Sunday, May 12, 2019

ချစ်ခြင်းမေတ္တာတရားနှင့် မဟာလူသားများ

၂၀၁၉ နှစ်ကမ္ဘာ့ကြက်ခြေနီနေ့ ၏  ဆောင်ပုဒ်မှာ ‘ချစ်ခြင်း မေတ္တာ’ (Love) ဟူ၍ဖြစ်ပါသည်။ ကြက် ခြေနီအလုပ်သည် ပရဟိတအလုပ်တစ်ခုဖြစ်သည်။ မည်သည့်အ ကျိုးတစ်စုံတစ်ရာမှ မျှော်ကိုးခြင်းမရှိဘဲ စေတနာ့ဝန်ထမ်းအကျိုး ဆောင်ကြခြင်းဖြစ်သည်။ သူဌေးသူကြွယ်၊ ဆင်းရဲသားဟူ၍လည်း ခွဲခြားဆက်ဆံခြင်းမရှိ။ လူသားနှင့်တိရစ္ဆာန်ဟူ၍ပင် ခွဲခြားမှုမရှိပေ။ အားကြီးသူကို မျက်နှာသာပေး ခြင်း၊ အားနည်းသူကို လျစ်လျူရှု ခြင်းမျိုးလည်း မရှိ။ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်အယူဝါဒ အောက်တွင်မှ ရှိမနေဘဲ လွတ်လပ်စွာ တည်ရှိနေသော အဖွဲ့အ စည်းဖြစ်သည်။
မည်မျှပင် ကြီးမား သော အမှုကိစ္စပင်ဖြစ်စေ အဖွဲ့ ဝင်အချင်းချင်း စည်းလုံးညီညွတ် စွာဖြင့် ဆောင်ရွက်ကြ၏။ ကမ္ဘာ၏ မည်သည့်နေရာကိုပင်ဖြစ်စေ အရောက်လှမ်း၍ ကူညီကယ်ဆယ် ခြင်း ပြုလုပ်ကြသည်။ ကြက်ခြေ နီအဖွဲ့ဝင်များသည် လူသားများ ပင် ဖြစ်ပြီး လူသားချင်း စာနာ ထောက်ထားသော စိတ်စေတနာ ဖြူစင်သူများဖြစ်ကြလေသည်။



ကြက်ခြေနီ၏အခြေခံမူ(၇)ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) လူသားချင်း စာနာထောက်ထားခြင်း

စစ်မြေပြင်တွင် ဒဏ်ရာရသူ များကို ခွဲခြားမှုတစ်စုံတစ်ရာမပြု လုပ်ဘဲ ကူညီရန်ဟူသော ဆန္ဒအ ရင်းခံဖြင့် ပေါ်ပေါက်လာသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီလှုပ်ရှားမှုသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို လူမှုဒုက္ခများကို တားဆီးရန်နှင့် ကြုံတွေ့ရပါကလည်း လျော့နည်း သက်သာစေရန် စွမ်းအားရှိသရွေ့ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပြီး လူသားများ၏ အသက်ရှင်ရပ် တည်မှု၊ ကျန်းမာရေးစောင့် ရှောက်မှုနှင့် လူသားအချင်းချင်း အလေးထားလေးစားရန် ဖြစ် သည်။ ဤလှုပ်ရှားမှုက လူမျိုးအ သီးသီးအကြား အပြန်အလှန်နား လည်မှု၊  ရင်းနှီးချစ်ကြည်မှု၊ ပူး ပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်း ရေးအဓွန့်ရှည်တည်တံ့မှုတို့ကို တိုးတက်ဖြစ်ထွန်းလာစေရန် မြှင့် တင်ပေးပါသည်။

(၂) ခွဲခြားမှုမရှိခြင်း

ကြက်ခြေနီသည် နိုင်ငံသား၊ လူမျိုး၊ ဘာသာရေး၊ ယုံကြည်မှု၊ လူတန်းစား၊ နိုင်ငံရေးခံယူချက် တို့နှင့်ပတ်သက်၍ ခွဲခွဲခြားခြားမပြု ပါ။

ကြက်ခြေနီသည် တစ်ဦးချင်း စီ၏လိုအပ်ချက်ကိုသာ ထည့်သွင်းစဉ်းစား၍ ယင်းတို့၏ဆင်းရဲ ဒုက္ခနည်းပါးသက်သာစေရန် ကြိုး ပမ်းဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဒုက္ခရောက် သူများအနက် အရေးကြီးဆုံးနှင့် အဆောတလျင် အကူအညီပေးရ မည့်ကိစ္စများကိုသာ ဦးစားပေး ဆောင်ရွက်သည်။

(၃) ကြားနေခြင်း

လူတိုင်း၏စိတ်ချယုံကြည်မှု ကို အမြဲတစေရရှိရန်အလို့ငှာ ကြက်ခြေနီလှုပ်ရှားမှုသည် စစ်ပွဲ များ၌ လည်းကောင်း၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး(သို့မ ဟုတ်) ဝါဒရေးရာ အငြင်းပွားမှု များ၌လည်းကောင်း ဘက်လိုက်မှု မရှိဘဲ ကြားနေသည်။

(၄) လွတ်လပ်ခြင်း

ကြက်ခြေနီလှုပ်ရှားမှုသည် လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်သည်။ အမျိုးသား ကြက်ခြေနီအသင်းများသည် သက်ဆိုင်ရာ အစိုးရများ၏လူ သားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများတွင် အရန် အင်အားသဖွယ် ပါဝင်ကူညီ ဆောင်ရွက်ပြီး သက်ဆိုင်ရာ နိုင်ငံ များ၏ဥပဒေများကို လေးစား လိုက်နာရမည်။ သို့သော် ကြက် ခြေနီလှုပ်ရှားမှု၏ အခြေခံမူများ နှင့်အညီ အချိန်တိုင်း ဆောင်ရွက် နိုင်ရန်အတွက် အမျိုးသားကြက် ခြေနီအသင်းများသည် မိမိတို့၏ လွတ်လပ်မှုကို အမြဲတမ်းထိန်း သိမ်းထားသည်။

(၅) စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း

အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုသည် လုပ်ငန်းဆောင်ရွက်မှုအတွက် အကျိုးအမြတ်ရရှိရေး ဆန္ဒအလျဉ်း မရှိသော စေတနာ့ဝန်ထမ်းကယ် ဆယ်ရေးလှုပ်ရှားမှုဖြစ်သည်။

(၆) စည်းလုံးညီညွတ်ခြင်း

နိုင်ငံတစ်နိုင်ငံတွင် ကြက် ခြေနီ (သို့မဟုတ်) လခြမ်းနီ အ သင်းတစ်သင်းသာ ရှိရမည်။ ကြက်ခြေနီအသင်းတွင် လူတိုင်း ပါဝင်ခွင့်ရှိစေရမည်။ ကြက်ခြေနီ အသင်းသည် နိုင်ငံ၏အချုပ်အခြာ နယ်မြေအတွင်း လူမှုကရုဏာ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်။

ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်း

အဆင့်အတန်းတူညီပြီး တာ  ဝန်များ ညီတူညီမျှ ခွဲဝေယူထား ကာ တစ်သင်းနှင့်တစ်သင်း ကူညီ ပံ့ပိုးမှုပေးသည့် အမျိုးသားကြက် ခြေနီနှင့် လခြမ်းနီအသင်းများ အားလုံးပါဝင်သော အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းပျံ့ နှံ့တည်ရှိသည်။

