Sunday, May 12, 2019

စိုက်ပျိုးမွေးမြူရေး ၄.၀(၃)

ကမ္ဘာ့လူဦးရေတိုးတက်လာ ခြင်းနှင့် စားနပ်ရိက္ခာလိုအပ်ချက် မြင့်မားလာခြင်းတို့ကြောင့် စိုက် ပျိုးမွေးမြူရေး ၄.၀ ၏ နည်းပညာ များ၊ စနစ်များအား ပြောင်းလဲအ သုံးချရန် လိုအပ်လာကြောင်းကို ဧပြီလ၂၉ ရက်ထုတ် 7Day Daily သတင်းစာတွင် ‘စိုက်ပျိုးမွေးမြူ ရေး ၄.၀’ ဆောင်းပါးအမှတ်(၂) အဖြစ် တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါ သည်။ ယခုဆောင်းပါးတွင်မူ စိုက်ပျိုးမွေးမြူရေး ၄.၀ နည်း ပညာများကို အသုံးပြုရန်လိုအပ်ရ ခြင်းအကြောင်းရင်း နောက် ထပ်တစ်ခုကို အသေးစိတ်ဆွေး နွေးတင်ပြလိုပါသည်။
ယင်းမှာ ယနေ့ကမ္ဘာကြီး၏ သဘာဝအရင်း အမြစ် (Natural Resources) များသည် စိုက်ပျိုးမွေးမြူရေး ကြောင့် များစွာယိုယွင်းလာနေ သည်ဆိုသည့်အချက်  ဖြစ်ပါ သည်။ သဘာဝအရင်းအမြစ်များ ပျက်စီးခြင်းအား ကာကွယ်ရန်၊ ပျက်စီးယိုယွင်းသွားသော သဘာ ၀အရင်းအမြစ်များအား ပြန်လည် ပြုပြင်တည်ဆောက်ရန်အတွက် စိုက်ပျိုးမွေးမြူရေး ၄.၀ က မဖြစ် မနေလိုအပ်လာမည်ဖြစ်ပါသည်။
စိုက်ပျိုးမွေးမြူရေးမြေ

ကမ္ဘာ့ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) ၏စာရင်းဇယားများအရ ကမ္ဘာ မြေမျက်နှာပြင် စုစုပေါင်း၏၃၈.၄ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူ ရေးမြေ (Agriculture Land)ဖြစ် ပါသည်။ သည်နေရာတွင် ‘Agriculture Land’ အား ‘စိုက်ပျိုး မွေးမြူရေးမြေ’ဟု ဘာသာပြန်ဆို ထားသည်ကို အထူးသတိပြုသင့် ပါသည်။ Agriculture Land တွင် သီးနှံစိုက်ပျိုးရေးလုပ်ဆောင် သည့်မြေများအပြင် မွေးမြူရေး လုပ်ဆောင်ရန် မွေးမြူရေးခြံမြေ၊ စားကျက်မြေများပါ ပါဝင်နေ သည်ကို သတိပြုရမည်ဖြစ်ပါ သည်။ FAO ၏ ၂၀၁၁ စာရင်းများ အရ တစ်ကမ္ဘာလုံးစိုက်ပျိုးမြေစုစု ပေါင်း ၄၉,၁၁၆,၂၂၇ စတုရန်း ကီလိုမီတာ (၁၈,၉၆၃,၈၈၁ စတု ရန်းမိုင်)ရှိသည်ဟုဆိုပါသည်။ ယင်းအနက် ၂၈ဒသမ၄ ရာခိုင်နှုန်းဖြစ်သော ၁၃,၉၆၃,၇၄၃ စတုရန်း မီတာ (၅,၃၉၁,၄၃၁ စတုရန်း မိုင်)သည် ရာသီသီးနှံများအဖြစ် ထွန်ယက်စိုက်ပျိုးရသည့်မြေ (Arable Land)များဖြစ်ပါသည်။ ကမ္ဘာ့မြေမျက်နှာပြင်စုစုပေါင်း ၁၀ဒသမ၉ ရာခိုင်နှုန်းဖြစ်ပါသည်။ သရက်၊ ထောပတ်၊ လိမ္မော်အစရှိ သည့်နှစ်ရှည်သီးနှံများ (Permanent Crop)များ စိုက်ပျိုးထား သည့် စိုက်ပျိုးမြေအကျယ်အ၀န်း မှာ ၁,၅၃၇,၃၃၈ စတုရန်းကီလို မီတာ (၅၉၃,၅၇၀ စတုရန်းမိုင်) ရှိပါသည်။ ကမ္ဘာ့စိုက်ပျိုးမြေစုစု ပေါင်း၏ ၃ဒသမ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ မြေမျက်နှာပြင်ဧရိယာ စုစုပေါင်း၏ ၁ဒသမ၂ ရာခိုင်နှုန်းသာရှိပါသည်။ တိရစ္ဆာန်မွေးမြူရေး အတွက် စားကျက်မြေ (Permanent Pasture)အဖြစ် သတ်မှတ် ထားသည့် မြေဧရိယာ စုစုပေါင်း ၃၃,၅၈၅,၆၇၆ စတုရန်းကီလို မီတာ (၁၂,၉၆၇,၅၀၂ စတုရန်း မိုင်)ရှိပါသည်။ ယင်းအကျယ်အ ၀န်းမှာ တစ်ကမ္ဘာလုံးစိုက်ပျိုးရေး မြေဧရိယာစုစုပေါင်း၏ ၆၈ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ကမ္ဘာ့မြေမျက်နှာ ပြင်ဧရိယာစုစုပေါင်း၏ ၂၆ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပါသည်။

မြေဆီလွှာပျက်ယွင်းမှု

မြေသည် စိုက်ပျိုးမွေးမြူရေး ၏ အခြေခံအကျဆုံးသောသဘာ ၀အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ လေ့လာမှုများအရ လက်ရှိအသုံး ပြုနေသော စိုက်ပျိုးမွေးမြူရေးမြေ ၏ ၂၅ ရာခိုင်နှုန်းတွင် မြေဆီလွှာ ပျက်ယွင်းမှု (Soil Degradation) ဆိုးဆိုးရွားရွားဖြစ်ပေါ်နေသည် ဟုဆိုသည်။ ၄၄ ရာခိုင်နှုန်းတွင်မူ မြေဆီလွှာပျက်ယွင်းမှု အလယ် အလတ်အဆင့် (သို့မဟုတ်) အ နည်းငယ်ရှိနေသည်ဟု ဆိုသည်။

စိုက်ပျိုးမွေးမြူရေးသည် မြေဆီလွှာပျက်ယွင်းမှုအတွက် အဓိကအကျဆုံးလက်သည် တရားခံပင်ဖြစ်ပါသည်။ စိုက်ပျိုး မြေတစ်ခုပေါ်တွင် သီးနှံတစ်မျိုး တည်းကို ထပ်ကာထပ်ကာစိုက် ပျိုးခြင်း၊ အလွန်အကျွံထွန်ယက် ခြင်း၊ သီးလှည့်စိုက်ပျိုးရာတွင် သီးနှံအရွေးမှားခြင်း၊ စားကျက်များတွင် တိရစ္ဆာန်အကောင်ရေများလွန်း နေခြင်းစသည်တို့က မြေဆီလွှာ ပျက်ယွင်းမှုကို ဖြစ်ပေါ်စေပါ သည်။ နောက်တစ်ချက်မှာ မြေ ဆီလွှာအာဟာရဓာတ်များအား မှန်ကန်စွာ အသုံးမပြုနိုင်ခြင်းဖြစ် သည်။ မြေတစ်ဧကပေါ်တွင် သီး နှံတစ်မျိုးကို တစ်ရာသီစိုက်ပျိုး လိုက်ပါက မည်သည့်အာဟာရ ဓာတ်မည်မျှဆုံးရှုံးသွားသဖြင့် မည်သည့်မြေဩဇာမျိုးကို မည်မျှ ပြန်လည်ဖြည့်သွင်းပေးရမည်ကို မတွက်ချက်ဘဲ မြေဩဇာများအား စိတ်ထဲရှိသလို သုံးစွဲခြင်းက မြေ ဆီလွှာပျက်ယွင်းရန်   အလွန် အရေးပါသည့်  အကြောင်းရင်း တစ်ခုဖြစ်သည်။ ဓာတုဓာတ် မြေဩဇာများအား အလွန်အကျွံ သုံးစွဲခြင်းက မြေဆီလွှာကိုပျက်စီး စေသလို မြေဆီလွှာထဲသို့ မြေဩ ဇာများ လုံလောက်အောင် ပြန် လည်ဖြည့်သွင်းခြင်းမပြုခြင်းက လည်း မြေဆီလွှာကို ပျက်စီးစေ သည်။

မြေဆီလွှာပျက်စီးလာခြင်း က စိုက်ပျိုးမွေးမြူရေးကဏ္ဍအ တွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ် ပါသည်။ ထို့ကြောင့် မြေဆီလွှာ ပျက်ယွင်းမှုကို လျှော့ချပေးနိုင် မည့်နည်းပညာများမှာ စိုက်ပျိုး မွေးမြူရေး ၄.၀ အဖြစ် အများအ ပြားပေါ်ပေါက်လာနေပါသည်။ Precision Technology ခေါ် အ ပင်တစ်ပင်ချင်းစီ၏ လိုအပ်ချက် ကို တိတိကျကျတွက်ချက်ကာ အာဟာရဓာတ်များ ဖြည့်ဆည်း ပေးသည့်နည်းလမ်းမှာ မြေဆီ လွှာအား ဒဏ်ဖြစ်စေသည့်ဓာတ် မြေဩဇာအလွန်အကျွံသုံးစွဲခြင်း၊ မြေဩဇာ မလုံလောက်ခြင်း စသည့်ပြဿနာများကို အလွယ် တကူ ဖြေရှင်းပေးမည်ဖြစ်ပါ သည်။

ထို့အပြင် မြေရှားပါးလာ သည့်ခေတ်တွင် မြေမဲ့စိုက်ပျိုး သည့်နည်းပညာများမှာလည်း စိုက်ပျိုးမွေးမြူရေး ၄.၀ ၏အစိတ် အပိုင်းအဖြစ် ပါဝင်လာနေပါသေး သည်။ ဥပမာအားဖြင့် Vertical Farming နည်းပညာဖြစ်ပါသည်။ ဂိုဒေါင်ထဲတွင် ပစ္စည်းများအား စင်များပေါ်တွင် အထပ်ထပ်တင် ၍ သိုလှောင်ထားသကဲ့သို့ပင် အ ပင်များအား အထပ်ထပ်စိုက်ပျိုး သည့်စနစ်ဖြစ်သည်။ မြေဧရိယာ ကျဉ်းကျဉ်းတွင် အပင်များကို အဆပေါင်းများစွာ တိုးချဲ့စိုက်ပျိုး နိုင်သည့်နည်းပညာပင် ဖြစ်ပါ သည်။

သစ်တောများ လျော့ပါးလာခြင်း

သစ်တောများလျော့ပါးလာ ခြင်း (Deforestation)မှာ စိုက် ပျိုးမွေးမြူရေးအတွက် ပြဿနာ မြောက်မြားစွာ ဖြစ်ပေါ်စေပါ သည်။ သစ်တောလျော့ပါးလာရ ခြင်း၏ အဓိကအကြောင်းရင်းမှာ လည်း စိုက်ပျိုးမွေးမြူရေးပင်ဖြစ် နေပြန်ပါသည်။ တောများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုး ရေးကို တိုးချဲ့လုပ်ကိုင်လာခြင်း ဖြင့် သစ်တောများလျော့ပါးလာ သည်။ တစ်ကမ္ဘာလုံးအတိုင်းအ တာအရ သစ်တောလျော့ပါးမှု၏ ၈၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးမွေးမြူ ရေးကြောင့်ဖြစ်သည်ဟုဆိုသည်။ (ဤနေရာတွင် သတိပြုရမည့်အ ချက်မှာ သစ်တောများပျက်သုဉ်း လာမှုအပေါ် စိုက်ပျိုးမွေးမြူရေး ကို အပြစ်ပုံချရန်သင့်လျော်ခြင်း မရှိဆိုသည့်အချက်ဖြစ်သည်။ စိုက်ပျိုးမွေးမြူသူများသည် ယင်း တို့၏ စီးပွားရေးအကျိုးတစ်ခု တည်းအတွက် သစ်တောများခုတ် ထွင်ရှင်းလင်းကာ စိုက်ပျိုးမွေးမြူ ရေးမြေများကို ချဲ့ထွင်ခြင်းမဟုတ် ပါ။ တိုးတက်လာသောလူဦးရေ အတွက် လိုအပ်သည့်အစာအာ ဟာရများထုတ်လုပ်ရန် လိုအပ် လာခြင်း၊ လူတစ်ဦးချင်း၏ အာ ဟာရစားသောက်နှုန်းတိုးမြင့်လာ ခြင်း၊ တိုးတက်လာသော လူဦးရေ ကြောင့် မြို့ပြကျေးရွာများ ပိုမို ပေါ်ထွန်းလာသဖြင့် စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများက နေရာဖယ် ရှားပေးရပြီး နေရာသစ်များရှာဖွေ ရခြင်းစသည့်အချက်များကြောင့် သာ စိုက်ပျိုးမွေးမြူရေးနှင့်သစ် တောပြုန်းတီးမှု ဆက်စပ်ပတ် သက်လာရခြင်းဖြစ်ပါသည်။)

သစ်တောများလျော့ပါးလာ သဖြင့် မြေဆီလွှာပျက်ယွင်းမှုကို ပိုမိုဖြစ်ပေါ်စေသည်။ သစ်တော၊ သစ်ပင်များမရှိခြင်းကြောင့် မိုး ရွာသွန်းသည့်အခါ မြေဆီလွှာပေါ် တွင် ရေတိုက်စားမှုပိုမိုများပြား လာသည်။ မြေဆီလွှာများမှာ ရေ စီးနှင့်အတူ မျောပါကာ လေလွင့် ဆုံးရှုံးရသည်။

သစ်တောများ ပြုန်းတီးလာ ခြင်း၏ နောက်ထပ်ပြဿနာတစ် ရပ်မှာ ရေရှားပါးမှုဖြစ်သည်။

ရေရှားပါးမှုပြဿနာ

မြေကဲ့သို့ပင် အရေးကြီးလှ သည့် အခြားသောသဘာဝအရင်း အမြစ်တစ်ခုဖြစ်သည့် ရေအ တွက်လည်း စိုးရိမ်ပူပန်စရာရှိနေ ပါသည်။ ကမ္ဘာ့ကျေးလက်နေလူ ဦးရေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း မှာ ရေရှားပါးမှုဒဏ်ကိုခံစားနေ ကြရပါသည်။ စိုက်ပျိုးမွေးမြူရေး ဆိုသည်မှာ ရေမရှိဘဲဆောင်ရွက် ၍ မရနိုင်ပါ။ ကမ္ဘာမြေပေါ်တွင် ရေရှားပါးလာသည်နှင့်တစ်ပြိုင် နက်တည်းတွင် ရေအသုံးပြုမှုများ သည့် စိုက်ပျိုးမွေးမြူရေးကို တိုး ချဲ့လုပ်ကိုင်ရန် လိုအပ်လာနေ သည်။ ရေကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးပြုနိုင်ရန်အ တွက် ရေသွင်းစိုက်ပျိုးခြင်း (Irrigation)စနစ်ကို တီထွင်ကြံဆခဲ့ ကြသည်။ လက်ရှိအချိန်မှ ၂၀၅၀ ခုနှစ်အထိ ကာလအတွင်း ရေ သွင်းစိုက်ပျိုးရေးအတွက် ဖွံ့ဖြိုး ဆဲနိုင်ငံများ၌ပင် အမေရိကန်ဒေါ် လာတစ်ထရီလီယံသုံးစွဲရမည်ဟု လေ့လာဆန်းစစ်သူများက ဆို သည်။

ယင်းကြောင့်ပင် ရေချွေတာ ရေးနှင့် ရေအရင်းအမြစ်အသစ် ရှာဖွေရေးတို့မှာ အရေးကြီးလာ ပြန်ပါသည်။ ယင်းအတွက် စိုက် ပျိုးမွေးမြူရေး ၄.၀ ၏နည်းပညာ များက အထောက်အကူပြုသွား မည်ဖြစ်ပါသည်။ ရေချွေတာရေး ဥပမာအားဖြင့် စိုက်ခင်းအတွင်း အပင်များ၏ စိုထိုင်းဆအား အာ ရုံခံကိရိယာဖြင့် ထောက်လှမ်းကာ ရေကိုလိုအပ်မှသာ လောင်းပေး သည့်စနစ်ကို အာဖရိကရှိ မိုး ခေါင်ရေရှား နိုင်ငံအချို့တွင်ပင် အသုံးပြုနေပြီဖြစ်သည်။ ရေအ ရင်းအမြစ်သစ်ရှာဖွေရေးနှင့်ပတ် သက်၍ ထင်ရှားသည့်ဥပမာမှာ အစ္စရေးနိုင်ငံဖြစ်သည်။ အစ္စရေး နိုင်ငံသည် ပင်လယ်ရေငန်ကို စိုက်ပျိုးရေးတွင် အသုံးချနိုင်ရန် လွန်ခဲ့သည့်နှစ်အတန်ကြာက တည်းက ကြိုးပမ်းလာခဲ့ခြင်းဖြစ် သည်။

လိုအပ်ချက်

အနာဂတ်တွင် မြေရှားပါးမှု၊ ရေရှားမှု၏ ဒဏ်ကို စိုက်ပျိုးမွေး မြူရေးကဏ္ဍက ကြီးကြီးမားမား ခံစားရဖို့ရှိနေပါသည်။ မှန်ကန် သော မြေယာအသုံးချမှုနှင့် ရေ သုံးစွဲမှုဆိုင်ရာမူဝါဒများ ရှိရန်လို အပ်သကဲ့သို့ ယင်းမူဝါဒများအား အထောက်အကူပြုနိုင်မည့်နည်း ပညာများကိုလည်း အသုံးပြုရ မည်ဖြစ်ပါသည်။ ယင်းအတွက် စိုက်ပျိုးမွေးမြူရေး ၄.၀ ကို ကြို ဆိုကြရမည်သာဖြစ်ပါသည်။

No comments:

Post a Comment