Sunday, May 12, 2019

မန္တလေးမြို့တွင် စိမ်းစိုငြိမ်းအေး ဩဂဲနစ်ဈေး ဖွင့်လှစ်

စိမ်းစိုငြိမ်းအေး သြဂဲနစ်ဈေးကို မေ ၁၂ ရက် မနက်က မန္တလေးမြို့ ၄၁ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာဩဂဲနစ် စိုက်ပျိုး ထုတ်လုပ်သူများအသင်း (MOGPA) ရဲ့ စီစဉ်မှုနဲ့ ဒီဈေးကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်မှာဖြစ်ပြီး မနက် ၇နာရီ မှ မနက် ၁၁ နာရီအတွင်းသာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ မန္တလေးမြို့နေပြည်သူလူထု ကင်ဆာကင်းဝေးစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ဝယ်ယူရရှိဖို့ ဩဂဲနစ် ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ၊ ဩဂဲနစ် ထွက်ကုန်တွေနဲ့ လူသုံးကုန်တွေ၊ ဩဂဲနစ် စိုက်ပျိုးရေးသုံး သွင်းအားစုတွေကို တနေရာတည်းမှာ ဝယ်ယူရရှိနိုင်တဲ့ ဈေးတန်းလေးတခု ဖြစ်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ။



ဒီဈေးမှာ နာနတ်သီး၊ သရက်သီး၊ ပိန္နဲသီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊ ဂွေးတောက်ရွက် စတဲ့ သြဂဲနစ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစား ၂၀ကျော်ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီဈေးကို ပြင်ဦးလွင်၊ နောင်ချို၊ နေပြည်တော် စတဲ့ မန္တလေးမြို့အနီးဝန်းကျင်က သြဂဲနစ်စိုက်ပျိုးတဲ့ တောင်သူတွေကိုယ်တိုင် လာရောက်ရောင်းချပေးတာပါ။

လက်ရှိ ရန်ကုန်မြို့နဲ့ မန္တလေးမြို့နှစ်မြို့မှာသာ သြဂဲနစ်ဈေးတွေ ရှိတာပါ၊ အခြား တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာလည်း သြဂဲနစ်ဈေးတွေ ဖွင့်လှစ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment