Sunday, May 12, 2019

ရန်ကုန်တိုင်းဒေသကြီး အတွက်သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောဦးစားပေးစီမံကိန်း ၈၀ ပါဝင်သည့် Yangon Project Bank ကို ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းတစ်ခုအတွက်  မေ ၁၀ ရက်က MoU ရေးထိုးမှုကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)ရန်ကုန်တိုင်းဒေသကြီးအတွက် အဓိကကျသည့် ဦးစားပေးစီမံကိန်းပေါင်း ၈၀ ပါဝင်သည့် Yangon Project Bank ကို မေ ၁၀ ရက်ကကျင်းပသည့် Yangon Invesment Forum အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများသို့ ထုတ်ပြန်ပေးလိုက်သည်။ “ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းပေါင်း ၈၀ ပါဝင်တဲ့ Yangon Project Bank ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဓိကရည်မှန်းချက်တစ်ရပ်မှာ တိုးတက်မှု နိမ့်ကျပြီး ဝင်ငွေနည်းပါးသည့် ပြည်သူများအား လူနေမှုအဆင့်အတန်းမြင့်မားစေပြီး အလယ်အလတ်တန်းနှင့် ဝင်ငွေမြင့်မားသည့် အခြေအနေ တစ်ရပ်သို့ ရောက်ရှိစေလိုခြင်းဖြစ်ကြောင်း၊ အဆိုပါမျှော်မှန်းချက် ဖော်ဆောင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ မှ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးသည့်နေရာတွင် ရန်ကုန်တိုင်းဒေသကြီး၏ အခန်းကဏ္ဍဍကို ဖော်ပြရာ၌ ရန်ကုန်မြို့တော်သည် အမိမြေ၏ တစ်ရာခိုင်နှုန်းမျှပင်မရှိသော အကျယ်အဝန်း ပေါ်တွင် မြန်မာ့လူဦးရေ၏ ၁၀ ပုံ တစ်ပုံခန့်၊ မြို့ပြလူဦးရေ၏ သုံးပုံတစ်ပုံခန့် နေထိုင်လျက်ရှိကြပြီး ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး (GDP) ၏ လေးပုံတစ်ပုံခန့်ကို ထုတ်လုပ်ဖြည့်ဆည်းလျက်ရှိကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တော်သည် အခြားနိုင်ငံတကာ အဓိကမြို့တော်များနည်းတူ ဖွံ့ဖြိုးတိုးတက်ရေးအချက်အချာ၊ ရင်းနှီးမြှုပ်နှံမှုတို့၏ ဆုံဆည်းရာ မြန်မာ့စီးပွားရေး၏ မောင်းနှင်အားဖြစ်သည်ဟုလည်း ဆိုနိုင်ပါကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။

ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုအခြေခံနှင့် အလားအလာကောင်းများ ရှိပြီးဖြစ်သော ရန်ကုန်တိုင်းဒေသကြီးအတွက် အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံးဖြစ်မည့် စီမံကိန်းများကို စီးပွားရေး ရှုထောင့်တစ်ခုတည်းသာမက လူမှုရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးမှုဟန်ချက်ညီရေး စသည့် ဘက်စုံထောင့်စုံ အချက်အလက်စုံမှ မဟာဗျူဟာကျကျ ဖော်ထုတ်ရွေးချယ်၍ လိုအပ်သော ဘဏ္ဍဍာငွေရှာဖွေစုဆောင်းမှသာလျှင် မျှော်မှန်းသည့် အခြေအနေတစ်ရပ်သို့ လျင်လျင် မြန်မြန် ရောက်ရှိစေမည်ဟုလည်း အဆိုပါ Yangon Project Bank စာအုပ်တွင် ဖော်ပြထားသည်။

အဆိုပါ Yangon Project Bank စီမံကိန်းတွင်ပါဝင်သော စီမံကိန်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ဦးစားပေးစီမံကိန်းများဖြစ်သည့်အပြင် အစိုးရဘတ်ဂျက်၊ ဖွံ့ဖြိုးမှုအကူအညီ သို့ မဟုတ် ပုဂ္ဂလိကကဏ္ဍဍ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစသည့် အသင့်လျော်ဆုံး ဘဏ္ဍဍာရေးအရင်းအမြစ်များဖြင့် အကောင်အထည်ဖော်နိုင်ရန် စုစည်းထားသည့် အချက်အလက်များဖြစ်ကြောင်း၊ သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါစီမံကိန်းဘဏ်ကို နိုင်ငံတကာ၊ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ ဆက်နွှယ်သောအဖွဲ့အစည်းများနှင့် ပြည်သူများထံ တင်ပြရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

အဆိုပါစီမံကိန်းဘဏ်သည် မြန်မာ့ဖွံ့ဖြိုးရေးခရီးစဉ်အတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်သည့်အပြင် ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများက ယုံကြည်မှုအ ပြည့်အဝဖြင့် ပူးပေါင်းဖော်ဆောင်ကာ ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်တွန်းထားသည်။   

No comments:

Post a Comment