Sunday, May 12, 2019

မရမ်းကုန်းမြို့နယ်တွင် သိန်းနှစ်ထောင့်ငါးရာကျော် တန်ဖိုးရှိ ရတနာပစ္စည်းများခိုးယူသွားသူတွေ ဖမ်းမိပြီ

Image may contain: 2 peopleရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေနှင်းဆီလမ်းသွယ် (၆)လမ်းရှိ အိမ်တစ်အိမ်မှ ငွေကျပ်(၂၅၆၄)သိန်းတန်ဖိုးရှိ ရတနာပစ္စည်းများခိုးယူသွားသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။ တရားလိုဖြစ်သူသည် တောင်ကြီးမြို့သို့ ဧပြီလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ပြန်လည် ရောက်ရှိစဉ် နေအိမ်နောက်တံခါးပွင့်နေသည်ကိ တွေ့ရှိ၍စစ်ဆေးရာ နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းမှလက်ဝတ်ရတနာမျိုးစုံ(၂၆)မျိုး၊ မြေဂရမ်(၁)ခု၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံစာအုပ်(၁)အုပ်၊ ထိုင်းဘတ်ငွေ(၃၀၀၀၀)၊ ထိုင်ဝမ်ဒေါ်လာ(၅၀၀၀)၊ တရုပ်ယွမ်(၂၅၀၀)နှင့် အမေရိကန်ဒေါ်လာ(၃၀၀) ထည့် ထားသည့် မီးခံသေတ္တာ(၁)လုံး၊စုစုပေါင်းတန်ဖိုးငွေကျပ်(၂၅၆၄)သိန်းခန့် ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရသဖြင့် မရမ်းကုန်းမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။



ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက အမှုမှပျောက်ဆုံးပစ္စည်းများအမြန်သိမ်းဆည်းရရှိရေးနှင့် ပြစ်မှုကျူးလွန်သူကိုအမြန်ဆုံးဖော်ထုတ်ရရှိရေး ဆောင်ရွက်ရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်မှုခင်းနှိုမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မိမိအမာခံ သတင်းပေးများ၏ အကူအညီဖြင့် စုံစမ်းလျက်ရှိစဉ် ခိုးမှုမသင်္ကာသူ ဒဂုံမြို့သစ်မြောက်ပိုင်း(ခတ္တ)နေ အောင်မြင့်သန်း(ခ) တောသားကြီး(ခ)အောင်ဝင်း သည် ၃၀.၄.၂၀၁၉ ရက်နေ့တွင် Colt Plus အမျိုးအစား (ကိုယ်ပိုင်ယာဉ်)နက်ပြာရောင်ကားနှင့်အတူ မန္တလေးမြို့မှတစ်ဆင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့်အရှေ့ပိုင်းသို့ ထွက်ခွာသွားသည်ကို စုံစမ်းသိရှိရကြောင်း၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရချင်း ရှမ်းပြည်နယ်သို့ထွက်ခွာပြီး တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၊ လွယ်လင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ လင်းခေးခရိုင် ရဲတပ်ဖွဲ့မှူးတို့၏ အကူအညီဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ မေလ ၅ရက်နေ့ နံနက် ၇နာရီခွဲအချိန်ခန့်တွင် ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားလုံခြုံရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး မေလ ၇ရက်နေ့ နံနက် ၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့မရဲစခန်းသို့ ပို့ဆောင်ကာ ခေတ္တချုပ်နှောင်ထားခဲ့သည်။

ဖမ်းဆီးရမိသူ အောင်မြင့်သန်း(ခ)တောသားကြီး(ခ)အောင်ဝင်း အား စစ်ဆေးခဲ့ရာ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀နာရီ အချိန်တွင်၎င်း၏ သူငယ်ချင်းများဖြစ်သည့် မွှေးနီ(ခ)အောင်နိုင်ဝင်း(ဒဂုံတောင်မြို့နယ်၊ စုံစမ်းဆဲ)၊ သန်းမြတ်စိုးတို့(၂)ဦးသည် တရားလိုဖြစ်သူ၏ နေအိမ်နောက်ဖေးတံခါးပေါက်မှ ဝင်ရောက်ကာ အပေါ် ထပ်ရှိ အိပ်ခန်း(၂)ခန်းအတွင်းမှ မီးခံသေတ္တာ(၁)လုံးနှင့်ကားသော့အား ယူဆောင်လာခဲ့ပြီး သန်းမြတ်စိုးမှ အိမ်ရှေ့တွင်အသင့်တွေ့ရှိသည့် ယာဉ်အမှတ် Harrier အမျိုးအစား ကားအား မောင်းနှင် ယူဆောင်ခဲ့ကြောင်း၊ (၉)မိုင်တွင် ကား(၁)စီးဖြင့် အသင့်စောင့်နေသော အောင်မြင့်သန်း(ခ)တောသားကြီး(ခ) အောင်ဝင်း ၏ ကားပေါ်သို့ မီးခံသေတ္တာအား တင်ဆောင်ပြီးခိုးမှုကျူးလွန်ခဲ့သည့် အိမ်မှပါလာသောကားအား မီးစုံဖွင့်၍ ပြည်လမ်းမပေါ်တွင် ရပ်ထားခဲ့ကြောင်း၊ခိုးယူရရှိသော ရတနာပစ္စည်းများအား လက်တမ်း(၃)ပုံခွဲ၍ ဝေယူခဲ့ကြောင်း၊ ထို့နောက် သန်းမြတ်စိုး(ခ)စိုးလေးသည် ပြည်လမ်း-(၉)မိုင်တွင် ရပ်ထားခဲ့သော ကားအား ခိုးမှုကျူးလွန်ခဲ့သည့်နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီးကွင်းဆက်တရားခံ သန်းမြတ်စိုး(ခ)စိုးလေး အား မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သော်ကလမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူ အောင်မြင့်သန်း(ခ)တောသားကြီး(ခ)အောင်ဝင်း နှင့် သန်းမြတ်စိုး(ခ)စိုးလေး တို့ထံမှ သက်သေခံပစ္စည်း လက်ဝတ်ရတနာများ သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၂)ဦးအားဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတရားခံ မွှေးနီ(ခ) အောင်နိုင်ဝင်း အား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကျန်ရှိသည့် သက်သေခံရတနာပစ္စည်းများ သိမ်းဆည်းရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

No comments:

Post a Comment