Thursday, May 16, 2019

အင်ဒိုနီးရှားတွင် သမ္မတရွေးကောက်ပွဲ ရလဒ်များ မထုတ်ပြန်မီ လုံခြုံရေးတင်းကျပ်စွာ ချထား

အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီလက ကျင်းပခဲ့သည့် ပြိုင်ဆိုင်မှုပြင်းထန်သော သမ္မတရွေးကောက်ပွဲ၏ ရလဒ်များကို လာမည့် သီတင်းပတ်တွင် ထုတ်ပြန်မည်ဟု ကြေညာခဲ့သည့် ကာလအတွင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟု သံသယရှိသူ ၁၀ ဦးထက်မနည်းကို အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲကော်မရှင် (KPU) က မေ ၂၂ ရက်တွင် ရလဒ်များ ထုတ်ပြန်မှုမတိုင်မီ ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ၌ တင်းမာမှုများ မြင့်တက်ပြီး လုံခြုံရေးတင်းကျပ်စွာ ချထားစဉ် သံသယရှိသူများကို ဖမ်းဆီးမိခဲ့သည်။



တာဝန်ထမ်းဆောင်ဆဲသမ္မတ ဂျိုကိုဝီဒိုဒိုက ဗိုလ်ချုပ်ကြီးဟောင်းပရာဘိုဝိုဆူဘီယန်တိုကို အနိုင်ရရှိခဲ့သည်ဟု ပြီးခဲ့သည့်လက ဖော်ပြခဲ့သည့် လူထုသဘောထား စစ်တမ်းကောက်ယူသူများ၏ အလွတ်သဘောရေတွက်ခဲ့မှုကို ယခုရလဒ်များက အတည်ပြုမည်ဟု ယူဆရသည်။


ကြေညာချက်ထုတ်ပြန်မည့်နေရာကို ဘေးကင်းလုံခြုံမှုရှိစေရန် အခြားပြည်နယ်များမှ စေလွှတ်ထားသည့် တပ်ဖွဲ့ဝင်များအပါအဝင် ရဲနှင့် စစ်သား ၃၂၀ဝ၀ ခန့်ကို မြို့တော်ဂျကာတာတွင် အရန်သင့် တပ်ဖြန့်ထားသည်ဟု ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Dedi Prasetyo က ပြောကြားခဲ့သည်။

ဖမ်းဆီးထားသူများကို စစ်ဆေးမေးမြန်းခဲ့ရာတွင် ゞင်းတို့သည် မေ ၂၁၊ မေ ၂၂ နှင့် မေ ၂၃ ရက်တို့တွင် လူထုစုဝေးမှုများကို တိုက်ခိုက်ရန် စီစဉ်ထားသည်ကို သိရှိခဲ့ကြောင်း Prasetyo က လူထုဆန္ဒပြမှုများကို ရည်ညွှန်းပြောကြားခဲ့သည်။

သံသယရှိသူများသည် အင်ဒိုနီးရှားနိုင်ငံရှိ IS နှင့် ဆက်နွှယ်မှုရှိသည့် အကြီးဆုံးအဖွဲ့ဖြစ်သော Jemaah Ansharut Daulah (JAD) ၏ အဖွဲ့ဝင်များဖြစ်ကြောင်း၊ အာဏာပိုင်များသည် နောက်ထပ်အဖွဲ့ဝင်များကိုလည်း ရှာဖွေနေကြောင်း ゞင်းက ပြောကြားခဲ့သည်။

စီစဉ်ထားသည့် ဆန္ဒပြမှုများအတွင်း ရဲများကို တိုက်ခိုက်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုဖြင့် အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်တွင် အစ္စလာမ္မစ်စစ်သွေးကြွတစ်ဦးကို ပစ်သတ်ခဲ့ပြီး ခြောက်ဦးကို ထိန်းသိမ်းခဲ့သည်။

ပရာဘိုဝိုသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်းဝန်ခံရန် ငြင်းဆန်ခဲ့သည်။ ရွေးကောက်ပွဲနှင့် မဲရေတွက်မှုလုပ်ငန်းစဉ်အတွင်း အကြီးအကျယ် လိမ်လည်မှုနှင့် မူမမှန်မှုများရှိခဲ့သည်ဟု ゞင်း၏အဖွဲ့က စွပ်စွဲခဲ့သည်။

“လူထုရဲ့ထောက်ခံမှုကို ကျွန်တော်တို့ရခဲ့တယ်” ဟု အထူးတပ်ဖွဲ့တပ်မှူးဟောင်းဖြစ်သည့် ゞင်းက မေ ၁၄ ရက် လှုံ့ဆော်ပွဲ အခမ်းအနားတစ်ခုတွင် ရာနှင့်ချီသော ထောက်ခံသူများကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အရှုံးပေးလိုက်မယ်ဆိုရင် မတရားမှုတွေကို အခွင့်အလမ်း ပေးလိုက်တာ။ ကျွန်တော်တို့နိုင်ငံနဲ့ နိုင်ငံသားတွေကို သစ္စာဖောက်လိုက်တာပါပဲ” ဟု ゞင်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလိုလားသည်ဟု ကတိပြုခဲ့သော်လည်း ゞင်း၏အဖွဲ့က မတတ်သာသည့်အဆုံး ကျင့်သုံးရသည့် လူထုအင်အားပုံစံ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

မဲရေတွက်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးချိန်တွင် ဝီဒိုဒိုက ထောက်ခံမဲ ၅၆ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းအသာဖြင့် ဦးဆောင်နေသည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။       

No comments:

Post a Comment