Sunday, May 12, 2019

ခွေးလေခွေးလွင့် ထိန်းချုပ်ရေးတိ/ကုဆရာဝန်များအသင်း စတင်လုပ်ဆောင်

ခွေးလေခွေးလွင့်ထိန်းချုပ်ရေးအစီအစဉ် Animal Birth Control (ABC) pilot project တစ်ခုကို လှိုင်မြို့နယ်တွင် ရှစ်ရက်ကြာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း MVA (Myanmar Veterinary Association) ထံမှ သိရသည်။



မေလ ၁၀ ရက်မှစ၍ လှိုင်မြို့နယ်အတွင်း အဆိုပါအစီအစဉ်ကို ပြုလုပ်မည်ဖြစ်သလို ခွေးရူးရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ခွေးများကိုခွဲစိတ်ကာ သားဆက်ခြားခြင်းဖြင့် မျိုးပွားမှုကို ထိန်းချုပ်ပြီး ခွေးအကောင်ရေပိုမိုပေါက်ပွားမှု မရှိစေရန် စတင်လုပ်ဆောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးမင်းလင်းက ပြောကြားသည်။

“ဒီလိုမျိုးလုပ်နိုင်သွားမယ်ဆိုရင် ခွေးရူးရောဂါပပျောက်သွားနိုင်တာပေါ့။ ဒါပေမဲ့ ဆေးထိုးဖို့လည်း အများကြီးလိုတယ်။ သားဆက်ခြားဖို့ လုပ်တယ်ဆိုလည်း ဘတ်ဂျက်အများကြီးလိုတယ်။ အခုကကျွန်တော်တို့ လုပ်နိုင်တဲ့ဟာကို လုပ်ပြတာပေါ့။ မြို့တော်ဝန်တို့၊ ဒုမြို့တော်ဝန်တို့က ကြည့်ပြီးတော့ ဒီလိုမျိုးလုပ်ရင်တော့ ခွေးရူးရောဂါက ပပျောက်နိုင်တယ်။ ပပျောက်ဖို့အတွက် ဒီလိုနည်းလမ်းရှိတယ်။ ဒီလိုလုပ်ရမယ်ဆိုရင် အားလုံးဝိုင်းလုပ်ဖို့ပါလာရမယ်ဆိုတာကို ရည်ရွယ်ပြီးလုပ်တာပါ။ကျွန်တော်တို့လုပ်တာက ပမာဏသေးပေမယ့် အကျိုးရှိတယ်ဆိုတာကို သိစေချင်တာပါ” ဟုဒေါက်တာစိုးမင်းလင်းက ပြောကြားသည်။

ရှစ်ရက်အတွင်း ခွေးအကောင်ရေ ၅၀၀ ခန့်ကို သားဆက်ခြားပေးနိုင်ရန်ရည်ရွယ်ပြီး အမတစ်ကောင်ကို သားဆက်ခြားခြင်းဖြင့် တစ်နှစ်လျှင် ထပ်မံပေါက်ဖွားမည့် ခွေးရှစ်ကောင်ခန့်လျော့ကျမည်ဖြစ်ပြီး အထီးကို သားဆက်ခြားခြင်းဖြင့်လည်း မျိုးပွားမှုကို ထိန်းချုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါအစီအစဉ်အတွက် WVS (Worldwide Veterinary Service) မှ ၎င်းတို့ကို လှူဒါန်းထားသော ငွေကြေး ဖြင့်ပံ့ပိုးပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေါက်တာစိုးမင်းလင်းက ပြောကြားသည်။

No comments:

Post a Comment