Thursday, May 16, 2019

တာချီလိတ်တွင် တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား ၁၆၆ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦးတို့ကို သက်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်ထား

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် တရားမဝင်နေထိုင်ကြသော တရုတ်နိုင်ငံသား ၁၆၆ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး စုစုပေါင်း ၂၀၄ ဦးတို့ကို သက်ဆိုင်ရာ ပုဒ်မများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ေ မ ၁၃ ရက်က တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်ရှိ လပ်ကီးမိုတယ်အား တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ တရုတ်နိုင်ငံသား အမျိုးသား ၇၅ ဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ၇၉ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။



ထို့ပြင် ရန်အောင်မြေရပ်ကွက် အမှတ် (၂၃၇) ရှိ နေအိမ်အား တာချီလိတ်မြို့မစခန်းမှ နယ်ထိန်းခေါင်းဆောင်ဦးစီးအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသားကိုးဦး၊ အမျိုးသမီး တစ်ဦးအပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၈ ဦး၊ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ၄၉ ဦး တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အတူ ၀ိန်းကျောက်ရပ်ကွက် ပြည့်ဖြိုးအောင် သောက်ရေသန့်စက်ရုံလမ်း၊ အမှတ်(ဝက/၂၂၉) ရှိ နေအိမ်ခြံဝင်းအား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဦးစီးအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ရှစ်ဦးအပါအဝင် တရုတ်နိုင်ငံသား အမျိုးသား ၄၅ ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ၇၆ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့များ၏ လမ်းကြောင်း သုံးနေရာခွဲ၍ ရှာဖွေဖမ်းဆီးခဲ့ရာတွင် တရုတ်နိုင်ငံသား ၁၆၆ ဦး၊ ရှမ်းလူမျိုးနှစ်ဦး၊ ‘၀’ လူမျိုး ခုနစ်ဦး၊ အာခါလူမျိုးတစ်ဦး၊ လားဟူ လူမျိုး ၁၅ ဦး၊ ကိုးကန့်လူမျိုးသုံးဦး၊ ဗမာလူမျိုး ၁၀ ဦး စုစုပေါင်းမြန်မာနိုင်ငံသား ၃၈ ဦးတို့အား သက်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လားဟူသုံးဦးအား လက်နက်မှုဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံသား တစ်ဦးအား မူးယစ်မှုဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံသား ၁၃ ဦးအား လောင်းကစားမှုဖြင့်လည်းကောင်း၊ ကျန်ရှိသော တရုတ်နိုင်ငံသားများကို လဝက ဥပဒေတို့ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သော မေ ၁၃ ရက်တွင် တာချီလိတ်မြို့နယ်တွင်းရှိ ရပ်ကွက်များအတွင်း တရုတ်နိုင်ငံသားများ တရားမဝင်နေထိုင်ပြီး အွန်လိုင်းလောင်းကစားပြုလုပ်နေသည်ဟု သတင်းရရှိသောကြောင့် တာချီလိတ်တပ်နယ်၊ လဝက၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာအဖွဲ့စုံဖြင့် တာချီလိတ်မြို့တွင်း နေရာသုံးခုကို ဝင်ရောက်စစ်ဆေးရာတွင် တရုတ်နိုင်ငံသား ၁၈၈ ဦးကို ရိုင်ဖယ်သေနတ်သုံးလက်၊ မိုဘိုင်းဖုန်းများ၊ မော်တော်ယာဉ်များ၊ စိတ်ကြွဆေးပြားအချို့နဲ့အတူ မေ ၁၃ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြုပြောကြားသည်။

No comments:

Post a Comment