Thursday, May 16, 2019

ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်း တိမ်းစောင်းနေပြီဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ သုံးသပ်ထားပြီး တစ်ဆို့မှုများနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဖယ်ရှား ကျော်လွှားနိုင်ရေး နည်းလမ်းရှာရမည်ဟု KNU ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြောကြား

ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်းသည် တိမ်းစောင်းနေပြီဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့က သုံးသပ်ထားပြီး တွဲလက်ညီ ဆက်သွားနိုင်ရေး လိုအပ်သည့်အပေါ်တွင် တစ်ဆို့မှုများကို ရှင်းလင်း ဖယ်ရှားနိုင်ရေး၊ စိန်ခေါ်မှုများကို ကျော်လွှား ဖြတ်သန်းနိုင်ရေး နည်းလမ်းရှာရမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီး ခေါင်းဆောင်များ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် မေ ၁၄ ရက်မှ ၁၉ ရက်အထိ ပြုလုပ်နေပြီး အဆိုပါ ညီလာခံ ဒုတိယနေ့တွင် အလှည့်ကျ သဘာပတိဖြစ်သော ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အားလုံး တစ်သားထဲကျတဲ့ အမြင်နဲ့ သုံးသပ်ချက် မဟုတ်ရင်တောင် ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ လမ်းကြောင်း တိမ်းစောင်းနေပြီလို့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချို့က သုံးသပ်ထားပါတယ်။ ဒါကြောင့် အားလုံး လက်တွဲညီညီနဲ့ ဆက်သွားနိုင်ဖို့ လိုအပ်တဲ့အပေါ်မှာ ကျွန်တော်တို့တွေဟာ တစ်ဆို့မှုတွေကို ရှင်းလင်း ဖယ်ရှားနိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်လွှား ဖြတ်သန်းနိုင်ဖို့ နည်းလမ်း ရှာကြရမယ် ဆိုတာကတော့ ကျွန်တော်တို့ အားလုံးရဲ့ ဘုံနားလည်မှုနဲ့ ရပ်တည်ချက် ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်”ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။


ထိုသို့ နည်းလမ်းရှာဖွေခြင်းသည် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု၊ နှစ်ခု အတွက်သာ ထွက်ပေါက်ရှာသည်ဟု မမြင်ကြရန် လိုအပ်ကြောင်း ၊ တစ်ဆို့မှု အချို့သည် အဖွဲ့အချို့အတွက် ပမာဏအရ ပိုကြီးပြီး အဖွဲ့အချို့အတွက် မပြောပလောက်သော တစ်ဆို့မှု ဖြစ်ကြောင်းနှင့် ထိုသို့ ဖြစ်ရခြင်းသည်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်ဖွဲ့ချင်း ပကတိ အနေအထားပေါ်တွင် များစွာ မူတည်နေခြင်းကြောင့် ဖြစ်ကြောင်းလည်း ゞင်းကပြောကြားသည်။

မည်သို့ပင်ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အနှစ်သာရရှိစွာ ဆက်လက် လျှောက်လှမ်းနိုင်ရေးနှင့် အန္တိမပန်းတိုင် ဖြစ်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး စုစည်းမှုရှိရန် လိုအပ်ကြောင်း ゞင်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ စုစည်းတဲ့ နေရာမှာလည်း စုစည်းမှုဟာ မဟာဗျူဟာကျကျ စုစည်းမှု ဖြစ်ပါရမယ်။ ဒါမှ ကျွန်တော်တို့အတွက် အမှန်တကယ် အထောက်အကူ ဖြစ်စေမယ့် စုစည်းမှု ဖြစ်လာမှာ ဖြစ်သလို ကျွန်တော်တို့ ကြားမှာလည်း စည်းနှောင်အားရှိပြီး ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ တိကျသေချာတဲ့ အထောက်အကူပေးတဲ့ ပုံစံမျိုးကိုလည်း ရှာကြံရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီကနေ့ ထိပ်သီး ညီလာခံဟာ မဟာဗျူဟာကျကျ စုစည်းမှုကို ဖော်ဆောင်နိုင်ဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

 ထိုသို့ မဟာဗျူဟာ ကျသော စုစည်းမှုကို ဖော်ဆောင်ရာတွင် အဖွဲ့ကြီးသည်၊ အဖွဲ့ငယ်သည်ကို အခြေခံပြီး မစဉ်းစားစေချင်ကြောင်း၊ အဖွဲ့ကြီးက အဖွဲ့ငယ်ကို ဒရွတ်တိုက် ဆွဲခေါ်ခြင်းမျိုး မဖြစ်သင့်သကဲ့သို့ အဖွဲ့ငယ် မပါသည့်အတွက် အဖွဲ့ကြီး မသွားနိုင်ခြင်းမျိုးလည်း မဖြစ်သင့်ကြောင်း၊ ထို့ကြောင့် အားလုံး၏ ဘုံအကျိုးကို ရှေးရှု၍ ဘုံမျှော်မှန်းချက်အတွက် အလုပ်သဘော ယုံကြည်မှု (functional trust) ကို အခြေခံပြီး ခိုင်မာသော မဟာဗျူဟာကျသည့် စုစည်းမှုကို စဉ်းစားကြရန် KNU ဥက္ကဋ္ဌဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တိုက်တွန်းခဲ့သည်။

 NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏  စတုထ္ထအကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေ ၁၄ ရက်မှ ၁၉ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် NCA အကောင်အထည် ဖော်ဖက်များ ဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တက်ရောက် ဆွေးနွေးကြပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့လည်း လေ့လာသူများအဖြစ် တက်ရောက်နေကြောင်း သိရသည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ သက်ဆိုင်ရာ ကဏ္ဍဍအလိုက် အစီရင်ခံစာများ တင်သွင်း ဆွေးနွေးခြင်းနှင့် NCA-SEAO ထိပ်သီး ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST စုဖွဲ့မှုများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment