Sunday, May 12, 2019

တီမောကို ဂိုးပြတ်နိုင်သော်လည်း လိုအပ်ချက်များရှိသေးကြောင်း မြန်မာယူ-၁၅ အမျိုးသမီးနည်းပြဆို

အာဆီယံယူ-၁၅ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် တီမောအသင်းကို ဂိုးပြတ် အနိုင်ရသော်လည်း အသင်း၌ လိုအပ်ချက်များ ရှိနေသေးကြောင်း မြန်မာယူ-၁၅ အမျိုးသမီးနည်းပြချုပ် ဒေါ်မေသူထွန်းက ပြောသည်။ေ မလ ၁၀ ရက်က ထိုင်းနိုင် ငံချောင်ဘူရီမြို့၌ ယှဉ်ပြိုင်သည့် အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က) အဖွင့်ပွဲတွင် မြန်မာအသင်းက တီမောအသင်းကို ပွဲချိန်တစ်လျှောက် ခြေစွမ်းအသာ ဖြင့် ဖိအားပေးကစားပြီး ၂၆-၀ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။ ယင်းရလဒ်သည် အာဆီယံယူ-၁၅ အမျိုးသမီးပြိုင်ပွဲတစ်လျှောက် ဂိုးအပြတ်ဆုံးနိုင်ပွဲအဖြစ် မှတ်တမ်း ၀င်ခဲ့သည်။

‘‘ပြိုင်ဘက်အသင်းက အင်အားနည်းတာဖြစ်လို့ ဂိုးတွေအများကြီးနဲ့နိုင်ပွဲ ရရှိခဲ့ပါတယ်။ ကလေးတွေဖြစ်လို့ ကစားတဲ့နေ ရာမှာ လိုအပ်ချက်လေး တွေရှိနေတုန်းပါ။ အားနည်းချက်တွေကို ပြန်လည် သုံးသပ်ပြီး နောက်ပွဲတွေအတွက် ပြင်ဆင်သွားမှာပါ။ လက်ကျန် နှစ်ပွဲက အရေးကြီးတာ ဖြစ်လို့ ကစားသမားတွေရော၊ နည်းပြတွေရော အစွမ်းကုန် ကြိုးစားသွားမှာပါ’’ဟု ဒေါ်မေသူထွန်းက ပြောသည်။

၂၀၁၉ အာဆီယံယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က)၌ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု (ခ) တွင် အိမ်ရှင်ထိုင်း၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယားအသင်းတို့ ပါဝင်သည်။

မေလ ၁၀ ရက်က ယှဉ်ပြိုင်သည့် အုပ်စု(က) အခြားပွဲတွင် ဗီယက်နမ်က ဖိလစ်ပိုင်ကို ၂-၀ဂိုးဖြင့် အနိုင်ရသည်။ အာဆီယံယူ -၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က)အဖွင့်ပွဲများအပြီးတွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ရမှတ် သုံးမှတ်စီ တူညီနေသော် လည်း ဂိုးကွာခြားချက်သာသည့် မြန်မာက အုပ်စုပထမနှင့် ဗီယက်နမ်က ဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာယူ-၁၅ အမျိုးသမီးအသင်းသည် အုပ်စု (က) ဒုတိယပွဲအဖြစ် မေလ ၁၂ ရက်(ယနေ့)တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ အာဆီယံယူ-၁၅ အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ၂၀၀၉၊ ၂၀၁၇၊ ၂၀၁၈ တို့တွင်သုံးကြိမ်ကျင်းပပြီး ထိုင်းအသင်းက နှစ်ကြိမ်၊ သြစတြေးလျအသင်းကတစ်ကြိမ် ဗိုလ်စွဲထားကာ မြန်မာအသင်းက ဒုတိယတစ်ကြိမ်နှင့်  တတိယတစ်ကြိမ်ရရှိထားသည်။

No comments:

Post a Comment