Sunday, May 12, 2019

စီးပွားရေးအကျပ်အတည်းကြောင့် ကျူးဘားတွင် ကုန်ပစ္စည်းများ ခွဲတမ်းဖြင့် ရောင်းချမည်

အမေရိကန်အစိုးရ ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ကျူဘားနိုင်ငံမှာ ကုန်ပစ္စည်းတွေကို ခွဲတမ်းစနစ်နဲ့ ရောင်းချတော့မယ်လို့ အစိုးရက မေ ၁၀ ရက်နေ့မှာ ပြောကြားပါတယ်။ ကျူဘားနိုင်ငံက ဈေးဆိုင်တွေမှာ ကြက်ဥ၊ ဂျုံမှုန့်နဲ့ ကြက်သားစတဲ့ အခြေခံစားကုန်တွေ ရှားပါးလာနေပြီး ဒီစားကုန်တွေ ရောက်လာတိုင်း လူတွေဟာ အချိန်အကြာကြီး တန်းစီစောင့်ဆိုင်း ၀ယ်ယူနေရပါတယ်။ ကျူဘားနိုင်ငံမှာ အသုံးပြုနေတဲ့ စားသုံးကုန်တွေရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းရတာပါ။



မကြာသေးခင်နှစ်တွေက ပြုလုပ်တဲ့ မဖြစ်စလောက် လယ်ယာစိုက်ပျိုးရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ထိရောက်မှုနည်းပြီး ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးမှာ နိုင်ငံ့ထုတ်ကုန်ကို တိုးမြှင့်ထုတ်လုပ်နိုင်ခြင်း မရှိပါဘူး။

ဒါ့အပြင် ကျူဘားဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့တာကို ဆယ်စုနှစ်ချီပြီး ကြုံတွေ့နေရတာပါ။

ကျူဘား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ထုတ်ကုန်တွေကို ပြည်သူတွေ ပိုမိုဝယ်ယူနိုင်ပြီး သိုလှောင်တာတွေ ရှောင်ရှားနိုင်စေဖို့ အစိုးရအနေနဲ့ ထုတ်ကုန်တွေကို စည်းမျဉ်းသတ်မှတ်တာ၊ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

စည်းမျဉ်းသတ်မှတ်လိုက်တဲ့ အကျိုးဆက်အနေနဲ့ အခုကစပြီး ကျူဘားစူပါမားကတ်တွေမှာ ကြက်သားနဲ့ ဆပ်ပြာလို  စားသုံးကုန်တွေကို လူတယောက်အနေနဲ့ ဘယ်ရွေ့ဘယ်မျှအထိပဲ ၀ယ်ယူရမယ်ဆိုပြိး ကန့်သတ်လာမယ်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် ကြက်ဥ၊ ဆန်၊ ပဲနဲ့ ၀က်အူချောင်းတို့လို စားကုန်တွေကိုလည်း ရာရှင်ကတ်နဲ့သာ ၀ယ်နိုင်တော့မှာ ဖြစ်ပြီး လစဉ်လတိုင်း အရေအတွက်ကို သတ်မှတ်သွားမယ်လို့ ရိုက်တာသတင်း အရ သိရပါတယ်။

No comments:

Post a Comment