Sunday, May 12, 2019

ကယ်လီဖိုးနီးယား ဘုရားကျောင်း ပစ်ခတ်မှုအကြောင်း ပြန်ပြောပြသည့် သူရဲကောင်းစစ်ပြန်

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် ကယ်လီဖိုးနီးယားပြည်နယ် ပိုဝေးမှာရှိတဲ့ Congregation Chabad ဘုရားကျောင်းမှာ လုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲဟာ အရင်နေ့တွေကလို သာမာန်ဝတ်ပြုဆုတောင်းပွဲတခုအဖြစ် အော်စကာ စတီးဝပ်တစ်ယောက် တွေးထင်ခဲ့ပါတယ်။ ဝတ်ပြုနေစဉ်အတွင်း သူ့အနားမှာ စိတ်မ ကောင်းစရာပစ်ခတ်မှုတခု ဖြစ်ပွားပြီး သူလည်း သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့ရမယ်မှန်း အဲ့ဒီအချိန်တုန်းက စတီးဝပ်တစ်ယောက် မသိခဲ့ရပါဘူး။



စတီးဝပ်ဟာ စစ်ပြန်တဦးဖြစ်ပြီး ပထမဆုံးသေနတ်သံကိုကြားရတဲ့အချိန် သူဟာ ဘုရားကျောင်ရဲ့အလယ်ခေါင်မှာ ရှိနေခဲ့ပါတယ်။ “သေနတ်သံကြားတော့ သူလျင်လျင်မြန်မြန် တုံ့ပြန်ခဲ့ပြီး ဘုရားကျောင်း အဆောက်အအုံအပြင်ဘက်ကို ထွက်ကာ သေနတ်သမားကို လိုက်ဖမ်းခဲ့တယ်” လို့ စတီးဝပ်က ဧပြီလ ၂၈ ရက်နေ့မှာ သတင်းသမားတွေကို ပြောပြခဲ့ပါတယ်။

သူ အပြင်ဘက်ကို ရောက်တဲ့အခါမှာတော့ သူ့လိုပဲ ဘုရားကျောင်းထဲမှာ ရှိနေတဲ့ တာဝန်ချိန်ပြင်ပက နယ်ခြားစောင့်အေးဂျင့်တယောက်က နောက်ဆုတ်နေဖို့ ပြောခဲ့တယ်လို့ စတီးဝပ်က ဆိုပါတယ်။

“ကျနော်အပြင်ရောက်တော့ သူလည်း အပြင်ရောက်လာပါတယ်။ ပြီးတော့ ငါ့မှာသေနတ်ပါတယ်။ မင်းနောက်ဆုတ်နေလို့ ကျန်ာတို့ကို အော်ပြောခဲ့ပါတယ်။ သူက သေသေချာချာ လေ့ကျင့်ထားတဲ့လူမို့လို့ပေါ့။ မဟုတ်ရင် ကျနော်အပစ်ခံရနိုင်ပါတယ်” လို့ စတီးဝပ်က သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းသမား တွေကိုပြန်ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ စတီးဝပ်ဟာ သေနတ်နဲ့ အပစ်ခံရသူတွေဆီ သွားရောက်ပြီး ပထမဆုံးတွေ့ရတဲ့ အမျိုးသမီးတဦးကို အရေးပေါ်ကုသမှုပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ဒီအမျိုးသမီးဟာ ဒဏ်ရာတွေကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ရပါတယ်။

ဒီပစ်ပတ်မှုဖြစ်စဉ်မှာ တဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမား လို့ သံသယရှိတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။

“ဒီဖြစ်ရပ်အတွင်းမှာ ကျနော်က လူတွေအများကြီးရဲ့ အသက်ကို ကယ်ဆယ်ခဲ့တယ်လို့ တချို့တွေကပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ လူသားတဦးအနေနဲ့ ကိုယ်လုပ်စရာရှိတာကို လုပ်ခဲ့တာပါ။ ခင်ဗျားသာဆိုလည်း ကျနော့်လိုပဲ တုံ့ပြန်မိပါလိမ့်မယ်။ ကျနော်လုပ်စရာရှိတာကို လုပ်ခဲ့တဲ့ အတွက် ကျနော်က သူရဲကောင်းတဦးတော့ မဟုတ်ပါဘူး” လို့ စတီးဝပ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment