Sunday, May 12, 2019

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား အပစ်ရပ်စဲကြောင်း ပူးတွဲကြေညာ

ရှမ်းတိုင်းရင်းသား များအကြား ညီညွတ်ရေးအကောင် အထည်ဖော်နိုင်ရန်  ရှမ်းတပ်ဖွဲ့အချင်းချင်းကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပြီး နှစ်ဖက်အပစ်ရပ်စဲကြောင်း  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)တို့က ယမန်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။ သံဃာတော်များ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများက ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်နေမှု  ရပ်တန့်ရန်   တောင်းဆိုချက်ကြောင့်   RCSS နှင့် SSPP တို့သည်လွန်ခဲ့သည့်    တစ်လကျော်က တည်းက တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်ခန့် ပြုလုပ်ကာ ပြေလည်မှုရ ရှိ၍ ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

‘‘ဒီနေ့ ထုတ်ပြန်ကြေညာ ချက်က နှစ်ဖက်စလုံးက အပစ်ရပ်ကြတဲ့ ကြေညာချက် ဖြစ်ပါတယ်။ အပစ်ရပ်ကို ပိုမိုခိုင်မာအောင် အဲဒီကနေတစ်ဆင့် ရှမ်းတပ်ညီညွတ်ရေး၊ ရှမ်းတပ်တင်မဟုတ်ဘူး၊ ရှမ်းတစ်မျိုးသားလုံး ညီညွတ်ရေး ဆောင်ရွက်မယ်ဆို တဲ့ အနေအထားကို သတင်းစကားပါးလိုက်တဲ့ အနေအထားပါ’’ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြော သည်။ 

ရှမ်းတပ်ဖွဲ့အကြား အပစ်ရပ်ပိုမိုခိုင်မာရေး ဆက်လက်ဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ဖြစ်နေသည့် မူးယစ်ဆေးဝါးကို ပူးပေါင်းတိုက်ဖျက်မည်ဆိုသည့် အချက်ကိုလည်း ပူးတွဲကြေညာ ချက်တွင် ဖော်ပြသည်။

ယခုကဲ့သို့ ရှမ်းလက်နက် ကိုင်အဖွဲ့ အချင်းချင်းအကြား ပြေလည်မှု ရရှိ၍ တပ်မတော်၊ SSPP,RCSS သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပမည့် အစီအစဉ်မလိုအပ် တော့ဟု SSPP ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောသည်။ တပ်မတော်နှင့် RCSS တို့မတ်လက တွေ့ဆုံစဉ် ရှမ်းမြောက်၌ ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချရပ်တန့်နိုင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရန် ဆွေး နွေးခဲ့သည်။

‘‘ ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးလည်း လုပ်ပြီးပြီ။ အပစ်ရပ်လည်း ကြေညာပြီးပြီ။ စစ်ဘေးဒုက္ခသည်တွေလည်း ပြန်ကြကုန်ပြီ။ အဲဒါကြောင့် ဒါက (သုံးပွင့်ဆိုင်ဆွေးနွေးပွဲ) မလိုအပ်တော့ဘူး ထင်တယ်’’ ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

SSPP နှင့် RCSS ထပ်မံတွေ့ဆုံနိုင်ရေး ကမ်းလှမ်းထားမှု ရှိ သော်လည်း တွေ့ဆုံဆွေးနွေးမည့် ရက် အတိအကျ မသတ်မှတ်နိုင် သေးဟု ၎င်းကဆိုသည်။ ရှမ်းလက် နက်ကိုင် နှစ်ဖွဲ့အနက် RCSSသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့ဖြစ်ပြီး SSPP သည် NCA မထိုးရသေးပေ။ သို့ရာတွင် SSPP အနေဖြင့် အစိုးရနှင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်ရပ်စဲရေး လက်မှတ်ထိုးထား သည်။ RCSS နှင့် SSPP တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ များတွင် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး တိုက်ပွဲများ ဖြစ်ပွားရာ နှစ်ဖက်တပ်ဖွဲ့ဝင်များသာမက ဒေသခံများ သေဆုံး၊ ဒဏ်ရာရခြင်းများ ရှိခဲ့သည်။ ထို့ပြင် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်ရ သည်။ ၂၀၁၈ နှစ်လယ်က စတင်သော တိုက်ပွဲများနှင့်ပတ်သက်ပြီး ယခင်က တွေ့ဆုံညှိနှိုင်းသော် လည်း ပြေလည်မှုမရ၍ ၂၀၁၈သြဂုတ်စကာ ဆွေးနွေးပွဲများ ရပ်တန့်ခဲ့သည်။ ၂၀၁၉ မတ်လတွင်တပ်မတော်နှင့် ရှမ်းလက်နက် ကိုင်နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးပြီး နောက် ရှမ်းနှစ်ဖွဲ့အကြား အလွတ်သဘော ဆွေးနွေးပွဲများဖြစ်ပေါ်ပြီး ယခုကဲ့သို့ အပစ်ရပ်ကြေညာခြင်း ဖြစ်သည်။

No comments:

Post a Comment