Sunday, May 12, 2019

မန္တလေး လေယာဉ်ဖြစ်စဉ် အသေးစိတ် စုံစမ်းစစ်ဆေးမည်ဟုဆို

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ နံနက်ပိုင်းက မြန်မာ့အမျိုးသားလေကြောင်းလိုင်းက ပျံသန်းပြေးဆွဲသည့် လေယာဉ်တစ်စင်း လေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ ဘီး (Nose Wheel) ချမရ၍ လေယာဉ် ကိုယ်ထည်ဖြင့်ဆင်းသက်ခဲ့ရသည့် ဖြစ်ပွားမှုဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



ယင်းလေယာဉ်သည်မြန်မာအမျိုးသားလေကြောင်း MNA လေယာဉ် ခရီးစဉ် အမှတ် UB 103 Registration XY-AGOဖြစ်ပြီး ဘရာဇီး နိင်ငံလုပ် Embraer ERJ-190LR လေယာဉ်အမျိုးအစားဖြစ်သည်။

''မန္တလေးလေယာဉ်က ပြေးလမ်းအလယ်မှာပဲအခုရပ်ထားတယ်။ ပြေးလမ်းက ပေ ၁၄၀၀၀ လောက်ရှိတယ် အခုကပေ ၅၀၀၀ လောက်မှာရပ်တာဆိုတော့ ဟိုဖက်ပိုတဲ့အပိုင်းက ၉၀၀၀လောက်ရှိတယ်။ ဒါပေမဲ့ ပေ ၇၀၀၀ လောက် ကိုပြေလမ်းပေးဖို့ရှိတယ်။ နောက်နာရီဝက်လောက်နေရင်ကွင်းပြန်ဖွင့်မယ်" ဟု လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုချုပ် ဦးရဲထွဋ်အောင်က မြန်မာတိုင်း (မ်)ကို ပြောသည်။အဆိုပါလေယာဉ်ပေါ်တွင်ခရီးသည် ၈၂ ဦးလိုက်ပါလာပြီး ထိခိုက်ဒဏ်ရာမရှိကြောင်းသိရသည်။

"အခုဖြစ်တာက လေယာဉ် ရဲ့ နည်းပညာ ချွတ်ယွင်းချက်ပါ။ လေယာဉ် error ပေါ့၊။ ပိုင်းလော့ တော်လို့ ဒီလောက်ပဲဖြစ်တာ။ လေယာဉ်လည်း ပျက်စီင်္းမှု မကြီးနိုင်ဘူးထင်တယ်။ ဆင်းတာလည်း ညင်သာတယ်။ ခရီးသည်လည်း ဘာမှဒဏ်ရာမရဘူး။ ပြေးလမ်းကိုလည်း အတိုဆုံး ဆင်းနိုင်တယ်။ လေယာဉ်ရဲ့  ရှေ့ ဘီး ချလို့မရတဲ့ နည်းပညာအားနည်းချက်ကြောင့်လို့ ပြောရမယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါဖြစ်စဉ်များအတွက်သက်ဆိုင်ရာလေကြောင်းလိုင်းမှတာဝန်ရှိသူများနှင့် စစ်ဆေးရေးအဖွဲ့များ စေလွှတ်ထားပြီး ဖြစ်ပွားမှု အသေးစိတ်ကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ လေယာဉ်ဆင်းသက်မှုနှင့်သက်ဆိုင်သည့် ဖြစ်စဉ်သည် မေလအတွင်း ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။ မေလ ၈ရက် ညပိုင်းက ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း Biman Bangladesh Airlinesမှ လေယာဉ်တစ်စင်းသည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်စဉ် ပြေးလမ်းမှ ချော်ထွက်ပြီးမတော်တဆမှု ဖြစ်ပွားခဲ့သေးသည်။အဆိုပါဖြစ်စဉ်တွင် လေယာဉ်သည် အပိုင်းသုံးပိုင်း ကျိုးပျက်သွားခဲ့ပြီး လေယာဉ်မှူးအပါအ၀င် ခရီးသည်အချို့ လည်း ဒဏ်ရာရရှိခဲ့သည်။

No comments:

Post a Comment