၁၈၅၉ ခုနှစ် ဇွန်လ ၂၄ ရက် နေ့တွင် အီတလီပြည်မြောက်ပိုင်း  ဆိုလ်ဖာရီနိုဒေသရှိ လွမ်ဘာဒီမြို့ ကလေး၌ ကမ္ဘာ့သမိုင်းတစ် လျှောက် သွေးထွက်သံယိုမှု အ များဆုံး တိုက်ပွဲကြီးတစ်ပွဲဖြစ်ပွား လေသည်။ သြစတြီးယားနှင့် အီ တလီ၊ ပြင်သစ် မဟာမိတ်တပ် များက အပြင်းအထန် ထိုးနှက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။ နောက်ဆုံး သြစတြီးယားတို့ တပ် ပျက်ထွက်ပြေးကြတော့မှပင် ထို စစ်ပွဲမှာ ပြီးဆုံးခဲ့ပြီး စစ်မြေပြင်၌ ဒဏ်ရာရသူ၊ သေဆုံးသူ စုစုပေါင်းလေးသောင်းကျော်မျှ ရှိလေ သည်။

အမြောက်သံ၊ စိန်ပြောင်းသံ တို့ တိတ်ဆိတ်သွားပြီး ညည်းသံ ညူသံ၊ အော်ဟစ်သံများ ဟိုမှ၊ သည်မှ ထွက်ပေါ်လျက်ရှိသည့် အနိဋ္ဌာရုံရှုခင်းထဲသို့ မည်သို့မျှ ဆက်စပ်မှုမရှိသည့် အရာတစ်ခု ရောက်ရှိလာသည်။ စိတ်အေး လက်အေးမောင်းနှင်လာသည့် ကိုယ်ပိုင်မြင်းရထားလှလှကလေး တစ်စီးပေါ်တွင် အလွန်သန့်ရှင်း သပ်ရပ်လှသည့် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် အသက်(၃၀)ခန့်ရှိ လူရွယ်တစ် ယောက် လိုက်ပါလာခြင်းဖြစ် သည်။

သူ၏အမည်မှာ ဟင်နရီဒူး နန့်ဖြစ်၏။ သူသည် သာမန်စီးပွား ရေးသမားတစ်ဦးသာဖြစ်သည်။ ထိုနေရာသို့ သူရောက်ရှိလာခြင်း မှာ ပြင်သစ်၏ကိုလိုနီနယ်မြေ တစ်ခုဖြစ်သော အယ်လ်ဂျီးရီးယားပြည်တွင်းစီးပွားရေးလုပ်ငန်း ကြီးတစ်ရပ် (ဂျုံစိုက်ခင်း)စတင်ဖို့ နပိုလီယန်ဧကရာဇ်ကိုယ်တိုင်ထံ သို့ တင်ပြတောင်းခံရန် စစ်နယ်မြေရောက် ဧကရာဇ်ထံ လိုက်လာခဲ့ ခြင်းဖြစ်သည်။ သို့သော် သူ့လာ ရင်း ရည်ရွယ်ချက်မအောင်မြင်ခဲ့။ ထိုနေ့က ဧကရာဇ်နှင့်မတွေ့ခဲ့ရ။

ဒဏ်ရာကိုယ်စီ၊ ဝေဒနာ ကိုယ်စီဖြင့် ညည်းညူမြည်တမ်း နေကြသည့် အားကိုးရာမဲ့နေရှာ သော နှစ်ဖက်စစ်သည်ဒုက္ခသည် တို့အဖြစ်ကို ထိတ်လန့်တုန်လှုပ် ခြင်း၊ ကရုဏာသက်ခြင်းပြင်းစွာ ဖြင့် ရှုမြင်ရပြီးသည့်နောက် ထို နေရာမှ သူရှောင်ခွာထွက်သွားနိုင် စွမ်းမရှိတော့ပေ။ လွမ်ဘာဒီဒေသ ဆိုလ်ဖာရီနိုတိုက်ပွဲ၏ အနိဋ္ဌာရုံ မြင်ကွင်းများသည် ဟင်နရီဒူးနန့် အား စည်းစိမ်ကြီးမားသော မြို့နေ လူကုံထံတစ်ဦးဘဝမှ အများအ ကျိုးအတွက် အနစ်နာခံ ပင်ပန်း ဆင်းရဲခံသည့် လူသားအကျိုး ဆောင်စေတနာရှင်လူထူးတစ်ဦး ၏ဘဝသို့ ပြောင်းလဲပစ်လိုက် သည်။ သူ၏ဘဝကို ရင်းနှီးပေး ဆပ်၍ ယနေ့ ကမ္ဘာ့လူသားထုတို့ ပို၍ ပို၍ အားကိုးအားထားပြုလာ ရသည့် ‘ကြက်ခြေနီ’ ဟူသည့် လူမှုကရုဏာအဖွဲ့ကြီးပေါ်ပေါက်လာ ရန် မျိုးစေ့ချခဲ့လေ၏။

သူသည် ဆိုလ်ဖာရီနိုရွာရှိ ရွာ သူရွာသားများနှင့် ကတ်စတီဂလီ ရုံရွာကလေးရှိ ရွာသူရွာသားများ ကို စည်းရုံးပြီး စေတနာ့လုပ်အား ရှင်ပေါင်း ၃၀၀ ကျော်ဖြင့် စစ်မြေ ပြင်တွင် ဒဏ်ရာရစစ်သည်များ အား ပြုစုရန် အဖွဲ့ငယ်လေးများ ခွဲ၍ နေရာအနှံ့အပြားသို့ စေလွှတ် ကာ လိုအပ်သည်များကို တတ်နိုင် စွမ်းသရွေ့ စီမံဆောင်ရွက်သည်။ ဟင်နရီဒူးနန့်နှင့် သူ၏အဖွဲ့သား များသည် နှစ်ဖက်စစ်သည်များကို ညီရင်းအစ်ကိုပမာ စိတ်ဓာတ်ဖြင့် ခံယူကာ စေတနာစိတ်၊ ကရုဏာ စိတ်၊ ပရဟိတစိတ်အပြည့်ဖြင့် မနားမနေ ဆောင်ရွက်ခဲ့ကြပေ သည်။

စစ်ပွဲဒေသက ပြန်လာပြီး သူ၏ဇာတိမြို့ ဂျီနီဗာမြို့သို့ ပြန် ရောက်သော် ပင်ပန်းခဲ့သည့်ဒဏ် ဖြင့် အပြင်းဖျားသည်။ နေပြန် ကောင်းပြီးသည့်အခါတွင်လည်း သူ၏စိတ်သည် ဆိုလ်ဖာရီနိုစစ် မြေပြင်သို့သာ ရောက်နေသည်။

သူ၏စီးပွားရေးလုပ်ငန်းများ တွင် မကြီးကြပ်မထိန်းသိမ်းနိုင် တော့။ ထိုအခါ သူ့စီးပွားရေးအ ခြေအနေ ယိမ်းယိုင်လာသည်။ သူ၏အစုရှယ်ယာဝင်တို့ မကျေ မနပ်ဖြစ်လာကြသည်။ သို့သော် ထိုကိစ္စကို ဖြေရှင်းကိုင်တွယ်ရန် သူမကြိုးစားခဲ့ပေ။ သူလုပ်ခဲ့သည် မှာ သူ့နှလုံးသားထဲတွင် စွဲမြဲဖိစီး နေသည့် အကျိတ်အခဲကြီးကို စာရွက်များပေါ်တွင် စကားလုံး များအဖြစ် ရေးချအသက်သွင်း၍ ၁၈၆၂ ခုနှစ်တွင် ‘ဆိုလ်ဖာရီနို အောက်မေ့ဖွယ်’ စာအုပ်ကို ရေး သားပြုစုပြီး အုပ်ရေ ၁,၀၀၀ ခန့် ရိုက်နှိပ်ကာ လူမှုရေး၊ နိုင်ငံရေး နယ်ပယ်တို့တွင် သြဇာလွှမ်းမိုးမှု ရှိသော သူ့အသိမိတ်ဆွေများထံ သို့ ဖြန့်ချိပေးပို့ခဲ့သည်။

ထိုစာအုပ်သည် စာဖတ်သူ တို့အကြား အကြီးအကျယ် အုတ် အော်သောင်တင်းဖြစ်ကာ စာအုပ် ကို အကြိမ်ကြိမ်ရိုက်နှိပ်၍ အကြိမ် ကြိမ်ဖြန့်ချိခဲ့ရသည်။ ထိုစာအုပ်ထဲတွင် ဟင်နရီဒူးနန့်က (၁) နိုင်ငံ တိုင်းတွင် ကြားနေပြီး ဘက်မလိုက်သော ကယ်ဆယ်ရေးအဖွဲ့ များ ဖွဲ့စည်းရန်၊ (၂) နိုင်ငံတကာ က အသိအမှတ်ပြု လေးစားလိုက် နာနိုင်သည့် ဥပဒေတစ်ရပ်ရေးဆွဲ ရန်ဆိုသည့် အချက်နှစ်ချက်ကို သူ၏စစ်ပွဲမျက်မြင်အတွေ့အကြုံ များဖြင့် ထည့်သွင်းရေးသားခဲ့ သည်။

ဤသို့ဖြင့် ဂျီနီဗာရှိ ဒူးနန့်၏ မိတ်ဆွေလေးယောက်ဖြင့် ၁၈၆၃ ခုနှစ်တွင် ငါးဦးကော်မတီကို ဖွဲ့ စည်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ‘ICRC’ ဖြစ် လာမည့် သန္ဓေလောင်းပင်ဖြစ်၏။ ငါးဦးကော်မတီအဖြစ် ဖွဲ့စည်းပြီး နောက် အပြည်ပြည်ဆိုင်ရာ ညီ လာခံတစ်ရပ် ကျင်းပနိုင်ရေးအ တွက် ကမကထပြုဆောင်ရွက်ကြ လေသည်။ သူ၏ထက်သန်သော ဆောင်ရွက်မှုကြောင့် အမေရိကန် သမ္မတ အေဗရာဟင်လင်ကွန်း၊ ပြင်သစ်ဧကရာဇ် နပိုလီယန် (တတိယ) စသည်တို့အပါအဝင် အရေးပါသော ပုဂ္ဂိုလ်များစွာတို့ ထံမှ စိတ်ဝင်စားတုံ့ပြန်မှုများရရှိခဲ့ သည်။

၁၈၆၃ အောက်တိုဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ နိုင်ငံပေါင်း၁၄ နိုင်ငံပါဝင်သော ဂျီနီဗာ၌ ပထမဦးဆုံးညီလာခံကို ကျင်းပခဲ့ သည်။ ၎င်းညီလာခံတွင် သဘာ ပတိအဖြစ် မွိုင်နီယာက ဆောင် ရွက်၍ ဒူးနန့်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။ သို့သော်လေးရက်တာ ထိုညီလာခံတွင် ဒူးနန့်စကားမပြောခဲ့ရပေ။ လုပ် ငန်းအားလုံးကို ထူးချွန်သော ရှေ့ နေလည်းဖြစ်၊ အဖွဲ့အစည်းလုပ် ငန်းတွင် အတွေ့အကြုံရှိသူလည်းဖြစ်သည့် မွိုင်နီယာကသာ ကြီးစိုး ထားခဲ့သည်။ ဤသို့ဖြင့် ၁၈၆၄ ခုနှစ်တွင် ဂျီနီဗာပထမသဘောတူ ညီချက်ဖြစ်သည့် စစ်ပွဲ၌ ဆက် လက်ပါဝင်တိုက်ခိုက်နိုင်ခြင်းမရှိ တော့သည့် စစ်သည်များ၊ နာမ ကျန်းစစ်သည်များကို ကာကွယ် စောင့်ရှောက်ရန်ဟူသည့် သဘောတူညီချက်ကို ရေးဆွဲနိုင်ခဲ့သည်။

၁၈၆၄ တွင် ဒိန်းမတ်နှင့် ပရပ်ရှားတို့ စစ်ဖြစ်ပွားသည့်အခါ ဂျီနီဗာကွန်ဗင်းရှင်းအဖွဲ့သည် ပထမဆုံးအကြိမ် လက်တွေ့ကွင်း ဆင်းဆောင်ရွက်ခွင့်ရခဲ့သည်။ စစ်ပွဲတွင် ဒဏ်ရာရသူများအပေါ် စစ် တိုက်သူနှစ်ဦးနှစ်ဖက်တို့က ဂျီနီဗာသဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ စိစစ်လေ့လာရန်နှင့် လူနာများ အား ပြုစုစောင့်ရှောက်ရန် စစ်မြေ ပြင်သို့ ဆင်းခဲ့သည့် ထိုအဖွဲ့ကို ဆရာဝန်ဒေါက်တာအက်ပီယာ က ဦးဆောင်ခဲ့သည်။ စစ်မြေပြင် ၌ စည်းစနစ်တကျ တက်တက်ကြွ ကြွ မိမိလုပ်ငန်းများကို ဆောင် ရွက်ခဲ့သည့် အက်ပီယာသည် လုပ်ကိုင်နေစဉ်တစ်လျှောက်လုံး အဖြူရောင်အောက်ခံပေါ်၌ အနီရောင် ကြက်ခြေတစ်ခုပါသည့် (ကြက် ခြေနီ) လက်ပတ်တစ်ခုကို ပတ် ထားခဲ့သည်။

ဆွစ်အလံကို အရောင်နှစ် ရောင် ပြောင်းပြန်လှန်ထားသည့် သဘောဖြစ်သည့် ဒေါက်တာ အက်ပီယာ၏လက်ပတ်ပါ ကြက် ခြေနီအမှတ်အသားသည် ၁၈၆၄ ခုနှစ်တွင် ဂျီနီဗာကွန်ဗင်းရှင်း၏ အမှတ်အသားတစ်ခုအဖြစ်  တွင် သွားခဲ့သလို အက်ပီယာ၏ လက်ပတ်ကိုလည်း သမိုင်းဝင်ပစ္စည်း အဖြစ် ယနေ့တိုင် အမှတ်တရ သိမ်းဆည်းထားခဲ့သည်။

ထိုအချိန်၌ သည်ကိစ္စ၊ သည်လုပ်ငန်းကြီးကို စတင်စည်းရုံး လှုံ့ ဆော်ခဲ့သူ ဟင်နရီဒူးနန့်မှာ စီးပွားရေးလုပ်ငန်းများ ချွတ်ခြုံကျ၍ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ ဖယ်ကြဉ်ခံခဲ့ရသည့် လူတစ် ယောက်အဖြစ်သို့ ရောက်ရှိနေခဲ့ရ သည်။

 စိတ်ဓာတ်ရေးရော စီးပွား ရေးပါ ယိမ်းယိုင်ပျက်ယွင်းလာ သည့်လူတစ်ယောက်ကို ဂျီနီဗာရှိ အဖွဲ့ကြီးကလည်း မသိမသာ ဘေး ဖယ်ထားခဲ့ပြီး လူမှုအသိုက်အဝန်း မှ တဖြည်းဖြည်း မှေးမှိန်ပျောက် ကွယ်သွားလေတော့သည်။

မူလအသိုက်အဝန်းမှ လုံးဝ ပျောက်ကွယ်သွားပြီး ၁၅ နှစ်ခန့် အကြာတွင် ဟင်နရီဒူးနန့်ကို ဆွစ် ဇာလန်နိုင်ငံ အဲ့လ်(ပ)တောင်တန်းတစ်နေရာရှိ ဟေဒင်အမည်ရှိ ရွာလေးတွင် ဟေဒင်ရွာမှ ကျောင်းဆရာလေး ဗိလင်ဆွန်ဒါရက်ဂါဆိုသူက ဒူးနန့်သည် ကြက်ခြေနီအသင်းကြီး၏ အစပြုခဲ့သူဖြစ်ကြောင်း တွေ့ရှိသိရှိခဲ့ပြီး တိမ်မြုပ်ပျောက်ကွယ်နေသော ဟင်နရီဒူးနန့်သည် မိမိတို့ရွာတွင် ရောက်ရှိနေသည်ဆိုသည့် အ ကြောင်း ညီလာခံသို့ စာတစ်စောင် ရေးပို့လိုက်သည်။ ဟေဒင်ရွာမှ ကျောင်းဆရာလေး၏ စာသည် ရောမမြို့ ကြက်ခြေနီညီလာခံ၌ အတော်ပင် လှုပ်လှုပ်ရှားရှားဖြစ် သွားစေခဲ့ကာ ကြက်ခြေနီအဖွဲ့ ကြီး၏ထိပ်သီးပိုင်း လူကြီးများက အဖွဲ့ကြီး စတင်တည်ထောင်ဖြစ် အောင် ကြိုးပမ်းခဲ့သူအား ထိုက်ထိုက်တန်တန် ပြန်လည်ချီးမြှင့် ဂုဏ်ပြုရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လာကြသည်။ တချို့လည်း သူနှင့်တွေ့ဆုံရန် ဟေဒင်ရွာအထိ လိုက်လာကြသည်။ သို့သော် သူ့စိတ်ဓာတ်များသည် အတော်ပင်ပျက်စီးကျရှုံးခဲ့ချေပြီ။ ချီးကျူးဂုဏ်ပြုမှုများအား သူမှန်မှန်ကန်ကန် ခံယူတုံ့ပြန်နိုင်စွမ်းမရှိတော့။ ဤသို့ဖြင့် ကြက်ခြေနီဖခင်ကြီး ဟင်နရီဒူးနန့်သည် ၁၉၁၀ အောက်တိုဘာလ ၃၀ ရက်တွင် ဟေဒင်ရှိ ပြည်သူ့ဆေးရုံလေးတွင် ကွယ်လွန်ခဲ့ရှာသည်။ ဇူးရစ်မြို့တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

ယခုအခါ ကြက်ခြေနီအဖွဲ့ သည် ကမ္ဘာပေါ်၌ လူသားတို့အား ဘေးဒုက္ခအမျိုးမျိုးမှ ကယ်ဆယ် ရာ၊ ကာကွယ်စောင့်ရှောက်ရာ လူသားချင်း စာနာထောက်ထား သည့် အဖွဲ့အစည်းအဖြစ် ခိုင်ခံ့ ကြီးမားစွာ ရပ်တည်လျက်ရှိပေ သည်။ ၂၀၁၉ ခုနှစ် မေလ ၈ ရက် နေ့သည် ဟင်နရီဒူးနန့်၏ (၁၉၁)နှစ်မြောက် မွေးနေ့ဖြစ်ပါသည်။ ထို့ အတူ (၇၁)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့လည်းဖြစ်သည်။

သဘာဝဘေးဒုက္ခဆိုးများ ကြုံတွေ့လာရသည့်အခါ ကြက် ခြေနီအဖွဲ့ဝင် စေတနာရှင်များ သည် မဆိုင်းမတွန့် ရောက်ရှိလာ ကြ၏။ သွားလာရန် မည်မျှပင် ခက်ခဲသော ဒေသဖြစ်စေ နောက်တွန့်ခြင်းမရှိကြ။ ၎င်းတို့၏အသက်ကိုပင် ပဓာနမထားဘဲ စွန့်စွန့်စားစား ကူညီကြ၏။ ၎င်းတို့သည် အတိဒုက္ခရောက်နေသူများအတွက် နတ်ဘုရားများဖြစ်၏။ မဟာလူသားများဟူ၍ပင် ဆိုနိုင်ပါသည်။ ချစ်ခြင်းမေတ္တာတရားနှင့် မဟာလူသားများအား ဤဆောင်းပါးငယ်ဖြင့် ဂုဏ်ပြုရေးသားလိုက်ရ ပါသည်။

No comments:

Post a Comment