Thursday, May 16, 2019

အင်တာပို အကြီးအကဲဟောင်း၏ ဇနီးကို ပြင်သစ်တွင် ခိုလှုံခွင့်ပေးမှု ဥပဒေ အလွဲသုံးစားလုပ်ခြင်း ဖြစ်ဟု တရုတ်ပြော

နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) အကြီးအကဲဟောင်း မုန့်ဟောင်ဝေရဲ့ ဇနီးကို ပြင်သစ်နိုင်ငံမှာ ခိုလှုံခွင့်ပေးလိုက်တာဟာ ပြင်သစ်ဥပဒေ လုပ်ထုံးလုပ်နည်းကို အလွဲသုံးစား လုပ်လိုက်တာပဲလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂန်ရှောင်းက မေလ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ အခြေအနေ အသေးစိတ်ကို သတိမထားမိပေမယ့် ဒီအရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပြင်သစ်အစိုးရတွေဟာ ဥပဒေအရ သင့်တော်အောင် ကိုင်တွယ်မယ်လို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။ တကမ္ဘာလုံးက ရဲဌာနတွေ ညှိနှိုင်းဆောင်ရွက်တဲ့ အဖွဲ့ကြီး အင်တာပိုဟာ ပြင်သစ်နိုင်ငံမှာ အခြေစိုက်ပါတယ်။



အင်တာပိုအကြီးအကဲ မုန့်ဟောင်ဝေက တရုတ်နိုင်ငံကို ခရီးသွားပြီး ပြန်လာချိန်မှာ ပျောက်နေတယ်လို့ သူ့ဇနီး ဂရေ့စ်မုန်က ပြောပါတယ်။ အဲဒီနောက် သူဟာ ရာထူးက နုတ်ထွက်ခဲ့တယ်လို့ အင်တာပိုက ပြောပါတယ်။

ဒီလထဲမှာ တရုတ်အစိုးရ ရှေ့နေတွေက မုန့်ဟောင်ဝေ လာဘ်စားပြီး အာဏာအလွဲသုံးစား လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခဲ့ပါတယ်။

မုန့် ပျောက်နေပြီးတည်းက သူ့ဇနီးဟာ ပြင်သစ်နိုင်ငံထဲမှာ နေခဲ့တာပါ။ ဇနီးသည်ကတော့ စွဲချက်တွေအားလုံးကို ငြင်းဆိုပြီး မုန့် အဖမ်းခံရတာဟာ နိုင်ငံရေး အကွက်ရွှေ့ခံရတာလို့ ပြောပါတယ်။

မုန့်ဟောင်ဝေဟာ ၂၀၁၆ နှောင်းပိုင်းမှာ အင်တာပိုအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်နေရာတွေ ရရေး ပိုတိုးပြီး ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

No comments:

Post a Comment