Sunday, May 12, 2019

တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာခန်းမဖွင့်ပွဲ၊ လုံးတော်ပြည့် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေကပ်လှူခြင်း၊ နေပူခံစကျင် ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချမင်္ဂလာပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁)နှစ် မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်၊ စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာ ခန်းမဖွင့်ပွဲ၊ လုံးတော်ပြည့် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေကပ် လှူခြင်း၊ နေပူခံစကျင် ကျောက်ပြားခင်းခြင်းနှင့် ရွှေမင်္ဂလာကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် မြတ်ကြီး၌ ပြုလုပ်ရာ
တောင်ငူမြို့၊ အောင်မြင်ဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝန အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ သံဃာတော်များနှင့် တက်ရောက်လာကြသူများက တောင်ငူမြို့၊ သမိုင်းဝင်ရွှေဆံတော် စေတီတော်မြတ်ကြီး (၄၄၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် အသစ်လှူဒါန်း ထားသည့် စေတီတော်မြတ်ကြီး၏ အောင်မင်္ဂလာခန်းမတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေကပ်လှူခြင်း၊ နေပူခံ စကျင်ကျောက်ပြား ခင်းခြင်းနှင့် ရွှေမင်္ဂလာ ကန်တော် ပြုပြင်ပြီးစီးမှု ရေစက်ချ မင်္ဂလာကို ဆက်လက် ပြုလုပ်ရာ တက်ရောက် လာကြသူများက အောင်မြင် ဇေယျုံ ပရိယတ္တိ စာသင်တိုက်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ယင်းနောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား နဝကမ္မ အလှူတော်ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment