Sunday, May 12, 2019

လုံခြုံရေး အခြေအနေကြောင့် ပလက်ဝမြို့သို့ ဆန်တင်သွင်းခွင့် ကန့်သတ်ထား

လုံခြုံရေးအခြေအနေများကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သို့ ဆန်တင်သွင်းသယ်ယူခွင့် ပိတ်ပင် ထားသည်ဟု ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်အောင်က မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။ “ဆန်ပြတ်လပ်မှု ရှိနေတယ်ဆိုတဲ့ ကိစ္စကတော့ နယ်မြေလုံခြုံရေးအခြေအနေအရ တပ်မတော်နဲ့ အုပ်ချုပ်ရေးပိုင်းက သူတို့စီမံထားတာပါ” ဟု ဦးစိန်အောင်က ဆိုသည်။ သို့သော်လည်း ဆန်လိုအပ်ချက်ရှိပါက မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာဖြင့် ဆန်တင်သွင်း၍ ရရှိကြောင်း ၄င်းက ဆိုသည်။



ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့အနီးတဝိုက်၌ ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲဧရိယာသည် ပလက်ဝမြို့နှင့် ဆက်စပ်နေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော် ၊ မြောက်ဦး ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စသည့် မြို့များအထိ ပျံ့နှံ့လျက်ရှိနေသည်။

“ဆန်ပြတ်လပ်မှုရှိတယ်ဆိုပေမယ့် ထင်သလောက်တော့ မဆိုးသေးဘူး။ စားဖို့သောက်ဖို့တော့ ရှိတယ်။ ဆန်ဈေးကတော့ နည်းနည်း တက်သွားတာပေါ့” ဟု ပလက်ဝမြို့နယ် လူမှုကူညီရေးပရဟိတအဖွဲ့ ဥက္ကဋ္ဌဌ ဦးဝေတန်းက မဇ္ဈိမသို့ ပြောသည်။

ပလက်ဝမြို့သို့ ဝင်ရောက်သော ဆန်အများစုကို ရခိုင်ပြည်နယ် မြောက်ပိုင်းကျောက်တော်မြို့မှ အဓိကထားတင်သွင်းနေရခြင်းဖြစ်ပြီး ဆန်သယ်ယူခွင့်အား ကန့်သတ်လိုက်ခြင်းကြောင့် ဒေသခံများ ပုံမှန်စားသုံးနေသည့် ဆန်တစ်အိတ်လျှင် ကျပ်ငွေ ၃ သောင်းကျော်ခန့်အထိ ဈေးမြင့်တက်သွားသည်။

“ဆန်သယ်ယူခွင့် နည်းနည်းတားထားတယ် ဆိုတော့ ကုန်သည်တွေရဲ့ သဘောသဘာဝအရ နည်းနည်း ဈေးတင်ရောင်းတာပေါ့” ဟု ဦးဝေတန်းက ဆိုသည်။

ရက္ခိုင့်တပ် AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့ ၊ ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မောင်တော စသည့် မြို့နယ်များမှာ စစ်ဘေးရှောင် ပြည်သူ ၃၃၀ဝ၀ ကျော် ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) မှ ထုတ်ပြန်ထားသည်။

No comments:

Post a Comment