Thursday, May 16, 2019

ဗင်နီဇွဲလားလုံခြုံရေးများက ကွန်ဂရက်အား ပိတ်ဆို့ပြီးနောက် ဂွါအီဒိုက အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်

ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ်မာဒူရို အား ဖြုတ်ချရန် မအောင်မြင်ခဲ့သော အုံကြွမှု ဖြစ်ပွားခဲ့အပြီး နှစ်ပတ်အကြာ မေ ၁၄ ရက်တွင် လုံခြုံရေးများက အတိုက်အခံများ လွှမ်းမိုးသော အမျိုးသားလွှတ်တော်ထဲသို့ အမတ်များ ဝင်ရောက်မှုကို ပိတ်ဆို့ခဲ့ရာ ဗင်နီဇွဲလား အစိုးရသည် ကွန်ဂရက်အား ပိတ်ပင်ရန် ကြိုးစားနေသည်ဟု အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုက စွပ်စွဲခဲ့သည်။ ထိုလွှတ်တော်အဆောက်အအုံအတွက် လုံခြုံရေးပေးသည့် အမျိုးသား အစောင့်တပ်မှ အဖွဲ့ဝင်များနှင့်အတူ ရဲများနှင့် ထောက်လှမ်းရေးအဖွဲ့ SEBIN မှ အေးဂျင့်များသည် အမျိုးသားလွှတ်တော်ကို ပိတ်ဆို့ထားကြောင်း အမတ်များက ပြောကြားခဲ့သည်။



အစိုးရဆန့်ကျင်ဆန္ဒပြမှုများအား ဖြိုခွင်းမှုအတွင်း ဗင်နီဇွဲလားအာဏာပိုင်များသည် လူသားများ၏ အခြေခံအကျဆုံး အခွင့်အရေးများအား ချိုးဖောက်သည့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု ယူဆကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးက စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ ပိတ်ဆို့ဟန့်တားမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


လွှတ်တော်အဆောက်အအုံထဲတွင် ဖောက်ခွဲရေးပစ္စည်းတစ်ခုရှိသည်ဟု အကြောင်းပြ၍ SEBIN အေးဂျင့်များသည် ပိတ်ဆို့ထားပြီး မိမိတို့အား ဝိုင်းရံထားခဲ့ကြောင်း ဥပဒေပြု အမတ်တစ်ဦးဖြစ်သူ မန်နျူရယ်လာဘိုလီဗာက ပြောကြားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အင်အားအလွန်အကျွံသုံးခဲ့ပြီး ကွန်ဂရက်သည် စစ်ရေးအရ သိမ်းပိုက်ခံထားရကြောင်း ဂွါအီဒိုက ပြောကြားခဲ့သည်။

မာဒူရိုအစိုးရက ゞင်းအား ထောက်ခံသူများဖြင့် ရွေးချယ်ဖွဲ့စည်းထားသော ပြိုင်ဘက်ဥပဒေပြုအဖွဲ့ဖြစ်သည့် တိုင်းပြုပြည်ပြုလွှတ်တော်က အတိုက်အခံများ၏ အမျိုးသားလွှတ်တော်မှ နောက်ထပ်အမတ်ငါးဦးအား တရားစွဲဆိုမှု ကင်းလွတ်ခွင့်ကို ရုပ်သိမ်းရန် မေ ၁၄ ရက်တွင် မဲခွဲခဲ့သည်။ ယင်းအတွက်ကြောင့် ဧပြီ ၃၀ ရက်တွင် မာဒူရိုအား ဆန့်ကျင်သည့် အုံကြွမှုကို ထောက်ခံမှုအတွက် နိုင်ငံတော်သစ္စာဖောက်မှုအပါအဝင် အခြားစွဲချက်များဖြင့် စွဲဆိုခံခဲ့ရသည့် အတိုက်အခံအမတ် ၁၄ ဦးအထိ ရှိလာခဲ့သည်။

အတိုက်အခံဥပဒေပြုအမတ် ဖရန်ကို မန်နျူရယ်ကာဆယ်လာအား ကြိုတင်ကာကွယ်ရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် ထောက်ပံ့ပေးထားသည့် ဗင်နီဇွဲလားရှိ မက္ကဆီကိုသံရုံးက မက္ကဆီကိုအစိုးရသည် ဗင်နီဇွဲလားပဋိပက္ခတွင် ကြားဝင်စွက်ဖက်မှုမပြုရေးကို  ဆက်လက်ကိုင်စွဲထားကြောင်း ထုတ်ပြန်ခဲ့သည်။ အာဂျင်တီးနား၊ ဘရာဇီးနှင့် ကိုလံဘီယာကဲ့သို့ လက်တင်အမေရိကနိုင်ငံများနှင့်မတူဘဲ မက္ကဆီကိုသည် မာဒူရိုအစိုးရကို အသိအမှတ်ပြုထားဆဲဖြစ်ပြီး ဂွါအီဒိုအား ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်မပြုခဲ့ပေ။

အာဏာရှင်သည် ゞင်းမရှိသင့်သော နန်းတော်ထဲ၌ တစ်ဦးတည်း အခိုင်အမာ အကာအကွယ်ယူထားချိန်တွင် အစိုးရသည် ဥပဒေပြုအာဏာကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြကြောင်း ဂွါအီဒိုက မာဒူရိုကိုရည်ညွှန်း၍ Twitter တွင် ထုတ်ပြန်ခဲ့သည်။

ဂွါအီဒိုက ကိုယ့်ကိုယ်ကိုယ် ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ဇန်နဝါရီနှောင်းပိုင်းတွင် မာဒူရိုအစိုးရသည် ဖိနှိပ်မှုကို အကွက်ချ၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြောင်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇန်န ဝါရီ ၂၁ ရက်မှ ၂၅ ရက်အထိ ဖြစ်ပွားခဲ့သော ထိုဆန္ဒပြမှုများအတွင်း တရားလက်လွတ် သတ်ဖြတ်ခံခဲ့ရသည်ဟု ယူဆရသူ ၁၁ ဦး အပါအဝင် လူ ၄၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

No comments:

Post a Comment