Thursday, May 16, 2019

ပုစွန်မှာပြည်တွင်းလိုအပ်ချက်ထက်ပိုလျှံထွက်ရှိနေသဖြင့် ပြည်ပမှတင်သွင်းနေခြင်းကို တားမြစ်သင့်ဟု ဆို

ပြည်တွင်းဈေးကွက်လိုအပ်ချက်ထက်ပိုလျှံစွာ ပုစွန်များမွေးမြူထွက်ရှိနေသဖြင့် ပြည်ပမှဈေးနှုန်းပိုပေး၍ တင်သွင်းနေခြင်းကို တားမြစ်သင့်ကြောင်း မြန်မာနိုင်ငံပုစွန်မွေးမြူထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောသည်။



ပြည်တွင်း၌ ဈေးကွက်ဝယ်လိုအားထက် ကျော်လွန်စွာ ပနားမီးပုစွန်၊ တိုက်ဂါးပုစွန်နှင့် ရေချိုပုစွန်များ ကို မွေးမြူထုတ်လုပ်နိုင်သည့်အတွက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ပုစွန်သားပေါက်များကို ထိုင်းနိုင်ငံသို့ တစ်ကြိမ်လျှင် တစ်သန်းမှ တစ်သန်းခွဲနှုန်းဖြင့် တင်ပို့ခဲ့ပြီး လက်ရှိအချိန်တွင် လေးကြိမ်တိုင်တိုင် တင်ပို့ထားခဲ့ကြောင်း သိရသည်။
“အခုလက်ရှိက ပုစွန်သားပေါက် ပေါပေါများများ ထုတ်လုပ်နိုင်ပါတယ်။ ပုစွန်သားပေါက်က ရောင်းလို့တောင် မကုန်လို့ ထိုင်းနိုင်ငံကိုတောင် တင်ပို့နေရတဲ့အဆင့်ဖြစ်နေပါတယ်။ လက်ရှိအခြေအနေမှာပဲ ရေချိုပုစွန် သားပေါက်တွေ ပြည်ပကသွင်းနေတာရှိပါတယ်။ ဈေးချင်းယှဉ်လိုက်တော့လည်း သွင်းတဲ့သားပေါက်က ဈေးမြင့်နေပြီး နိုင်ငံထဲမှာရှိတဲ့သားပေါက်က ဈေးနိမ့်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်က မလိုအပ်ဘူး။ နိုင်ငံခြားက ပစ္စည်းသွင်းတယ်ဆိုရင် ကိုယ့်ရဲ့ဒေါ်လာတွေသူများကို ပေးလိုက်ရတာ။ ဒီကရောင်းရင် နိုင်ငံခြားကဒေါ်လာကို ရမှာ။ ဈေးကွက်စီးပွားရေးအရ ပိုက်ဆံပေးမလား။ ပိုက်ဆံပြန်မယူမလား။ ဒါကိုလည်း မူဝါဒအနေနဲ့ ငါးဦးစီးက စဉ်းစားသင့်ပါတယ်” ဟု မြန်မာနိုင်ငံပုစွန်မွေးမြူထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းဦးက ပြောသည်။

ပြည်တွင်းရှိ ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များမှ ပြည်တွင်းဈေးကွက်အတွင်း ပုစွန်သားပေါက်များ ဖြန့်ဖြူးရောင်းချရာတွင် တစ်ကောင်လျှင် ကျပ် ၁၀ သာရရှိသော်လည်း ပြည်ပမှ တင်သွင်းလာသည့် ပုစွန်သားပေါက်မှာ တစ်ကောင်လျှင် ၁၃ ကျပ်နှုန်း ပေးရကြောင်း သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံမှ ပုစွန်များတွင် ရောဂါပိုးမွှားရှိသည်ဟု လွန်ခဲ့သောဆယ်စုနှစ်နီးပါးက စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ရေလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးဖွံ့ဖြိုးရန် ဆောင်ရွက်ရာတွင် လိုအပ်သော ပုစွန်သားပေါက်များကို ပြည်ပမှ တင်သွင်းခဲ့ရသည့်အခြေအနေမှ ယခုအခါ ပြည်ပသို့ပင် တင်ပို့ရောင်းချနေရခြင်းသည် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တိုးနန္ဒာတင်ပြောပြချက်အရ သိရသည်။

“ဒီမှာရောဂါ တွေရှိတယ်။ ဘာညာနဲ့။ သုံး၊ လေးနှစ်သာ လုပ်ခဲ့တာ တစ်ခါမှာ အောင်မြင်ခဲ့တာ မရှိဘူး။ ထိုင်းကနေ ပုစွန်သားပေါက်တွေ သွင်းနေရတာ။ ဒီလိုအခြေအနေကနေ ပိုလျှံအောင်ထုတ်နိုင်ပြီဆိုရင် သွင်းကုန်လိုသေးသလားဆိုတဲ့ မေးခွန်းဖြစ်လာမယ်။ ကျွန်မတို့မှာ ပေါပေါများများ မထုတ်နိုင်တဲ့အ ခြေအနေမှာ ပြည်ပက ယူလိုက်တာမှန်တယ်။ သို့သော်ငြားလည်း ပေါပေါများများထုတ်နိုင်ပြီဆိုရင် သွင်းကုန်ကို လက်မခံဖို့ ငါးဦးစီးကိုရော၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကိုရော အစီရင်ခံစာ တင်ပြဖို့ လိုတယ်။ မတင်ဘူးဆိုရင် မသိလို့ မတားတာ ဖြစ်မယ်။ သွင်းကုန်ဆိုတဲ့ ကုန်စည်လုပ်နိုင်တဲ့အတွက် သွင်းကုန်အစားထိုးဖြစ်လာမယ်ဆို လက်ခံရမယ်” ဟု၎င်းက ဆိုသည်။

ပြည်တွင်း၌ မွေးမြူထုတ်လုပ်နိုင်သည့် ပုစွန်ပမာဏကို ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်သို့ အစီရင်ခံတင်ပြရန်လိုကြောင်း၊ ၄င်းတို့အနေဖြင့် သွင်းကုန်အစားထိုး လုပ်ဆောင် နိုင်ရန် ပြည်ပမှ တင်သွင်းနေသည့် ပုစွန်သားပေါက်များဖြင့် ချိန်ကိုက်ကာ သုတေသနဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

No comments:

Post a Comment