Sunday, May 12, 2019

မြေစာပင်ဝတ္ထု

(၁)   ရထားဥသြသံကြားတာကျွန်တော်လည်း ဆိုင်ကယ်သော့လေးယမ်းပြီး ဘူတာပေါ် တက်လာခဲ့တယ်။ ဒီနေ့ သောကြာနေ့လေ။ ဒီလိုသောကြာ ညနေတိုင်း ဒီမြို့ ပတ်ရထားနဲ့ ကျွန်တော့်ဖောက် သည်ကြီး လိုက်ပါလာနေကျ။ ရထားကြီးရဲ့ ရှိရှိသမျှ ဘီးတွေ အကုန်လုံး ရပ်တန့်သွားမှ အတက်ခရီးသည်တွေ ကြားကနေ ရုံး လက်ဆွဲအိတ်ကလေးဆွဲပြီး သူ ဆင်းလာနေကျ။ သံလမ်းတွေ၊ ဇလီဖားတုံးတွေနဲ့ ကျောက်စရစ် ခဲတွေကို ဟိုတစ်လှမ်း၊ ဒီတစ် လှမ်း နင်းဖြတ်ပြီး သူဘူတာပေါ် တက်လာနေကျပေါ့။ ပြီးရင်တော့ ပါဝါမျက်မှန်ခပ်ထူထူကြီးကို မ,မ ပြီး ကျွန်တော့်ကိုရှာတော့တာပဲ။



 ဒါတွေက ကျွန်တော် အ လွတ်ရနေတဲ့ သောကြာနေ့ ည နေခင်းတွေရဲ့ ဇာတ်ညွှန်းတချို့ ပါပဲ။ တစ်ကြိမ်တည်းမှ မဟုတ် တာ၊ တစ်ခါတလေမှ မဟုတ် တာ။ အပတ်စဉ် သောကြာနေ့ ည နေတိုင်း ‘နေသည် အရှေ့က ထွက်၍ အနောက်ဘက်သို့ ၀င်သည်’ဆိုသလိုမျိုး ပုံမှန်ဖြစ်နေကျ ဇာတ်ဝင်ခန်းတွေပဲ။   အခုဆိုသုံးလ ကျော်လို့ လေးလနီးပါး တောင်ကြာမြင့်ခဲ့ပြီ။

 အစကတော့ ကျွန်တော် လည်း ဂိတ်က လူတွေနဲ့ စကား တွေများရ၊ ပြဿနာတွေတက်ရ ဖြစ်သေးတယ်။ သူကကျွန်တော့် ဆိုင်ကယ်ပဲ စီးတာကိုး။ တက္ကစီ သမားတွေက အောက်ဈေးနဲ့ လိုက်ပို့မယ်ဆိုတာတောင် လက် မခံဘူး။ ဒီတော့ တခြားကောင် တွေက ကျွန်တော်လူလည်ကျ တယ် ထင်ကြတာပေါ့။ နောက် တော့လည်း သူတို့သဘောပေါက် သွားကြပါတယ်။ တကယ်လို့ ကျွန်တော်မမြင်လိုက်ရင်တောင် ‘‘ဟေ့ကောင် ...ဟိုမှာ မင်းဘိုး တော်လာနေပြီ’’လို့ လက်လှမ်းတို့ ကြသေးတာ။

သူ့ကို ကျွန်တော်လိုက်ပို့ရ တဲ့နေရာက တစ်နေရာတည်း။ ဘယ်တော့မှ အပြောင်းအလဲမရှိ ဘူး။ အိမ်တစ်အိမ်လည်း မဟုတ် ဘူး၊ ဆိုင်တစ်ဆိုင်လည်း မဟုတ် ဘူး။ ဘုန်းကြီးကျောင်းတို့၊ ဘုရား ပုထိုးတို့ကိုလည်း မဟုတ်ဘူး။ အရှေ့ဒဂုံထဲက ခြံကွက်လပ်တစ် ခုကို လိုက်လိုက်ပို့နေရတာ။

 ဒီတိုးကြောင်ကလေး ဘူ တာကနေ အမှတ်(၁)လမ်းမကြီး အတိုင်း မောင်းသွား၊ အနော်ရ ထာလမ်းမကြီးရောက်ရင် ဘယ် ကွေ့၊ ဆက်မောင်းသွားပြီး ရှင် ထွေးညိုလမ်းကို ထပ်ချိုး၊ နောက် ထပ် ၁၀ မိနစ်လောက် မောင်း သွားရင် သူဆင်းနေကျ မြေသား လမ်းသွယ်လေး ရှိပါတယ်။ အဲဒီ လမ်းထိပ်ရောက်ရင်တော့ ဆိုင် ကယ်ကိုရပ်ခိုင်း၊ ဆိုင်ကယ်ဦး ထုပ် ချွတ်ပြီး ကျွန်တော့်လက်ထဲ ထည့်တယ်။ ပြီးရင် ‘‘မောင်ရင် လေး ..ဒီနားကပဲ စောင့်နော်’’ လို့ ညင်ညင်သာသာလေးပြောပြီး မြေလမ်းလေးအတိုင်း တုံ့နှေးတုံ့ နှေးနဲ့ လျှောက်သွားတော့တာပဲ။ ပြီးရင်လည်း ဒီဘူတာကိုပဲ ပြန်ပို့ ပေးရတယ်။ မီရာမြို့ပတ်ရထား တစ်စီးစီးနဲ့  သူပြန်လိုက်သွား နေကျ။

ဟော ... ဟိုမှာ ဘူတာပေါ် တက်လာပါပြီ။ လက်ဆွဲအိတ်က လေး ဆွဲလို့။ လက်ပြင်ခပ်ကိုင်း ကိုင်းလေးနဲ့၊ ဂျာနယ်လိပ်ကလေး ကိုင်ထားတဲ့ လက်နဲ့ ပါဝါမျက်မှန် ထူထူကြီးကို မ,မပြီး ကျွန်တော့်ကို ရှာနေပြီ။

‘‘အဘ ...ဒီမှာ ..ဒီမှာ ..’’

 လူတွေရှုပ်ယှက်ခတ်နေ တော့ ရုတ်တရက် သူကျွန်တော့် ကို မမြင်ပါဘူး။ တော်တော်နီး သွားတော့မှ မြင်တယ်။ ကျွန် တော့်ကို မြင်တော့ ‘‘သြော် ဒီမှာ ကိုး’’လို့ ခပ်ရေးရေးလေး ပြုံးပြပြီး ဘူတာလမ်းထိပ်က ဆိုင်ကယ်ရှိ ရာဆီ လျှောက်လာကြတယ်။

ကျွန်တော်လှမ်းပေးတဲ့ ဆိုင် ကယ်ဦးထုပ်ကို မေးသိုင်းကြိုး တပ်၊ ဆိုင်ကယ်ပေါ် တက်ခွထိုင် ပြီးတာနဲ့ ‘‘ထုံးစံအတိုင်းပဲ မောင် ရင်လေးရေ’’လို့ သူကထုံးစံအ တိုင်း ပြောတယ်။ ကျွန်တော်က လည်း ထုံးစံအတိုင်း သွားနေကျ လမ်းကြောင်းကပဲ မောင်းသွား တယ်။ ထုံးစံအတိုင်း မိနစ် ၂၀ ကျော်ကျော်လောက်ကြာတော့ သူဆင်းနေကျ   လမ်းထိပ်ကို ရောက်တယ်။ သူကဆိုင်ကယ်ဦး ထုပ်ကို ကျွန်တော့်လက်ထဲ ပြန် ထည့်လို့ ‘‘ဒီကပဲစောင့်၊ မောင်ရင် လေးရေ’’ဆိုပြီး မြေသားလမ်း လေးအတိုင်း ကိုးတိုးကွတနဲ့ လျှောက်သွားတာပဲ။

ဒီနားမှာကလည်း ခြံကွက် လပ်တွေက များပါတယ်။ ခြံကွက်လပ်ဆိုတာကလည်း မသိရင် လယ်ကွင်းပဲထင်မှာ။ မြက်ရိုင်းတွေ တောထနေတဲ့ လယ်ကွက်တွေကို ခြံခတ်ထားတာမျိုးကိုး။ လူနေ အိမ်ဆိုတာကလည်း တဲကလေး တွေက များပါတယ်။ ဒါတောင် ဟိုတစ် တဲစ၊ ဒီတစ်တဲစ ခပ်ကျဲ ကျဲပါ။ သူဝင်သွားတဲ့ မြေလမ်း လေးကလည်း အဲဒီလိုမျိုးပဲ။ မှုန် ကုပ်ကုပ်တဲအိမ်ကလေး လေးငါး အိမ်ထက် မပိုပါဘူး။ သံဆန်ခါ တွေနဲ့ ခြံခတ်ထားတဲ့ ကွက်လပ် တွေက ပိုများပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ ပွဲစားတွေ ခြေချင်းလိမ်ခဲ့တဲ့ နေရာပေါ့။ သိန်းရာချီ၊ ထောင်ချီမျက်စိမှိတ် အော်ခဲ့ကြတဲ့ နေရာတွေပေါ့။ အခုတော့ ...။ အခုတော့အားလုံး သိကြတဲ့ အတိုင်းပဲပေါ့ဗျာ။

သူလျှောက်သွားတဲ့ဘက် လှမ်းကဲကြည့်လိုက်တော့ သူ့ဦး တည်ရာဖြစ်တဲ့ ခြံကွက်လပ်လေး ရှေ့ကို ရောက်နေပါပြီ။ ခြံကွက် လေးက မြက်ရိုင်းတွေ တောထ နေတဲ့ လယ်ကွက်တစ်ခုပါပဲ။ ဒါ ပေမဲ့ လွန်ခဲ့တဲ့ လေးငါးနှစ်ကဆို သိန်းသုံးလေးရာတန် မြေကွက် တစ်ခုပေါ့။

ခဏကြာတော့ ခြံကွက်လေး ရှေ့မှာ သူထိုင်ချလိုက်တယ်။ ထိုင်ချလိုက်တဲ့ပုံက မတ်တတ် ဆက်ရပ်နိုင်စွမ်း မရှိတော့လို့ ထိုင်ချလိုက်ရသလိုမျိုး။ ပြီးတော့ ..။ ပြီးတော့ ...။ လွန်ခဲ့တဲ့ သောကြာ ညနေခင်းတွေအတိုင်းပါပဲ။ သူ ငိုနေပြီပေါ့။ ကျွန်တော်သက်ပြင်း ချပြီး မျက်နှာလွှဲလိုက်တယ်။ အ ဝေးမှာ တယ်လီဖုန်း တာဝါတိုင် တွေ၊ ကွင်းပြင်စိမ်းစိမ်း တပြန့် တပြော။ တဲအိမ်ကလေးတွေ ဟို တစ်စု ဒီတစ်စု။ ဆောက်လက်စ တန်းလန်းနဲ့ ရပ်ထားတဲ့ အဆောက်အအုံတချို့။ ဒါ...ဒါ မြို့သစ်တစ်ခု တဲ့လား။

‘‘မောင်ရင်လေး သွားစို့ကွာ ...’’

အသံကြားမှ ဖျတ်ခနဲ လှည့် ကြည့်လိုက်တော့ သူ။ အရေး ကြောင်းတွေ တွန့်ကွေးစ မျက်နှာ ဟာ နီရဲလို့၊ မျက်လုံးတွေ စိုစွတ် လို့။ အကြောင်းရင်းကို သေချာ မသိပေမယ့် စိတ်တော့ မကောင်း ဘူး။

(၂)

‘‘မသိန်းကြည်ရေ မသိန်း  ကြည် ... အလွမ်းမင်းသားကြီး လာနေပြီတော့ ..’’

ဘေးအိမ် (အဲလေ) ဘေးတဲ က အမြင့်က လှမ်းအော်တာနဲ့ ကျုပ်လည်း ထမင်းအိုး ဆန်ဆေး နေရာကနေ တဲရှေ့ကို ထွက်ခဲ့ တယ်။ ဟုတ်ပါ့။ အလွမ်းမင်းသား ကြီး ရောက်နေပြီပဲ။ ရောက်မှာ ပေါ့။ ဒီနေ့က သောကြာနေ့ကိုး။ သောကြာညနေခင်းဆို    ဒီအ လွမ်းမင်းသားကြီး ရောက်ရောက် လာပြီး အလွမ်းဇာတ်ခင်းနေကျ လေ။ အဲ...အလွမ်းဇာတ်မခင်းခင် တော့ ကျုပ်တို့ဘက်ကို အရင် လျှောက်လာသေးတယ်။ ပြီးရင် ရှေ့ကနေ လှမ်းလှမ်းမေးတတ် တယ်။ ဒါက သောကြာညနေတိုင်း နော်။ တစ်ပတ်တစ်ခါ ပုံမှန် ရောက်ရောက်လာပြီး လာလာ မေးတာ။ ဒါပေမဲ့ မေးခွန်းက တစ်မျိုးတည်း၊ တစ်ပုံစံတည်း။ အ ပြောင်းအလဲ လုံးဝမရှိဘူး။

အခုလည်း ကျုပ်တို့ တဲအိမ် စုလေးရှေ့ရောက်လာပါပြီ။ အိမ် ရှေ့ဘက်ကြိုရောက်နှင့်နေတဲ့ အမြင့်က ကျုပ်ဘက်လှည့်ပြီး ‘‘မေးတော့မယ်ဟေ့’’ဆိုတဲ့ မျက် လုံးမျိုးနဲ့ လှမ်းကြည့်တယ်။ အ မြင့်မျက်လုံးနဲ့ လှမ်းပြောတဲ့အ တိုင်းပါပဲ။

‘‘ငါ့တူမကြီးတို့ ခြံဝယ်မယ့် သူတွေ လာမေးကြသေးလားကွ’’

 သူ့အသံက သိမ်သိမ်မွေ့ မွေ့ပဲ။ ခပ်တိုးတိုးပဲ။ ကျုပ်နဲ့ အ မြင့်လည်း ပြိုင်တူလိုလို လှမ်းဖြေ မိလိုက်ကြတယ်။

‘‘လာမမေးကြပါဘူး ဦးလေးရယ်’’

ကျုပ်တို့ အဖြေကြားတာနဲ့ ခေါင်းလေးတဆတ်ဆတ်လုပ်ပြီး ကျုပ်တို့ခြံနဲ့ ကပ်နေတဲ့ သူ့ခြံလေး ဘက် ပြန်လျှောက်သွားတယ်။ ပြီးရင် သူ့ခြံလေးကို စူးစူးကြီး ကြည့်ပြီး ပါးစပ်က တဖွဖွနဲ့ တစ် ယောက်တည်း စကားတွေပြော တော့တာပဲ။ ဘာတွေပြောသလဲ တော့ ကျုပ်တို့လည်း သေချာ ဘယ်ကြားပါ့မလဲ။ ဒါပေမဲ့ တစ် ယောက်ယောက်နဲ့ မျက်နှာချင်း ဆိုင် ပြောနေတဲ့အတိုင်း ပြောနေ တာ။

ကျုပ်နဲ့ အမြင့်လည်း တဲ အိမ်ရှေ့ ၀ါးတံတားလေးပေါ် ရပ် ငေးနေမိကြတယ်။ သူကလည်း ကျုပ်တို့ လှမ်းကြည့်နေတာ သိမှာ ပဲ။ ဒါပေမဲ့ သူလုပ်စရာရှိတာကို လုပ်နေတဲ့တိုင်းပဲ။ အတည်ပေါက်ကြီးပဲ။

‘‘မသိန်းကြည်ရေ ငိုနေပြီ တော့ ငိုနေပြီ’’

အမြင့်က လက်တို့တယ်။ ဟုတ်တယ်။ ခြံရှေ့မြက်ခင်းပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ငိုနေတာ။ ဒါဟာ အခုညနေမှ မဟုတ်ပါဘူး။ အပတ်စဉ် သောကြာ ညနေတိုင်း သူရောက်ရောက်လာပြီး ငိုငိုနေတာလေ။

‘‘ဘာကြောင့်များ ဒီလောက် ခံစားနေရလဲ မသိပါဘူးဟယ်’’

‘‘မသိန်းကြည်ကလည်း သူ့ ခြံမရောင်းရလို့နေမှာပေါ့’’

‘‘အမြင့်ရယ် ခြံမရောင်းရ တိုင်းသာ ငိုကြမယ်ဆိုရင် ဟော့ ဒီမြို့သစ်ကြီးတစ်ခုလုံး ငိုသံတွေ ပွက်လောရိုက်ကုန်ကြမပေါ့ဟယ်’’

‘‘အင်း .. ဟုတ်တယ်နော်။ ကိုယ့်အဖေအရွယ်ကြီး လာလာငို နေတာ မြင်မြင်နေရတော့ စိတ် တော့ မကောင်းဘူးတော်’’

  ဟုတ်မှာပါ။ အမြင့်အ ကြောင်း ကျုပ်သိတာပေါ့။ လူက သာ မည်းမည်း၀၀၊ အဆက်အ ပေါက် ခပ်ကြမ်းကြမ်းဖြစ်ပေမယ့် သနားညှာတာစိတ်တော့ ရှိတယ်။ ကျုပ်လည်း အစက ဒီကောင်မ လေးကို ပေါင်းသင်းရခက်မယ် ထင်တာ။ အခုလို တစ်ခြံတည်းနေဖြစ်သွားတော့ အနေနီးပြီး အမြင့်ကြောင်း နားလည်သွားတာပဲ။

ကျုပ်တို့က တစ်ခြံတည်း နေ ကြပေမယ့် ဒီခြံက အမြင့်တို့ခြံ လည်း မဟုတ်ဘူး၊ ကျုပ်တို့ခြံ လည်း မဟုတ်ဘူး။ ဒီခြံပိုင်ရှင်က ရန်ကုန်မြို့ထဲမှာ နေတာ။ ဒီနား မှာ တခြားခြံတွေလည်း ရှိသေး တယ်လို့ ပြောသံကြားဖူးတာပဲ။ ခြံရှင်က ရောင်းမထွက်တဲ့ သူ့ခြံ ကို တစ်လသုံးသောင်းနဲ့ ပြန်ငှား တာ။ ကျုပ်တို့က ကိုယ့်ဘာသာ အိမ်(အဲလေ) တဲထိုးပြီး လာနေ ကြတယ်။ ဇာတိက ၀ါးခယ်မဘက်ကပါ။ လယ်တွေရှုံး၊ ကြွေးတွေတင်၊ ဇာတိမှာနေလို့ မဖြစ်တော့တာနဲ့ မိသားစုလိုက် ရန်ကုန်တက်လာကြတာ။ ရန်ကုန်တက်လာတယ်ဆိုလို့ တိုက်ပေါ်တက်လာတာ မဟုတ်ဘူး။ ဒီလိုနေရာကို တက်လာတာပါ။ ရောက်ခါစက တော့ တစ်အိမ်လုံးရရာ အလုပ် လုပ်ကြပေါ့။ အခုတော့ ကျုပ်ကိုယောက်ျားကရော၊ သားသမီးတွေ ကရော မလုပ်ခိုင်းတော့လို့ အိမ်မှာ နေနေရတာ။ အမြင့်ကတော့ သားသမီးမရှိတော့ သူ့ယောက်ျား တစ်ယောက်ပဲ ထွက်လုပ်တယ်။ သူ့ကိုအပြင်အလုပ် ပေးမလုပ်ဘူး။ဒီလိုနဲ့ ကျုပ်နဲ့အမြင့်လည်း အနေနီးပြီး စိတ်အချင်းချင်း နားလည် လာကြတယ် ပြောရမှာပဲ။

‘‘ဟော... မသိန်းကြည် ငိုပြီး ပြီတော့ ဒီဘက်လာဦးမယ် ကြည့် ထား’’

ဟုတ်ပါတယ်။ အမြင့်ပြော သလိုပဲ။ သူကျုပ်တို့ခြံဘက် ပြန် လျှောက်လာတယ်။ မျက်ရည် တွေလည်း ပြန်သုတ်ထားတယ်။ ဒါပေမဲ့ မျက်လုံးတွေ ရဲနေတာက တော့ သိသာပါတယ်။ သူက တော့ စောစောကသူဘာမှမဖြစ် ခဲ့တဲ့ အတိုင်းပဲ။ ခပ်တည်တည် ပဲ။ စကားပြောတဲ့ အသံတောင် မပျက်ဘူး။

‘‘ဦးလေး ပြန်ဦးမယ် တူမ ကြီးတို့ရေ။ ခြံလာမေးတဲ့သူရှိရင် ဦးလေးပေးထားတဲ့ ဖုန်းနံပါတ်ကို သာ ဆက်ပေးပါနော် တူမကြီးတို့’’

ကျုပ်တို့လည်း ‘‘ဟုတ်ကဲ့’’ သာ    ပြိုင်တူပြန်အော်လိုက်ရ တယ်။ စိတ်ထဲတော့ အားမရှိပါ ဘူး။ ဘယ့်နှယ်၊ ဒီအချိန် ဒီကာ လမှာ ဒီလိုနေရာကို ဘယ်သူက စိတ်ဝင်စားတော့မလဲ။ ကျုပ်တို့ သူ့ဖုန်းနံပါတ်ကို ဆက်သွယ်ဖို့ နောက်ထပ် ဘယ်နှနှစ်ထပ်စောင့် နေရဦးမလဲမှ မသိတာ။

သူကတော့ ချူချာဖျားနာ နေတဲ့ မြေလမ်းလေးအတိုင်း ကွတ ကွတ ပြန်လျှောက်သွားလေ ရဲ့။ နောက်တစ်ပတ် သောကြာ နေ့ဆို ဒီလမ်းလေးအတိုင်း သူ ပြန်လျှောက်လာဦးမှာပါပဲလေ။

(၃)

တိုးကြောင်ကလေး ဘူတာ ကနေ မြို့ပတ်ရထား ပြန်ထွက် လာတော့ ညနေက အရောင်နည်း နည်းရင့်နေပြီ။ ရထားက ဒီကနေ မလွှကုန်းဘူတာဆို ၂၅ မိနစ်ပဲ ကြာတာဆိုပေမယ့် အိမ်အရောက် ကတော့ နောက်ကျဦးမှာပဲ။ မိန်း မနဲ့ သမီးတွေရဲ့ ပြစ်တင်ငြူစူတာ ကို ရှောင်လွတ်မယ် မထင်ပါဘူး။

ခုနစ်လွှာတိုက်ခန်းကို နား နားပြီး တက်ခဲ့ပေမယ့် အိမ် ရောက်တာနဲ့  မျှော်လင့်ထားသလို ကြုံ ရတာပါပဲလေ။ ထုံးစံဖြစ်နေပါပြီ။

‘‘...အသက်ကြီးမှတော် ဒီ ကြားထဲ တော်ပါ တစ်ခုခုဖြစ်သွား ရင် ကျုပ်ရူးမယ်သိလား ...’’

‘‘အဖေတို့ကလည်း ဘယ် လောက်ပြောပြော၊ ဘယ်လောက် တားတား ဘယ်တော့မှ နားမ ထောင်ဘူး၊ ပြီးတာတွေက ပြီးပြီ။ ဘာလို့ သွားသွားကြည့်နေရတာ လဲ၊ ဒီဇာတ်လမ်းကို စခဲ့တာလည်း အဖေပဲ’’

မိန်းမက တစ်မျိုး။ သမီးတွေ က တစ်မျိုး။ အေးလေ၊ သူတို့က လည်း စိုးရိမ်လို့ပြောကြတယ်ဆို တာ နားလည်ပါတယ်။ ဒါပေမဲ့ တစ်ပတ်တစ်ခါ ဒီနေရာကို အ ရောက်သွားပြီး တစ်ပတ်တစ်ခါ လောက် ရင်ထဲက ကျပ်ခဲနေတဲ့ ဝေဒနာတွေကို ဒီလိုနည်းလမ်းနဲ့ အရည်ဖျော်ပစ်ရမှ နေသာထိုင် သာ ရှိသလိုပဲ။ နို့မို့ဆို သားကြီး ကို... သားကြီးကို သစ္စာဖောက်သ လို၊ ဥပေက္ခာပြုနေမိသလို ခံစား ရတယ်။

‘‘နင်တို့ ဘာသိလို့တုံး၊ ငါ့ အဖေ ဘာပြောဖူးတယ်ထင်လဲ၊ မြေဆိုတာ ထပ်တိုးလာရိုး ထုံးစံ မရှိဘူးတဲ့၊ ဘယ်တော့မှ အလ ကားမဖြစ်ဘူးတဲ့ နားလည်လား’’

ဓာတ်ပြားဟောင်းကြီး ပြန် ဖွင့်ပြလိုက်ရပေမယ့် ခွန်အား တော့ သိပ်မပါလှပါဘူး။ မျှော် လင့်ချက်ဆိုတာကလည်း ဆုပ် ကိုင်ထားတဲ့ကြားက အရည်ပျော် ပျော်ကျသွားခဲ့ပါပြီ။

