Thursday, May 16, 2019

လွိုင်ကော်မြို့တွင် ရေတွင်းရေကန်များ ခန်းခြောက်သည့်အပြင် စည်ပင်ရေ အချိန်မှန် မလာသောကြောင့် သောက်သုံးရေ အခက်အခဲဖြစ်

လွိုင်ကော်မြို့တွင်းရှိ ရေတွင်းရေကန်များ ခန်းခြောက်သည့်အပြင် စည်ပင်ရေ အချိန်မှန် မလာသောကြောင့် လူနေအိမ်များအပြင် ကျောင်းများတွင်ပါ  သောက်သုံးရေ ခက်ခဲနေကြောင်း ပရဟိတအသင်းများနှင့် နိုင်ငံရေး ပါတီများထံမှ သိရသည်။ “ကျွန်တော်တို့က အားကာသိပ္ပံက ဝန်ထမ်းတစ်ဦး ကနေပြီးတော့ ကျွန်တော်တို့ကို ဆက်သွယ်လာတာပေါ့နော်။ ရေမရှိဘူး သင်တန်းသားက ၂၀ဝ ကျော် ရှိတယ်ပေါ့။ ရေအခက်အခဲ ဖြစ်နေပါတယ်တဲ့။ စည်ပင်ရေက သွားပြောတော့လည်းပဲ ပိုက်က ရှာနေတယ်ပေါ့လေ။ စည်ပင်က မရဘူးလို့ ကျွန်တော့်ကို ပြောတယ်။
အခက်အခဲဖြစ်တဲ့ အခြေအနေလေးကို ကူပါလို့ ပြောတဲ့အတွက်ကြောင့် မနေ့က အားချင်းပဲ ဘောက်ဆာ သုံးစီးလောက်နဲ့ သွားလှူခဲ့တယ်ဗျ။ တခြားလူတွေလည်း လာလှူကြတာ ရှိတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအရာရှိက ဒီနေ့လှူမယ် ပြောတယ်ဗျ” ဟု လွိုင်ကော်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင် နမ့်ဘော်ဝမ်၊ နာနတ်တော၊ ပန်ကန်း၊ မိုင်းလုံး၊ နောင်ယား စသည့် ရပ်ကွက်များမှာလည်း စည်ပင်ရေ မလာသည့်အပြင် ရေတွင်းများ ခန်းခြင်းကြောင့် ရေဝယ် သုံးနေရကြောင်းလည်း သိရသည်။


ထော်လာဂျီဖြင့် ရေတစ်စီးလျှင် ကျပ် ၅၀ဝ၀ မှ ၇၀ဝ၀ အထိ ပေးနေရပြီး တစ်လလျှင် ရေအတွက် ကျပ် တစ်သိန်းခန့် သုံးစွဲနေရပြီး ရေခက်ခဲသည်မှာ  တစ်လကျော် ကြာမြင့်ပြီဖြစ်၍ ငွေကြေး ကုန်ကျမှုများလည်း ရှိနေကြောင်း မြို့ခံများထံမှ သိရသည်။

ဖရူဆိုမြို့နယ် တောင်ပေါ် ကျေးရွာများမှာ ဌာနေ တိုင်းရင်းသား ကရင်နီ မျိုးနွယ်စုများသာ နေထိုင်၍ တောင်ယာလုပ်ငန်း တစ်ခုတည်းဖြင့်သာ အသက်မွေးကြပြီး သောက်သုံးရေအတွက် မိုးရေနှင့် တောင်ကျရေ များကိုသာ အဓိကထား အသုံးပြုနေကြရာ လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်၍ တောင်ကျ ရေထွက်များမှာ တဖြည်းဖြည်း ရေကျနည်းလာကြောင်းလည်း သိရသည်။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်တွင်သာမက ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်များရှိ တောင်ပေါ်ရွာများမှာ ရေထွက်ပေါက်များမှ ရေခန်းလာသောကြောင့် နှစ်စဉ် ရေခက်ခဲမှုများ ကြုံတွေ့နေရပြီး ပရဟိတ အဖွဲ့များကသာ အများဆုံး လာရောက် ကူညီကြကြောင်းလည်း သိရသည်။

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အနီးရှိ ကျေးရွာများတွင် ရေတူးရန် ခက်ခဲသောကြောင့် အစိုးရ မဟုတ်သော အဖွဲ့များ၊ အစိုးရ ဌာနဆိုင်ရာများ၊ ကျေးရွာ ကိုယ်ထူကိုယ်ထ အဖွဲ့များမှ အများသုံး ရေကန်များ လာရောက် ဆောက်လုပ်ပေးသော်လည်း မိုးရာသီ အချိန်တွင်သာ ရေကို သိုလှောင်ထားနိုင်ပြီး ကျန်အချိန်များတွင် သောက်သုံးရေ ခက်ခဲနေသေးကြောင်း သိရသည်။ ဖရူဆိုမြို့နယ်တွင် သောက်သုံးရေ ရရှိရန် ရေကျများသော တောင်အောက် ရေထွက်ပေါက်များသို့ သွားရောက် သယ်ယူနေရပြီး ခြေကျင်ဖြင့် အနည်းဆုံး တစ်နာရီခန့် သွားရသော နေရာများ ဖြစ်ကြောင်း၊ ရေကား တစ်စီးလျှင် ကျပ်သုံးသောင်းခွဲဖြင့် ဝယ်ယူ သုံးစွဲရကြောင်းလည်း သိရသည်။

No comments:

Post a Comment