Sunday, May 12, 2019

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် တိုင်ကြားစာများကို ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသို့ ပြန်လည်လွှဲပြောင်းရာတွင် အချင်းချင်း ပြန်စစ်သည့်အတွက် အမှုမှန်ပေါ်နိုင်ပါ့မလားဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားထားသည့် တိုင်ကြားစာများ အား ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသို့ ပြန်လည်လွှဲပြောင်းရာတွင် အချင်းချင်းပြန်စစ်သည့်အတွက် အမှုမှန်ပေါ်နိုင်ပါ့မလားဟု လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့သည်။ေ မ ၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည်လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ်များက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။



အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ပြည်သူများထံတိုင်ကြားသည့် တိုင်ကြားစာများအား သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးထားကြောင်း ကော်မရှင်၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျောက်တန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက “ဒီလွှဲ ပြောင်းပေးတဲ့ တိုင်ကြားစာတွေအပေါ်မှာတော့ ဆွေးနွေးလိုပါတယ်။ အချင်းချင်းတွေ ပြန်စစ်တဲ့အခါမှာ အမှန်တရားပေါ်နိုင်ပါ့မ လား။ ဝေစားမျှစားပြီးတော့မှ သူ့ကိုကိုယ်ကာကွယ်၊ ကိုယ့်ကို သူကာကွယ်ပြီးတော့မှ ပုတ်သင်ဥတွေ ပေါ်မှာစိုးလို့ ညောင်မြစ်တွေကို မတူးဘဲထားရင် ဘယ်လိုလုပ်မလဲ။တိုင်ကြားစာတွေအပေါ်မှာ ပြည်နယ်တိုင်းအစိုးရတွေအနေနဲ့ ဘာတွေအရေးယူထားလဲ သိချင်ပါတယ်။ ဘယ်လောက်ထိရောက်လဲဆိုတာ ကိုလည်း သိချင်ပါတယ်။ တိုင်ကြားစာတွေ လွှဲလိုက်ပြီးရော မလုပ်ဘဲနဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်အပေါ်မှာ အားကိုးတကြီး တိုင်ကြားတဲ့ ပြည်သူတွေအပေါ် မှာ အမှုမှန်ပေါ်ပေါက်စေဖို့ ဆက်လက် ဆောင်ရွက်ပေးစေချင်ပါတယ်။ စာနဲ့သတိပေးတာတို့၊ နေရာပြောင်းလိုက်တာတို့ဆို တာ ကာလရှည်ကြာ အမြစ်တွယ်ခဲ့တဲ့ အဂတိလိုက်စားမှုတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ကျွန်မတို့နိုင်ငံမှာ ဘယ်လိုမှထိရောက်တဲ့ နည်းလမ်း မဟုတ်တဲ့အတွက်ကြောင့်မို့ လွှဲပြောင်းပေးထားတဲ့ တိုင်ကြားစာတွေအပေါ်မှာလည်း ဆက်လက်စုံစမ်းပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။ အဂတိလိုက်စားမှုလျော့ပါးမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

ဒေါ်အေးမြမြမျိုးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များအား ဝန်ကြီးဌာနအချို့တွင် ဖွဲ့စည်းနေပြီဆို၍ ဝမ်းသာမိကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့သည့်အခါတွင် လွတ်လပ်သည့် အဖွဲ့အစည်းများ၊ ဥပဒေကျွမ်းကျင်သူများပါ ထည့်သွင်းဖွဲ့စည်းရန် အကြံပြုလိုကြောင်း ဆွေးနွေးခဲ့သည်။

“တိုင်ကြားစာတွေအပေါ် စိစစ်ဆောင်ရွက်တဲ့အပေါ်မှာလည်း ဆွေးနွေးလိုပါတယ်။တိုင်ကြားစာတွေအပေါ်ကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ လေးနှစ်တာအတွင်းမှာ တိုင်ကြားစာ ၄၆၀၀ ကျော်ရောက်တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်တည်းအတွင်းမှာပင် စောင်ရေ ၁၀၀၀၀ ကျော် ရောက် ရှိတယ်လို့သိရပါတယ်။ ဒီကိန်းဂဏန်းတွေ ကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်သူလူ ထုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှုအပေါ် စိတ်အားထက်သန်နေတယ်။ ပြီးတော့ အသစ်ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အပေါ်မှာ အားကိုးတယ်ဆိုတာ သိသာပါတယ်။ ပြည်သူတွေ ယုံကြည်သလိုဆောင်ရွက်နေတာ တွေ့ရလို့လည်း ကျေးဇူးတင်ပါတယ်။ တိုင်ကြားစာ စစ်ဆေးတဲ့အပိုင်းမှာတောာ့ ၄၆ စောင်လို့ ပြောထားပါတယ်။ ဝန်ကြီးဌာနတွေ၊ ပြည်နယ် တိုင်း အစိုးရအဖွဲ့တွေကို လွှဲပြောင်းပေးတဲ့ တိုင်ကြားစာ က ၁၇၉၅ စောင်ဖြစ်နေပါတယ်။အဲဒီတော့ ကော်မရှင်အနေနဲ့ လွှဲပြောင်းပေးလိုက်တဲ့ တိုင်ကြားစာတွေအပေါ်မှာလည်း အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေး စေချင်ပါတယ်” ဟု ဒေါ်အေးမြမြမျိုးက ဆို သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရဌာနများအနေဖြင့် မိမိတို့ဌာနအတွင်း အဂတိလိုက်စားမှု ကျူးလွန်နိုင်သည့်နေရာများကို တာဝန်သိသိဖြင့် လုပ်ဆောင်ခဲ့ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပင် ဖွဲ့စည်းစရာမလိုကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

“အဂတိလိုက်စားမှုကို ဥပဒေနဲ့ အရေးယူတာ ၄၆ မှုပဲရှိတယ်။ အဲဒါကလည်း အလွန်နည်းပါတယ်။ ဒီထက်ဖြစ်သင့်ပါတယ်။ တကယ်ပေါ်ပေါက်နေတာက ကော်မရှင် ဥက္ကဋ္ဌလည်း ပြောသွားပါတယ်။ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဟာ လုပ်နေပေမဲ့ လျော့ပါးသွားခြင်းမရှိဘူးလို့ ပြောသွားပါတယ်။ အဲဒီတော့ တကယ်လုပ်သင့်တာက အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေကို ဥပဒေအရ အရေးယူတာ ၄၆ မှု၊ လွှဲပြောင်းပေးတဲ့အမှုတွေက ဌာနအသီးသီးကို အများကြီး လွှဲပြောင်းပေးတာ တွေ့ရပါတယ်။အဲဒီတော့ ကျွန်တော် စဉ်းစားမိတယ်၊ အဲဒီဌာနတွေဟာ ကိုယ့်ဌာနမှာ အဂတိလိုက်စားမှု ကျူးလွန်နိုင်တဲ့ ဂယ်ပေါက်တွေ၊ ယိုပေါက်တွေကို သူတို့တွေ အသိဆုံးပါ။ ဘယ်နေရာမှ ဘယ်လို အဂတိတရားတွေဖြစ်ပေါ်နိုင်တယ် ဆိုတာ သိတယ်။ တကယ်လို့သာ အဲဒီဌာနတွေ အားလုံးက အဂတိလိုက်စားမှုကို တာဝန်သိသိနဲ့ အရင်ကတည်းက လုပ်ခဲ့ရင် ဒီကော်မရှင်တောင် ဖွဲ့စရာမလိုပါဘူး။ ဘာကြောင့်လဲဆို ဖဆပလအစိုးရလက်ထက်တုန်းက BSI ဆိုတဲ့ စသုံးလုံးနဲ့ပဲ ပြီးသွား တယ်။ အားလုံးကို စသုံးလုံးက စောင့်ကြည့်ပြီး တော့ လုပ်တယ်။ အခု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့နေရပြီ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီကော်မရှင်ဟာ အစိုးရသစ် လက်ထက် အသစ်ဖွဲ့တဲ့ ကော်မရှင်မှာ တော်တော်လေးကို ထိထိရောက်ရောက်လုပ်နိုင်တဲ့အတွက် ပြည်သူတွေအားလုံးကလည်း သဘောကျတယ်။ လက်ခုပ်တီးကျတယ်။ ဒါပေမဲ့ လက်ခုပ်သံရရုံနဲ့ ရည်ရွယ်ပြီး မလုပ်သင့်ပါဘူး။ အဂတိလိုက်စားမှုကို အမြစ်ဖြတ်ပြီး ချေမှုန်းသင့်ပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

ထို့ပြင် အဂတိလိုက်စားမှုကြောင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပါက ပို၍အကျိုးရှိမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဂတိလိုက်စားမှုကြောင့်ရရှိတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းတာမှာလည်း တကယ်လို့သာ အားလုံးသိမ်းဆည်းနိုင်မယ်ဆိုရင် သိမ်းဆည်းနိုင်တဲ့ အလားအလာတွေလည်း အများကြီးရှိပါတယ်။ အခုထက် အကျိုးရှိမယ်လို့လည်း ယူဆပါတယ်။ နောက်ဆုံးတစ်ခုက Political Post တွေပဲ၊ အဂတိလိုက်စားမှုဟာ Political Post တွေမှာ ၂၀၁၇ ခုနှစ်က မတွေ့ရဘူး။၂၀၁၈ မှာ တစ်ခုတွေ့ရတယ်။ အရေးယူထားတာလည်း တွေ့ရတယ်။ ဒီနေရာမှာ ကျွန်တော် စဉ်းစားတာက Political Post တွေနဲ့ပတ်သက်ပြီးတော့ အရေးယူခြင်းဟာ ဒီလူတွေကို ခန့်အပ်တာဝန်ပေးတဲ့ လူတွေမှာရော တာဝန်မရှိဘူးလား။ ဒါ လူမှန် နေရာမှန် ရအောင်လုပ်သင့်တယ်။ ရှေ့ကိုလည်း။ တာဝန်ပေးတဲ့နေရာတွေမှာ အဂတိ မလိုက်စားမယ့်လူ၊ မှန်မှန်ကန်ကန် ယုံကြည်စိတ်ချရမယ့်လူတွေကို တာဝန်ပေးသင့်ပါ တယ်။ အဲဒါကြောင့်မို့ ကော်မရှင်ကိုလည်း လုပ်ပိုင်ခွင့်တွေ ဒီထက်ပိုပေးသင့်တယ်။ ရဲရဲဝံ့ဝံ့ လုပ်သင့်တယ်၊ကော်မရှင်က တစ်စုံတစ်ရာ လုပ်မယ်ဆိုရင် အစီရင်ခံစာတင်ပြရတာမျိုးတွေ၊ ခွင့်တောင်းရတာမျိုးတွေ မရှိဘူးလို့တော့ ထင်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

No comments:

Post a Comment