 အ၀တ်အစားလဲပြီး ၀ရန် တာက ပက်လက်ကုလားထိုင် လေးမှာ ထိုင်မိတယ်ဆိုရင်ပဲ စိတ်က သားကြီးဆီ ရောက်သွားတယ်။သင်္ဘောက ပြန်လာပြီဆို အဖေ့အတွက်၊ အမေ့အတွက်၊ နှမတွေအတွက် လူစုံစေ့အောင် လက်ဆောင်တွေ ၀ယ်ဝယ်လာတတ်တဲ့သားကြီး။ နောက်ဆုံးအခေါက်မှာ တော့ သားကြီးကိုယ်တိုင် ...။ မျက်ရည်တွေက မျက်လုံးကမ်း ခြေတွေအထိ ဝေါခနဲ ပြေးတက်လာလေ ရဲ့။

တကယ်တော့ ရုံးကဒေါ်မြင့် မြင့်အေးနဲ့ စကားမစပ်မိခဲ့ရင် မိမိ ချိုဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ခဲ့ကြ မှာ မဟုတ်ဘူး။ မိမိချိုဆိုတဲ့ လျှာ ကိုပန်ကာလည်သလို စကားပြော ကျွမ်းကျင်တဲ့ အမျိုးသမီးနဲ့သာ မတွေ့ခဲ့ရင် အဲဒီလယ်ကွင်းပြင် ကြီးကိုလည်း ရောက်ဖြစ်ခဲ့မှာ မဟုတ်ဘူး။ အင်း ..ကိုယ်ပိုင် တိုက်ခန်းလေးနဲ့ နေချင်လှပါပြီဆို တဲ့ ကိုယ့်ဆန္ဒကိုသာ ထုတ်မပြော ဖြစ်ခဲ့ရင်လည်း ဒီလိုတွေ ဖြစ်လာ မှာ မဟုတ်ပါဘူး။

‘‘အစ်ကိုကြီးကလည်း ဒီမှာ ကြည့်လေ၊ ဟောဒီလမ်းက နောက်ခြောက်လဆို ကွန်ကရစ် လမ်းဖြစ်ပြီ။ ဟိုးမှာ စာသင် ကျောင်း၊ ဟိုးဘက်မှာ ကျန်စစ် သားလမ်းမကြီး၊ ဟိုမှာ ဆောက် နေတာတွေ့လား၊ အဲဒါ ဆေးရုံ လုပ်မှာ ..၊ .....၊ နောက်သုံးလေး လပဲ စောင့်၊ သုံးလေးဆယ် ထပ် တက်ပြီ ...၊ ......... နောက် အစိုး ရသစ်တက်တာနဲ့ ဒီနေရာတွေက ရှယ်ပဲ’’

 လယ်ကွင်းပြင်မှာ ရပ်ပြီး လက်ညှိုးညွှန်ရာ ရေဖြစ်သလိုမျိုး ပြောတတ်လိုက်တာ။

ဒီလိုနဲ့ပဲ၊ သားကြီးပို့ထားတဲ့  သိန်းတစ်ရာကျော်ကျော်လောက် နဲ့ ခြစ်ကုတ်စုထားတဲ့ လက်ဝတ် လက်စားလေးတွေ ထုခွဲပြီး တစ် နှစ်လုံးနေမှ ဆန်တစ်တင်းမရနိုင် တဲ့ လယ်ကွက်လေး ပေ ၂၀× ၆၀ ကို သိန်း ၂၀၀ နဲ့ ၀ယ်ပစ်လိုက် တယ်။ နောက်ခြောက်လနေလို့ ပြန်ရောင်းရင်  ၂၅၀ နဲ့ ၃၀၀ ကြား ပြေးမလွတ်ဘူးတဲ့။ အဲဒီအခါကျ ရင်တော့ ကိုယ်ပိုင်တိုက်ခန်းလေး လည်း ဘယ်မှာပြေးလွတ်မှာလဲ လေ။ သားကြီးကလည်း သင်္ဘော နားပြီး တက္ကစီမောင်းမယ်တဲ့။

ဒါပေမဲ့ အိပ်မက်တွေဟာ အိပ်မက်သက်သက်တွေပဲ ဖြစ်ခဲ့ တယ်။ သားကြီးပြန်လာတဲ့အထိ မြေဈေးက မလှုပ်။ အိုး.. ဒီအ တိုင်း မထားလောက်ပါဘူးဆိုပြီး ထပ်စောင့်နေရာက ဈေးကွက်က ပျက်တဲ့အဆင့် မဟုတ်ဘဲ ဈေး ကွက်မရှိတော့တဲ့ အဆင့်ကို ရောက်သွား။ ဒီလိုနဲ့ ခြစ်ကုတ်စု ထားတဲ့ ငွေစကလေးတွေဟာ မြို့ ပြင်က လယ်ကွက်ငယ်ကလေးထဲ မှာ ပျောက်ဆုံးသွားသလိုပါပဲ။ ကိုယ်ပိုင်တိုက်ခန်း အိပ်မက်က လေးလည်း ပျက်သုဉ်းခဲ့ပေါ့။

‘‘ဒီတစ်ခေါက်တော့ ပြန် ထွက်ဦးမယ်ဗျာ၊ ခြံလည်း ၀ယ်သူ ရှိရင် ရရာဈေးနဲ့သာ ပြန်ရောင်း လိုက်တော့၊ သားထပ်ပို့တဲ့ငွေနဲ့ ပေါင်းပြီး တိုက်ခန်းတစ်ခန်းတော့ ဖြစ်အောင် ၀ယ်ထားကြပါဗျာ...’’

တကယ်လည်း သားကြီး သင်္ဘောလိုက်တာ နောက်ဆုံးအ ခေါက်ဖြစ်သွားတာပဲ။ သွားလို့မှ နှစ်လမပြည့်သေးဘူး။ သတင်း ဆိုးတစ်ပုဒ်က အိမ်ကလေးထဲကို ဗုံးတစ်လုံးပစ်ချလိုက်သလို ကျ လာခဲ့တယ်။

 မနက်အစောကြီး မမျှော် လင့်ဘဲ သင်္ဘောမြုပ်သတဲ့။ ကယ် ဆယ်နိုင်တဲ့ သင်္ဘောသားအ ယောက် ၂၀၊ ပျောက်ဆုံး လေး ယောက်။ အဲဒီလေးယောက်ထဲ မှာ သားကြီးပါသွားသတဲ့လေ။

မိမိချိုဆိုတဲ့ လျှာပန်ကာမိန်း မနဲ့သာ မတွေ့ခဲ့မိရင်၊ အဲဒီမြို့ သစ်ဆိုတဲ့ လယ်ကွင်းပြင်ထဲသာ မရောက်ခဲ့ရင်၊ ကိုယ်ပိုင်တိုက်ခန်း ဆိုတဲ့ အိပ်မက်ကိုသာ မမက်ခဲ့မိ ရင် သားကြီးလည်း အဲဒီအခေါက် သင်္ဘောလိုက်ဖြစ်တော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးတစ္ဆေက ကိုယ့် ကို နေ့ရော ညဥ့်ပါ ခြောက်လှန့် နေတော့တာပဲ။

‘‘တကယ်က ငွေကြေးခ၀ါ ချတဲ့သူတွေကို ထိုးနှက်တာပဲ။ တရားမ၀င်ရထားတဲ့ ငွေမည်း တွေကို ငွေဖြူလုပ်ချင်တော့ ခြံ တွေဝယ်၊ ပြန်ရောင်းလုပ်ကြတာ ကိုးဗျ’’

‘‘...... ......... ..........’’‘‘...... ......... ..........’’
ကိုယ့်အကြောင်းသိတဲ့ မိတ် ဆွေတွေက တစ်ယောက်တစ် ပေါက် ဖြေသိမ့်ကြပါရဲ့။ ဘာတွေ ပဲပြောကြ ပြောကြပါ။ ငွေမည်း တွေ၊ ငွေဖြူတွေ၊ ငွေခ၀ါတွေအ ကြောင်း ဘာမှမသိပါဘူး။ တကယ်တော့ ‘အာဏာရှိသူ’နဲ့ ‘ငွေကြေး ရှိသူ’ ဆိုတဲ့ ကျွဲနှစ်ကောင်တိုက် ခိုက်မှုကြားမှာ မြေစာပင်လေး တွေ အချောင်သက်သက် ကြေ မွပျက်စီးရတာပါပဲ။ တိုက်ခိုက် နေကြတဲ့ ကျွဲနှစ်ကောင်ထဲမှာ ဘယ်ကျွဲနိုင်သွားမလဲလို့ စိတ်ဝင် တစား ကြည့်နေသူတွေ အများ ကြီး ရှိနေပေမယ့် ကြေမွပျက်စီး နေရတဲ့ မြေစာပင်လေးတွေကို တောင် ဘယ်သူမှ ဂရုမစိုက်ကြ ပါဘူးလေ။

No comments:

Post a Comment