Sunday, May 12, 2019

သပိတ်စခန်းဖွင့်တောင်းဆိုသည့် VIP စက်ရုံလုပ်သားများ လုပ်ငန်းခွင်ပြန်ဝင်ရန် စက်ရုံကကြေညာထား

လုပ်သက်ကြေး ၊ ကျွမ်းကျင်ကြေး နှင့် လမ်းစရိတ်ရရှိရေးတို့အတွက် စက်ရုံနှင့်ညှိနှိုင်းမှုမပြေလည်ခြင်းကြောင့် စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒထုတ်ဖော်နေသော VIP Myanmar စက်ရုံလုပ်သားများအား မေ ၁၄ ရက် နောက်ဆုံးထား၍လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် စက်ရုံဘက်က ကြေညာထားသည်။ေ မ ၁၀ ရက်ကထုတ်ပြန်ခဲ့သည့် စက်ရုံ၏ကြေညာချက်တွင် အလုပ်ရှင်နှင့်အလုပ်သမားအငြင်း ပွားမှုများဖြစ်ပေါ်နေသည့်အတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးနေစဉ် ကာလအတွင်း စက်ရုံပြင်ပတွင်အလုပ်သမားများက သပိတ်မှောက်ဆန္ဒပြပြီး သပိတ်စခန်းဖွင့်လှစ်ဆောင်ရွက်နေခြင်းမှာ အလုပ်သမားဥပဒေနှင့်ညီညွတ်ခြင်းမရှိ၍လည်းကောင်း ၊
အခြားနိုင်ငံရေးပယောဂများဝင်ရောက်နှောင့်ယှက်လာမည်စိုးသောကြောင့်လည်းကောင်း၊ စက်ရုံပြင်ပရှိ သပိတ်မှောက်ဆန္ဒပြနေသောအလုပ်သမားများမှလုပ်ငန်းခွင်အတွင်းသို့မေ ၁၄ ရက် အလုပ်ချိန်အတွင်းနောက်ဆုံးထား၍ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင်ရန်သတိပေးကြောင်း ဖော်ပြရေးသားထားသည်။

ရွှေပြည်သာစက်မှုဇုန် အပိုင်း ၃ ရှိ VIP Myanmar စက်ရုံမှ လုပ်သားများအနေဖြင့် အလုပ်သမားဥပဒေပါခံစားခွင့်များအတိုင်း ခံစားခွင့်ရရှိရေးအပါအဝင် အချက် ၂၀ ချက်ရရှိရေးအတွက် မေ ၇ ရက်မှစတင်ကာ စက်ရုံရှေ့တွင်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

စတင်ဆန္ဒထုတ်ဖော်သည့်နေ့၌ပင် အလုပ်ရှင် အလုပ်သမား ညှိနှိုင်းခဲ့ကြရာ တောင်းဆိုသည့်အချက် ၂၀ အနက် ၁၇ ချက် ပြေလည်မှုရခဲ့ကြသည်။

သို့သော် ကျန်ရှိနေသေးသော အချက် ၃ ချက်မှာ အရေးကြီးအချက်များဖြစ်ခြင်းကြောင့် အလုံးစုံပြေလည်မှုမရမချင်း လုပ်ငန်းခွင်မဝင်ဘဲ ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဟု စက်ရုံ၏အလုပ်သမားသမဂ္ဂခေါင်းဆောင်ကပြောသည်။

နှစ်ဖက်ညှိနှိုင်းရန်ကျန်ရှိနေသော အချက်များမှာ လုပ်သားများဘက်မှတောင်းဆိုသည့် လုပ်သက်ကြေး ၊ ကျွမ်းကျင်ကြေးနှင့် ဖယ်ရီမပေးထားခြင်းကြောင့် ကားခတောင်းဆိုမှုများဖြစ်သည်။

VIP စက်ရုံသည် ဂေါက်တံ ၊ ဘတ်တံများ ထုတ်လုပ်၍ ဥရောပနိုင်ငံများသို့တင်ပို့သည့် စက်ရုံဖြစ်ပြီး စက်ရုံ ၁ နှင့် ၂ ဟူ၍ နှစ်ရုံခွဲခြားထားကာ လက်ရှိတွင် စက်ရုံ နှစ်ခုလုံးမှလုပ်သားများက ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

အချက် သုံးချက် ဆက်လက်ညှိနှိုင်းရန် ကျန်ရှိသော စက်ရုံ ၁ တွင် လုပ်သားလေးရာဝန်းကျင်ခန့်ရှိပြီး ရုံ ၂ တွင် လုပ်သားထောင်ကျော်ခန့်ရှိသည်။

No comments:

Post a Comment