Sunday, May 12, 2019

အမေရိကန်သင်္ဘောများကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်လာနိုင်

အမေရိကန် ရေနံသင်္ဘောများအပါအဝင် အမေရိကန်ကုန်တင်သင်္ဘောများကို အီရန်က ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်ရေကြောင်း အုပ်ချုပ်ရေးအဖွဲ့က မေ ၁၀ ရက်တွင် သတိပေးပြောဆိုသည်။ အမေရိကန်ရေတပ်ကို ဒုံးပျံတစ်စင်းတည်းနှင့် ဖျက်ဆီးပစ်နိုင်ကြောင်း အီရန်ထိပ်တန်း ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောဆိုပြီးနောက် အမေရိကန် ရေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။



အမေရိကန်နှင့် အီရန်တို့အကြား အပြန်အလှန်တင်းမာမှုများဖြစ်ပေါ်နေပြီး အမေရိကန်နှင့် ဆွေးနွေး ညှိနှိုင်းမှုပြုမည်မဟုတ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်က သီးခြားထုတ်ဖော်ပြောဆိုလိုက်ရာ အမေရိကန်နှင့်ဆွေးနွေးရန် ကမ်းလှမ်းမှုမှ အီရန်သမ္မတ ရူဟာနီနှင့် ၎င်း၏မဟာမိတ်အချို့ကို တားဆီးရန် ရည်ရွယ်သည့် သီးခြားရပ်တည်ချက်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်၏ နျူကလီးယားအစီအစဉ်ကို လက်လျှော့ရန်နှင့် ပတ်သက် ၍ အီရန်ခေါင်းဆောင်များကို ၎င်းနှင့်ဆွေးနွေးရန်မေ ၉ ရက်တွင်တိုက်တွန်းထားပြီး စစ်ရေးထိပ်တိုက် တွေ့နိုင်ခြေရှိကြောင်း ပြောဆိုသည်။

ထရန့်သည် အီရန်အပေါ် စီးပွားရေးနှင့် စစ်ရေး ဖိအားများတိုးမြှင့်နေပြီး ပင်လယ်ကွေ့သို့ အမေရိကန် ရေတပ်နှင့် လေတပ်များရောက်ရှိနေသည့် ယခုလတွင် အီရန်၏ ရေနံတင်ပို့မှုအားလုံးကို ဖြတ်တောက်ရန် လုပ်ဆောင်နေသည်။ အရှေ့အလယ်ပိုင်းသို့ ပက်ထရော့ ဒုံးပျံစနစ်များကို အသစ်ဖြန့်ကြက်ရန် အမေရိကန် ယာယီကာကွယ်ရေး ဝန်ကြီး ပက်ထရစ်ရှာနာဟန်က ခွင့်ပြုပေးခဲ့ကြောင်း တာဝန်ရှိသူများက မေ ၉ ရက်တွင် ပြောသည်။

ထို့ပြင် အီရန်ကို စစ်ရေးအရ သတိပေးမှုအဖြစ် အမေရိကန် လေယာဉ်တင်သင်္ဘော အီဘရာဟမ်လင် ကွန်းကို မေ ၈ ရက်က အီဂျစ်နိုင်ငံ၏ ဆူးအက်တူးမြောင်း ကိုဖြတ်၍ ဖြန့်ကြက်ချထားပြီး အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်များကိုလည်း ကာတာရှိ အမေရိကန် စစ်အခြေစိုက်စခန်းသို့ ရောက်ရှိနေကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောဆိုသည်။

No comments:

Post a Comment