Saturday, May 18, 2019

နယ်မြေကျော် ကျောင်းအပ်မှုနှင့် အဂတိပြဿနာ

လာမည့်ကျောင်းဖွင့်ချိန်တွင် တတိယတန်းတက်ရတော့မည့် သားအကြီးကို ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်းမှထုတ်ကာ ကိုယ်ပိုင်ကျောင်းတစ်ခုသို့ ပြောင်းထားမည်ဟု ဒေါ်အေးအေး(အမည်လွှဲ) က ပြောသည်။  သမီးငယ်က ယခုနှစ်တွင် အသက် (၅) နှစ်ပြည့်၍ ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့် ရေး အထက်တန်းကျောင်း၌ပင် မောင်နှမနှစ်ဦး အတူတူကျောင်းတက်စေမည်ဟု မူလက ဒေါ်အေး အေး အစီအစဉ်ဆွဲထားခဲ့သည်။



သို့သော် ယခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း၏ ကျောင်းဝင်ခွင့်လက်ခံသည့်သတ်မှတ်ချက်များ ပြောင်းခဲ့၍ သမီး ငယ်ကို ထိုကျောင်းတွင် ကျောင်း အပ်မရတော့ပေ။ ထို့ကြောင့်သား အကြီးရော သမီးအငယ်ပါ အတူ တက်နိုင်မည့် ပုဂ္ဂလိကကျောင်းကိုသာ ရွေးရတော့သည်ဟု ဒေါ် အေးအေးက ပြောသည်။

ပြီးခဲ့သည့် ပညာသင်နှစ်က ရန်ကုန်ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေးအထက်တန်းကျောင်းသို့  တက်ရောက်လိုပါက လက်ရှိ တက်ရောက်နေဆဲ မောင်နှမအရင်းအချာရှိသူများ၊ ပညာရေးဝန် ကြီးဌာန တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ၏ သားသမီး၊ မြေးအရင်းအချာများ၊ အဆင့်မြင့် ပညာဦးစီးဌာနနှင့် တွဲဖက်ဌာနများမှ ဝန်ထမ်းများ၏ သားသမီး၊ မြေးအရင်းအချာများ၊ ပညာရေး ဝန်ကြီးဌာန ဦးစီးဌာနများအောက် ရှိ ဝန်ထမ်းများ၏ သားသမီး၊ မြေးအရင်းအချာများ၊  ကမာရွတ်မြို့နယ်အတွင်း အခြေတကျနေထိုင်သူများ၏ သားသမီး၊ မြေးအရင်း အချာများဖြစ်ရမည်ဟူသည့် အ ချက်ငါးချက် ပြည့်မီရမည်ဟု သတ်မှတ်ခဲ့သည်။

ကျောင်းဝင်ခွင့် အပြောင်းအလဲ

လာမည့် ကျောင်းဖွင့်ချိန်တွင်မူ မူလတန်းအတွက် ကမာရွတ်မြို့နယ်(၉)ရပ်ကွက်အတွင်းရှိ ဆေးတက္ကသိုလ်ဝင်း၊ အဆင့် မြင့်ပညာဦးစီးဌာန၊ အဝေးသင် တက္ကသိုလ်၊  မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့၊ ဆေးဘက် ပညာသင်တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ ဇော်ဂျီလမ်း(ဟံသာ ဝတီအဝိုင်းမှ အင်းလျားလမ်းအထိ)၊ အင်းလျားလမ်း(တက္ကသိုလ်  ရိပ်သာလမ်းမှ ဇော်ဂျီလမ်းအထိ)  နေထိုင်သူ မိသားစုဝင်ဖြစ်မှသာ  ကျောင်းအပ် လက်ခံမည်ဖြစ် သည်။ အလယ်တန်းအတွက် က မာရွတ်မြို့နယ်(၉) ရပ်ကွက်တစ် ခုလုံးမှ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံမည် ဖြစ်ပြီး အထက်တန်းအတွက်  ကမာရွတ်မြို့နယ် (၉)ရပ်ကွက် နှင့် အမက(၇) ကမာရွတ်နယ်မြေ ဖြစ်သည့် ဗဟိုလမ်း (နာနတ်တော ခုံးတံတားမှ ရွှေကိန္နရီအိမ်ရာ အထိ)၊ ပြည်ရိပ်မွန်အိမ်ရာ၊ သီရိမင်္ဂလာ(၁)လမ်း၊ (၂) လမ်း၊  ဝဂ္ဂီ ရိပ်သာလမ်းနှင့် နာနတ်တော လမ်း (ဘယ်ဘက်)စသည့်နေရာ များတွင် နေထိုင်သူများကိုသာ  ကျောင်းဝင်ခွင့် လက်ခံမည်ဟု  ကြေညာထားသည်။

ကျောင်းအပ်နှံသူများကို သန်းခေါင်စာရင်းမူရင်းနှင့် တိုက်ဆိုင်စစ်ဆေးကာ သတ်မှတ်ထားသည့် နယ်မြေနှင့် ကိုက်ညီမှသာ လျှောက်လွှာ ထုတ်ပေးမည်ဖြစ်ပြီး  လျှောက်လွှာရရှိသူတိုင်းကိုလည်း ကျောင်းဝင်ခွင့်ပြုမည်ဟု ကြိုတင် အသိပေးထားသည်။

ယခင်နှစ်များက ထိုကျောင်းတွင်တက်နေဆဲ ညီအစ်ကိုမောင် နှမရှိပါက ကျောင်းသားသစ်အ ငယ်များကိုပါ ကျောင်းလက်ခံပေး သော်လည်း လာမည့်ကျောင်းဖွင့် ချိန်၌ ကမာရွတ်မြို့နယ်အမှတ် (၉)ရပ်ကွက် နေသူများသာ ကျောင်းအပ်ခွင့်ပြုမည်ဟူသည့် မူဝါဒအပြောင်းအလဲကြောင့် ဒေါ် အေးအေးကဲ့သို့ ကျောင်းပြောင်း  ထားမည့် မိဘများရှိလာခြင်းဖြစ် သည်။

သားသမီးနှစ်ဦးစလုံး အစိုးရနာမည်ကြီးကျောင်းတွင် မတက်ရတော့သော်လည်း အိမ်နားနီးနီး ပုဂ္ဂလိက ကျောင်းကောင်းကောင်း၌ထားမည်ဖြစ်၍ နေ့စဉ်ကျောင်း ကြို၊ ပို့ရသည်ဒုက္ခအပြင် အပြင်ကျူရှင်ထပ်ထားရသည့် ကုန်ကျ စရိတ်ပါ သက်သာမည်ဟု ဒေါ် အေးအေးက မျှော်လင့်ထားသည်။

‘‘နယ်ကျော်မရတဲ့ ကျေးဇူး ကြောင့် ငွေကုန်သက်သာ၊ လူပင်ပန်းသက်သာတာပါ’’ဟု ဒေါ်အေး အေးက မှတ်ချက်ပြုသည်။

ကိုယ်တိုင်က တာမွေမြို့နယ်တွင်နေသည့်တိုင်နာမည်ကြီး ကျောင်းတွင် သားသမီးကို ထားချင်သည့် စိတ်ဆန္ဒကြောင့်  မိတ် ဆွေဖြစ်သူ တက္ကသိုလ်ကထိက ဆရာမတစ်ဦး၏ အိမ်ထောင်စုစာရင်းတွင် သားအကြီးကိုယာယီ ထည့်ကာ ကမာရွတ်တီတီစီ၌ တက်ခွင့်ရရေးလုံးပန်းခဲ့ရသည်ဟု ဒေါ်အေးအေးက ဆိုသည်။

ယခင်သတ်မှတ်ထားသည့်မူအရ မောင်နှမရှိလျှင် ကျောင်းသားသစ်အငယ် လက်ခံမည်ဟု မှတ်ယူထားသဖြင့် သမီးငယ်အတွက် မပူပင်ရဟု ယူဆခဲ့သော်လည်း မကြာမီက ထုတ်ပြန်သည့် မူအသစ်အရ သမီးငယ်ကို ကျောင်းအပ်မရနိုင်၍သားအကြီး ကိုပါ ကျောင်းပြောင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ လာမည့် ဇွန်လ ကျောင်းဖွင့်ချိန်အတွက် အခြေခံပညာ ကျောင်းတိုင်းတွင် ကျောင်းတည်နေရာအလိုက် Catchment Area ကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း ဒေသကြီးပညာရေးမှူးရုံး၊မြို့နယ် ပညာရေးမှူးရုံးများက  သတ်မှတ်ထားပြီး မိမိကျောင်း Catchment Area အတွင်း မနေထိုင်သည့် ကျောင်းသားကို ကျောင်းအပ် လက်ခံခြင်း လုံးဝမပြုလုပ်ရန် ဧပြီ ၅ ရက်က ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီးရှိ  မိဘစိတ်ဝင်စား မှုများသော အခြေခံပညာကျောင်း များတွင် ကျောင်းသား၊ ကျောင်း သူအသစ်လက်ခံရေး ကျောင်း နယ်မြေသတ်မှတ်ထားမှု ညှိနှိုင်း အစည်းအဝေး၌ ကျောင်းအုပ်ကြီး များကို ညွှန်ကြားထားသည်။

Catchment Area (သက် ဆိုင်ရာကျောင်းသို့ တက်ရောက်ရန် သတ်မှတ်ထားသောနယ်မြေ)

အလိုက်  ကျောင်းအပ်နှံသည့်စနစ်ကို လာမည့်ကျောင်းဖွင့်ချိန်ကစကာ တိတိကျကျလုပ်ဆောင်မည်ဟူသည့်  တာဝန်ရှိသူများ၏ ပြောကြားမှုကြောင့် သားသမီးအကြီးက တစ်ကျောင်း၊ ယခုနှစ်မှ ကျောင်းစအပ်ရမည့် သားသမီး ငယ်ကတစ်ကျောင်းထားရမည့် အခက်အခဲကို မိဘအများစုကြုံ နေရသည်ဟု အထက(၂) ဗဟန်း မိဘဆရာ အသင်းဝင်ဦးကြည်ဝင်းက ပြောပြသည်။

‘‘ဒီနှစ်မှာ ပိုပြီးတော့တင်းတင်းကျပ်ကျပ်လုပ်မှာ။ နယ်မြေ ကျော် ကျောင်းအပ်လက်မခံနဲ့လို့ ပြောထားပြီးသား။  နယ်မြေကျော် တွေကိုလက်ခံတယ်ဆိုရင် အဲဒါ  အဂတိပဲ’’ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။

ကျောင်းသားနှင့် စာသင်ခန်းအချိုးမျှတစေရန်၊ နယ်မြေကျော်လွန် ကျောင်းအပ်လက်ခံမှု ကြောင့်ဖြစ်ပေါ်လာသော လာဘ်စားမှုပြဿနာများနှင့်ယာဉ်ကြောကျပ်တည်းမှုများ ဖြေရှင်းနိုင်ရေး သက်ဆိုင်ရာ နယ်မြေအလိုက် ကျောင်းအပ်နှံရန် ညွှန်ကြားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

‘‘နာမည်ကြီး ကျောင်းတွေမှာ နယ်ကျော်ပြီးအပ်ကြတယ်။  တချို့ကျောင်းတွေမှာ စာသင်ခန်းတစ်ခန်းကို ကျောင်းသား ၈၀ လောက်ဖြစ်နေတယ်။ ဒါကြောင့် Class Size ကို ပြန်ပြီးညှိချင်တာပါ။ ဆရာမအချိုးနဲ့ ကျောင်းသား အချိုးနဲ့ ညှိချင်တာကြောင့် Catchment Area အတိုင်း လုပ်ပါလို့ ပြောတာ’’ဟု ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံး လက် ထောက်ညွှန်ကြားရေးမှူး ဒေါက် တာအောင်ကိုကိုက ပြောသည်။


ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်းသား၊ကျောင်းသူ ၁၀ သိန်းကျော် တက်ရောက်နေသည်။ (ဓာတ်ပုံ − နစ်ကီ)

ကျောင်းသားပျံ့နှံ့မှုကွာဟချက်

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာမူလတန်းကျောင်း  ၁,၇၁၃ ကျောင်း၊ အလယ်တန်း ကျောင်း ၆၅၇ ကျောင်းနှင့် အ ထက်တန်းကျောင်း ၃၇၆ ကျောင်း ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၀ သိန်းကျော် တက်ရောက်နေ သည်။ အခြေခံပညာကျောင်းများတွင် ကျောင်းသားဦးရေ ပျံ့နှံ့မှုသည်  ပြည်ထောင်စု၏ ပျမ်းမျှနှင့် လိုက်လျောညီထွေရှိသော်လည်း ကျောင်းသားအနည်းဆုံးကျောင်း နှင့် အများဆုံးကျောင်းတို့အကြား  ကွာဟချက်သည် ရန်ကုန်တိုင်းဒေ သကြီး၌ အလွန်ကြီးမားနေသည်ဟု  အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  အခြေခံပညာကျောင်းသားအားလုံး၏ ထက်ဝက်ကျော်သည် အထက်တန်းကျောင်းများတွင်သာ တက်ရောက်နေခြင်းကြောင့်  အထက်တန်းကျောင်းများ၌ ကျောင်းသားအလွန်ပြည့်ကျပ်နေ ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းများတွင်  ကျောင်းသားဦး ရေရှိသင့်သည်ထက် လွန်စွာနည်းပါးနေသည်ဟု ထိုအစီရင်ခံစာ၌ ထောက်ပြထားသည်။

အစဉ်အလာကောင်းသော ကျောင်းများဖြစ်ခဲ့ခြင်း၊ သင်ကြား ရေးနှင့် ကျောင်းလုပ်ငန်းဘက်စုံ ဆောင်ရွက်နိုင်မှု ထူးခြားကောင်း မွန်ခြင်း၊ နှစ်သုတ်တက်စနစ်ကျင့် သုံးခြင်း၊ မိဘကအထက်တန်း ကျောင်းတစ်ကျောင်းတည်း၌ပင် သူငယ်တန်းမှ ဒသမ တန်းအထိ  တစ်ဆက်တည်း ကျောင်းအပ်လို ခြင်း၊ ကျောင်းသားလက်ခံရေး မူဝါဒနှင့် ညွှန်ကြားချက်များကို လိုက်နာမှုအားနည်းပြီး မိမိတို့ဆန္ဒ ရှိသည့် ကျောင်းများ၌သာ နယ် ကျော်ကျောင်းအပ်ခြင်းတို့ကြောင့်  အထက်တန်းကျောင်းအများစု တွင် ကျောင်းသားဦးရေများနေ ခြင်းဖြစ်သည်ဟု အမျိုးသားပညာ ရေးမူဝါဒကော်မရှင်က သုံးသပ် ထားသည်။

နိုင်ငံအများစုတွင် ကျောင်းနယ်မြေသတ်မှတ်ခြင်းကို  မူလ တန်းအတွက် အဓိကထားသတ် မှတ်ပြီး အလယ်တန်း၊ အထက် တန်းကျောင်းဝင်ခွင့်ကိုချိတ်ဆက်သင်ယူကျောင်း(Feeder School) စနစ်ဖြင့် ဆောင်ရွက်သည်။ မူလ တန်းအဆင့်ပြီးသည့်အခါ မည်သည့်အလယ်တန်း (သို့မဟုတ်)အထက်တန်းကျောင်းတွင် ဆက် တက်ရမည်ဟု ချိတ်ဆက်သတ် မှတ်ထားခြင်းဖြစ်သည်။မူလတန်း ကျောင်းတွင် စတင်ကျောင်းအပ် သည်နှင့် အလယ်တန်း၊ အထက် တန်းကို မည်သည့်ကျောင်းတွင် တက်ရောက်ရမည်ကို သတ်မှတ် ပြီးဖြစ်သဖြင့် မိဘများအနေဖြင့် ကျောင်းဝင်ခွင့်အတွက် စိတ်ပူရန် မလိုအောင် စီစဉ်ထားသည့်စနစ် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကျောင်းများတွင် ချိတ်ဆက်သင်ယူကျောင်းစနစ်ကျင့်သုံးရန် အ မျိုးသားပညာရေးမူဝါဒကော်မ ရှင်က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံ၏အခြေခံပညာ ရေးကို နိုင်ငံတကာနည်းတူ KG+12 (သူငယ်တန်း+၁၂တန်း) ပညာသင်နှစ် ၁၃ နှစ် သင်ကြားရသည့်စနစ်သစ်ကို ၂၀၂၂-၂၃ ပညာသင်နှစ်တွင်  အပြီးပြောင်း လဲရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေသည်။ ကျောင်းသားဦးရေ ၂၀ လျှင် ဆရာတစ်ဦးနှုန်း သင် ကြားသည့်ပုံစံဖြင့် ရေးဆွဲထားသည့် သင်ရိုးသစ်ကို လက်ရှိတွင် အခြေခံပညာကျောင်းအများစု၌ ကျောင်းသား ၅၀ ခန့်ကို ဆရာ တစ်ဦးတည်းက သင်ကြားပေးနေ ရသည့် အနေအထားမျိုးရှိနေသည်။ နာမည်ကြီးကျောင်းများတွင် ကျောင်းသားများစုပြုံတိုးနေ ခြင်းက သင်ရိုးသစ်ကို  ထိရောက်စွာ အကောင်အထည်ဖော်ရန် အ ခက်အခဲရှိသည်ဟု အခြေခံပညာ ဆရာ၊ ဆရာမများကဆိုသည်။

စာသင်ခန်းတစ်ခုအတွင်း ကျောင်းသားဦးရေများလွန်းပါက တက်ကြွစွာပါဝင်လုပ်ဆောင်မှု၊  ပူးပေါင်းလုပ်ဆောင်မှု၊ အပြန်အလှန်ပြောဆိုဆွေးနွေးမှုတို့ကိုဖြစ် ထွန်းစေသည့် သင်ကြား၊သင်ယူမှု လုပ်ရန် ခက်ခဲသကဲ့သို့ ဆရာအ နေဖြင့် ကျောင်းသားတစ်ဦးချင်း ကို အာရုံစိုက်ရန် ခက်ခဲသည်ဟု  ယူနီဆက်ပညာရေးစီမံကိန်းအ  ရာရှိ(အငြိမ်းစား) ဒေါက်တာဝင်း အောင်က ဆိုသည်။

‘‘နှစ်တိုင်း နာမည်ကြီး ကျောင်းတွေမှာ မိဘတွေက ထား ချင်တာကြောင့် နယ်ကျော်ပြီး အပ်ကြတယ်။ ကျောင်းတွေက လက်ခံနိုင်တာထက် ကျော်သွား တော့ လူ ၄၀ လောက်ပဲရှိရမယ့် စာသင်ခန်းက ၆၀ လောက် ဖြစ် သွားတယ်။ သင်ရိုးသစ်မှာ ဒီလို လုပ်လို့မရပါဘူး’’ဟုရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာ ဆွေက ပြီးခဲ့သည့်ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်က ပြောကြားထားသည်။

နယ်မြေကျော်မှုပြဿနာ

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနယ်မြေသတ်မှတ်ကာ ကျောင်းအပ်လက်ခံခြင်းကိုယခင် နှစ်များကတည်းက လုပ်ဆောင်ခဲ့ သော်လည်းနယ်မြေကျော်ကျောင်း အပ်မှုများက နာမည်ကြီးကျောင်း အချို့၌ နှစ်စဉ်ရှိနေသည်။

တက္ကသိုလ်ဝင်စာမေးပွဲ Top Ten စာရင်းဝင်ကျောင်းသားများ နှစ်စဉ်ထွက်လေ့ရှိသည့် ကျောင်းများကို နာမည်ကြီးကျောင်းဟု ရန်ကုန်မြို့ရှိ မိဘအများစုက သတ်မှတ်ထားပြီး ထိုကျောင်းများ တွင် သားသမီးကိုထားခွင့်ရရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းလေ့ရှိသည် မှာ နှစ်စဉ်ကျောင်းဖွင့်ရာသီတိုင်း ၌ ဖြစ်သည်။ နယ်မြေကျော် ကျောင်းအပ်ခြင်းဖြင့် အဂတိ လိုက်စားမှုများ ရှိနေကြောင်း ကျောင်းသားမိဘအချို့က  ပြော သည်။

ဦးသိန်းစိန်အစိုးရလက် ထက် ရန်ကုန်တိုင်းဒေသကြီး အ စိုးရက ၂၀၁၂ ဇွန်လ ကျောင်းဖွင့် ချိန်တွင် ရန်ကုန်မြို့ရှိ လာဘ်စား မှုအများဆုံးကျောင်း ၁၉ ကျောင်း စာရင်းထုတ်ပြန်ခဲ့ရာ အထက(၂) မင်္ဂလာဒုံ၊ အထက (၁) ဒဂုံ၊အထက (၅) ဗိုလ်တထောင်၊ အထက (၄) ဗိုလ်တထောင်၊ အထက (၂)ကမာရွတ်၊ အထက (၂) လသာ၊ အထက(၂) ဗဟန်း၊ အထက(၂)စမ်းချောင်း၊ အထက (၂)ရန်ကင်း၊ အထက(၂) လမ်းမ တော်၊ အထက(၄) အလုံ၊ အထက (၂) အင်းစိန်၊ အထက (၄)တာမွေ၊ အထက(၅)ကမာ ရွတ်၊ အလက(၁)ပန်းဘဲတန်း၊ အမက(၂) ကမာရွတ်၊အမက(၂) ဗဟန်း၊ အမက(၃)ဗဟန်းနှင့်  ရန်ကုန်ပညာရေးတက္ကသိုလ်လေ့  ကျင့်ရေးအထက်တန်းကျောင်းတို့  ပါဝင်သည်။

‘‘မိဘတွေက ကိုယ့်ကလေး ကို နာမည်ကြီးကျောင်းတွေမှာ  ထားချင်တော့ ကန်တော့တာတို့၊ ဘာတို့လုပ်ရတာပေါ့။ နယ်မြေ ကျော်မအပ်ရဘူး၊ သူ့မြို့နယ် သန်းခေါင်စာရင်းပါမှ လက်ခံ မယ်ပြောပေမယ့် ကိုယ့်နီးစပ်ရာ သန်းခေါင်စာရင်းထဲ ပြောင်းထည့် ပြီး တက်ကြတာလည်းရှိတယ်’’ ဟု တာမွေမြို့နယ်နေတတိယ တန်းကျောင်းသားမိခင် ဒေါ်စိုး သက်စံက ပြောသည်။

နယ်မြေကျော်ကျောင်းအပ် လက်မခံခြင်းကြောင့် အချို့မြို့နယ်များတွင် သန်းခေါင်စာရင်းအတွင်း ကျောင်းသားနာမည်ယာယီ ထည့်ပေးခြင်းမျိုးကို အခကြေး ငွေယူကာ လုပ်ဆောင်ပေးခြင်း များရှိနေပြီး တစ်ဦးလျှင် ကျပ် သုံးသိန်းမှ ငါးသိန်းခန့်အထိ ပေါက်ဈေးရှိနေသည်ဟု ကျောင်းသားမိဘအချို့က ပြောသည်။

ထို့အပြင် ၂၀၁၄ ကရန်ကင်း မြို့နယ်ရှိ  စံပြလေ့ကျင့်ရေးအ လယ်တန်းကျောင်း(ရန်ကင်းတီ တီစီ) ကျောင်းအုပ်ဆရာမကြီးကို  ကျောင်းအပ်လက်ခံမှု ပြဿနာ ဖြင့် ဘားအံပညာရေးကောလိပ် သို့ပြောင်းရွှေ့ခဲ့ဖူးသည်။ ကျောင်း ဝင်ခွင့်သတ်မှတ်ချက်များနှင့်ပြည့် စုံသောကျောင်းသူကို ရန်ကင်း တီတီစီတွင် သူငယ်တန်းအပ်နှံခွင့် မပြုဘဲ အစိုးရအဖွဲ့ဝန်ကြီးများ၏ လက်မှတ်ဖြင့် နယ်မြေကျော်အပ် နှံသူများကို ကျောင်းဝင်ခွင့်ပြုခဲ့၍ ၀င်ခွင့်မရသည့် ကျောင်းသူ၏ မိခင်က ဖေ့စ်ဘွတ်ခ်တွင်ရေးသား ရာဝန်ကြီးဌာနက စစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးကို ကျောင်းပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

‘‘ဒီလိုထောက်ခံစာတွေနဲ့ တင်ပြတာတွေကို အမှန်တကယ် ဟုတ်၊မဟုတ် စိစစ်ဖို့ ဝန်ကြီးချုပ်က ဒီနှစ်လမ်းညွှန်ထားတယ်။ သူ့တိုင်းအစိုးရအဖွဲ့ ဝန်ကြီးတွေ  လက်မှတ်ထိုးပေးတယ်ဆိုရင် လည်း တကယ်လိုအပ်လို့ ထိုးသ လားဆိုတာ စိစစ်ပြီး တင်ပြဖို့ပြောထားတယ်’’ဟု ဒေါက်တာအောင် ကိုကိုက ပြောသည်။

အခြေခံပညာကျောင်းအများစုတွင် ကျောင်းသား၊ ဆရာ အချိုးမမျှတခြင်း၊ သင်ထောက်ကူ ပစ္စည်းပံ့ပိုးနိုင်မှု အားနည်းခြင်း တို့ကြောင့် မြို့ပေါ်ရှိ နာမည်ကြီး ကျောင်းများတွင် မိမိတို့၏ ရင် သွေးကို ကျောင်းဝင်ခွင့်ရရှိရန် မိဘများက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းခြင်းဖြစ်သည်။

ရန်ကုန်မြို့ပေါ် အထက(၂) ဗဟန်းကျောင်းတွင် ယခင်ပညာသင်နှစ်များက ဗဟန်းမြို့နယ်အပြင် တောင်ဥက္ကလာပ၊တာမွေ၊ ရန်ကင်း၊ မြောက်ဒဂုံစသည့်မြို့ နယ်အစုံမှ ကျောင်းသားများ ကျောင်းအပ်လေ့ရှိသည်။ မိမိမြို့ နယ်၊ ရပ်ကွက်အတွင်းရှိ ကျောင်းများတွင် ဆရာ၊ ဆရာမ မလုံ လောက်ခြင်း၊ ဆရာ၊ ဆရာမများ၏ သင်ပြမှုကို သဘောမကျခြင်း၊ ကျောင်းတွင် အစဉ်အဆက်စာ တော်သည့် ကျောင်းသားရှားပါး ခြင်းတို့ကြောင့် အထက(၂)ဗဟန်းအထိ လာတက်ကြခြင်းဖြစ် သည်ဟု ကျောင်းသားမိဘများက ဆိုသည်။

အစိုးရအနေဖြင့် Catch- ment Area အလိုက် ကျောင်းအပ်နှံသည့်စနစ်ကို တိတိကျကျ ဆောင်ရွက်လိုပါကကျောင်းတိုင်းတွင် စာသင်ခန်း၊ ထိုင်ခုံ၊ သင် ထောက်ကူ၊ ဆရာ၊ဆရာမ၊အခြား လိုအပ်ချက်များကိုပါ တစ်ပြေးညီ ဖြည့်ဆည်းပေးရန် လိုသည်ဟု မိဘအများစုက အကြံပြုသည်။

အချုပ်ဆိုရသော် အခြေခံပညာကျောင်းများဖွင့်ရန် သုံးပတ်ခန့်သာလိုတော့သည်။ မည်သို့ပင် Catchment Area သတ်မှတ်စေကာမူ မိဘများကတော့နာမည်ကြီးကျောင်းများတွင် ကျောင်းဝင်ခွင့်ရရေး ကျောင်းမဖွင့်မီအထိ ကြိုးပမ်းနေဆဲဖြစ်သည်။ သို့ဖြစ်၍ နယ်မြေကျော် ကျောင်းအပ်ခြင်းကို အစိုးရပိုင်းက တင်းကျပ်ထားသော်လည်း လက်တစ်လုံးခြားလှည့်ပတ်မှုများ နှင့် နယ်မြေကျော်ကျောင်းအပ်နှံမှု ရှိ၊ မရှိ၊ ယင်း၏နောက်ဆက်တွဲ လာဘ်စားမှုရှိ၊ မရှိ သတိပြုစောင့် ကြည့်ရန်လိုအပ်ပေသည်။

No comments:

Post a Comment