာဉ်တိုင်းကို ကြည့်တဲ့အခါမှာ တန်ဖိုးသုံးခုရှိတယ်။ ဒါတွေအားလုံးဟာ လုံလောက်တဲ့အနေအထားရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ သက်တမ်းကို တိုးသွားရင် မရှုံးနိုင်ပါဘူး။ သူ့ယာဉ်က အိုနေရင်တော့ မပြောတတ်ဘူး။ ဒါတောင် အပ်လို့ လူစီးယာဉ်တင်သွင်းခွင့်ရတဲ့ ပိုက်ဆံကို ပြန်ရမှာ အဲဒီလိုရှိတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

YRTA စတင်ဖွဲ့စည်းပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် YBS ကုမ္ပဏီများဖြစ်သည့် YBPC နှင့် YUPT တို့တွင် ကျပ်ဘီလျံ ၇၀ ရှယ်ယာများ ထည့်ဝင်ခဲ့ကြောင်း ၂၀၁၆ -၂၀၁၇ ရန်ကုန်တိုင်းဒေသကြီးစာရင်း စစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

YBS စနစ်တွင် ပြေးဆွဲလျက်ရှိသည့် အများပိုင်ကုမ္ပဏီများသည် YBPC၊ YUPT၊ ဗန္ဓုလ၊ Omni Focus၊ လူထုမိတ်ဆွေ၊ Power Eleven၊ ရွှေတောင်ပိုင်းခရိုင်၊ ကုန်းဘောင်ရန်ကုန်၊ Trans Link၊ အမြင့်မြတ်ဆုံး အင်အား၊ စံဝေလ၊ ရွှေပြည်သာသား၊ ရွှေလမ်းခင်း၊ RCBT၊ GYCT၊ Aero Star စုစုပေါင်းကုမ္ပဏီ ၁၇ ခုဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment