Saturday, May 18, 2019

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုဖြင့် CIA အရာရှိဟောင်းတစ်ဦးကို ထောင်ဒဏ် နှစ် ၂၀အပြစ်ပေး

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးမှုဖြင့် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)အရာရှိဟောင်းတစ်ဦးကို အမေရိကန်တရားရုံးမှ ထောင်ဒဏ် အနှစ်(၂၀) မေ ၁၇ ရက်နေ့က အပြစ်ပေး အမိန့်ချမှတ်လိုက်သည်။ အဆိုပါ CIA အရာရှိဟောင်းမှာ ကီဗင်မယ်လိုရီ(အသက် ၆၂နှစ်)ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လနှင့် ဧပြီလက သူ၏ ရှန်ဟိုင်းသို့သွားသည့် ခရီးစဉ်ကာလအတောအတွင်းဝယ် ကန့်သတ်ထားသည့် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို တရုတ်ထောက်လှမ်းရေးသမားတစ်ဦးအား ကန်ဒေါ်လာ နှစ်သောင်းခွဲဖြင့် ရောင်းစားခဲ့သဖြင့် တန်ပြန်သူလျှိုလုပ်ခြင်းဆိုင်ရာ အက်ဥပဒေအရ ထိုသို့ အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။


”ခင်ဗျားကိစ္စက သတင်းရဖို့၊ ကျုပ်ကိစ္စက ငွေရဖို့ပဲ”ဟု ကီဗင်မယ်လိုရီက တရုတ်ထောက်လှမ်းရေးသမားအား ၂၀၁၇ခုနှစ် မေလအတွင်းက SMS ဖြင့်ပြောခဲ့သည်။

အမေရိကန်တပ်မတော်တွင်အမှုထမ်းခဲ့ဖူးသော ကီဗင်မယ်လိုရီ(Kevin Mallory)သည် တရုတ်စကားပြောတတ်သူတစ်ဦးဖြစ်ကာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လုံခြုံရေးဌာအတွက် အထူးအေးဂျင့်တစ်ဦးအဖြစ်အမှုထမ်းခဲ့ပြီးနောက် CIA အတွက် လျှို့ဝှက်အမှုလိုက်အရာရှိအဖြစ်ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

”ဒီအမှုဟာ အမေရိကန်ထောက်လှမ်းရေးအရာရှိဟောင်းတွေ နိုင်ငံနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာဖောက်ဖျက်မှုတွေရှိနေတယ်ဆိုတာ သတိပြုစရာကိစ္စတစ်ခုဖြစ်လာတယ်”ဟု ကီဗင်မယ်လိုရီ၏ အမှုနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု လက်ထောက်ရှေ့နေချုပ် ဂျွန်ဒမ်မာကပြောသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိဟောင်းတစ်ဦးဖြစ်သူ ရွန်ဟန်ဆန်(Ron Hansen)သည်လည်း ကန့်သတ်ထားသော သတင်းအချက်လက်များကို တရုတ်တို့အားရောင်းစားရန် အားထုတ်မှုဖြင့် ပြီးခဲ့သည့် မတ်လအတွင်းက ထောင်ဒဏ် ၁၅ နှစ်အပြစ်ဒဏ်ပေးခြင်းခံခဲ့ရပြီး၊ CIA အရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျယ်ရီချွန်ရှင်းလီ(Jerry Chun Shing Lee - အသက် ၅၄နှစ်)မှာလည်း ငွေကြေးရယူ၍ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့မှုများဖြင့် အမှုရင်ဆိုင်နေရလျှက်ရှိကာ၊ ထာင်ဒဏ် တစ်သက် အပြစ်ရဖွယ်ရှိကြောင်းသိရသည်။

No comments:

Post a Comment