Saturday, May 18, 2019

ကျောင်းတွင်းရွေးကောက်ပွဲများမှတစ်ဆင့် ရွေးကောက်ပွဲအလေ့အထများကို ကျောင်းသား/သူလူငယ်များရင်းနှီးကျွမ်းဝင်မှုရှိစေရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိ လွှတ်တော်တွင်မေးခွန်းထုတ်

ကျောင်းတွင်းရွေးကောက်ပွဲများမှတစ်ဆင့်ရွေးကောက်ပွဲအလေ့အထများကိုကျောင်းသား၊ကျောင်းသူလူငယ်များရင်းနှီးကျွမ်းဝင်မှုရှိစေရန်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းကိုကောလင်းမဲဆန္ဒနယ်မှဦးမျိုးဇော်အောင်ကယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်မေးမြန်းခဲ့သည်။ ၎င်းကရွေးကောက်ပွဲစနစ်များ၊ရွေးကောက်ပွဲဆိုင်ရာဗဟုသုတများကိုစာသင်ကျောင်းများတွင်သင်ကြားပေးခြင်း၊ကျောင်းတွင်းရွေးကောက်ပွဲများမှတစ်ဆင့်ရွေးကောက်ပွဲအလေ့အထများကိုကျောင်းသား၊ကျောင်းသူလူငယ်များရင်းနှီးကျွမ်းဝင်မှုရှိစေရန်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။



"အထူးသဖြင့်တော့ကျွန်တော်တို့ကျောင်းတွေမှာဆိုလို့ရှိရင်အတန်းခေါင်းဆောင်ရွေးတာမျိုးရှိပါတယ်။ အတန်းခေါင်းဆောင်ရွေးတဲ့အခါတွေမှာသာဒီမိုကရေစီကျင့်စဉ်ကျင့်ထုံးတွေနဲ့အညီသူတို့ကိုစနစ်တကျလုပ်ပေးလိုက်နိုင်မယ်ဆိုရင်သေချာတာကရွေးကောက်ပွဲရဲ့အတွေ့အကြုံတွေအများကြီးရလာပြီးတော့အနည်းဆုံးတော့အတန်းခေါင်းဆောင်ရွေးတဲ့အခါမျိုးမှာFirst-past-the-postလိုကျွန်တော်တို့စနစ်မျိုးကိုနားလည်လာမယ်လို့ကျွန်တော်ယူဆပါတယ်"ဟုဦးမျိုးဇော်အောင်ကထည့်သွင်းတင်ပြခဲ့သည်။

အဆိုပါမေးခွန်းကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်ကဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်ရွေးကောက်ပွဲအလေ့အထများကိုပြည်သူများရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၂)တွင်ပြည်သူလူထုနှင့်မဲဆန္ဒရှင်အသိပညာပေးခြင်းဟူသည့်အခန်းကဏ္ဍတစ်ရပ်ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၎င်းကဖြေကြားခဲ့သည်။

"ပြည်ထောင်စုဝန်ကြီးဌာနများ၊တက္ကသိုလ်များ၊သင်တန်းကျောင်းများနှင့်တခြားအဖွဲ့အစည်းများမှရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများနဲ့ဗဟုသုတများကိုသင်ကြားပို့ချပေးဖို့ညှိနှိုင်းလာပါကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့ကမူဝါဒပိုင်းဆိုင်ရာသိရှိနားလည်တဲ့ညွှန်ကြားရေးမှူးတွေဒုတိယညွှန်ကြားရေးမှူးလက်ထောက်ညွှန်ကြားရေးမှူးတွေစေလွှတ်ပြီးတော့ကျွန်တော်တို့သင်တန်းများပေးလျက်ရှိပါတယ်"ဟုလည်းသူကဆိုသည်။

ထို့ပြင်ဦးမျိုးဇော်အောင်၏မေးခွန်းနှင့်စပ်လျဉ်းပြီးနိုင်ငံတော်အစိုးရ၏မူဝါဒနှင့်အညီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပေါင်းစပ်ညှိနှိုင်းပြီးအနာဂတ်တွင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်မျှော်မှန်းထားပြီးလက်ရှိအချိန်တွင်တော့ရွေးကောက်ပွဲလုပ်ငန်းစဉ်များအရဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးကြောင်းပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment