Saturday, May 18, 2019

မိတ္ထီလာမြို့မရဲစခန်းဝင်း အိမ်ရာလိုင်းခန်းအတွင်း ရဲအုပ်နှင့် ဇနီးအား သေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့သည့်အမှုတွင် သေဆုံးသူရဲအုပ်ကို လူသတ်မှုဖြင့် ထပ်မံအမှုဖွင့်

မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် မြို့မရဲစခန်း လိုင်းခန်းအိမ်ရာဝင်းအတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသော ရဲအုပ်နှင့် ဇနီးအမှုမှ သေဆုံးသူ ရဲအုပ်အား ဇနီးဖြစ်သူအား သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် လူသတ်မှုဖြင့် ထပ်မံအမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။မေ ၁၆ ရက် နံနက်ပိုင်းက မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်အတွင်းရှိ မြို့မရဲစခန်းဝန်းနေ ဒေါ်ဆွေဆွေသန်းသည် လိုင်းခန်းအိမ်ရာ ခြောက်ခန်းတွဲနှစ်ထပ်ဆောင် အပေါ်ထပ် အခန်း (၇) နေ ရဲအုပ်အောင်နိုင်ထွန်း၏ ဇနီးသည် ဒေါ်မြင့်မြင့်သိန်းအား ဈေးဝယ်ရန် သွားရောက်ခေါ်ဆောင်ခဲ့ရာ
နေအိမ်အတွင်းမှ အသံမကြားသဖြင့် အခန်းပြတင်းပေါက်မှတစ်ဆင့် ကြည့်ရှုခဲ့ရာ ဧည့်ခန်းအတွင်းရှိ သင်ဖြူးဖျာပေါ်တွင် ရဲအုပ်အောင်နိုင်ထွန်းသည် လက်ယာဘက်လက်တွင် ခြောက်လုံးပြူး သေနတ်ကိုင်လျက်ဖြင့် တောင်ဘက်ခေါင်းပြူလျက် လဲနေခဲ့ပြီး ဒေါ်မြင့်မြင့်သိန်းမှာ အနောက်ခေါင်းပြူကာ လဲလျက် သွေးထွက်နေသည်ကို တွေ့မြင်ခဲ့ရသဖြင့် အော်ဟစ်အကူအညီတောင်းခဲ့သဖြင့် တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ရာ ရဲအုပ်အောင်နိုင်ထွန်း (၅၂ နှစ်) (တပ်ထောက်ဌာနစိတ်တာဝန်ခံ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး)မှာ ဝစ်ဗလီ ခြောက်လုံးပြူးအား ကိုင်လျက် လက်ယာဘက်နားထင်တွင် ကျည်ပေါက်ထွက်ဒဏ်ရာဖြင့်လည်းကောင်း၊ ဒေါ်မြင့်မြင့်သိန်း (၄၉ နှစ်)မှာ အနောက်မြောက်ဘက် ခေါင်းပြူလျက် ပက်လက်အနေအထားဖြင့် လက်ယာဘက်နားနောက် ကျည်ဝင်ဒဏ်ရာဖြင့်လည်းကောင်း သေဆုံးနေသည့်အမှုအား သေမှုသေခင်းအမှတ် ၁၂/၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ ရဲအုပ်အောင်နိုင်ထွန်းမှာ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သိန်းအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟုဆိုကာ ရဲအုပ်အောင်နိုင်ထွန်းအား လူသတ်မှုဖြင့် ဆက်လက်အမှုဖွင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ သူ့အမျိုးသမီးကို သေနတ်နဲ့ပစ်တယ်လို့ ယူဆတဲ့အတွက် သူ့ကို လူသတ်မှုနဲ့ ထပ်ဖွင့်တာပါ။ အခြားတော့ ဖြည့်စွက်ပြောစရာမရှိပါဘူး” ဟု မိတ္ထီလာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထင်က ပြောကြားသည်။အဆိုပါ အမှုအား မိတ္ထီလာမြို့မရဲစခန်းမှ (ပ) ၂၃၈/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment