Saturday, May 18, 2019

လုပ်ငန်းခွင်ဝင်ဖို့ ပြင်ကြစို့ သမီးရေ

အညာမြေ မြင်းခြံမြို့ လေး၏ နွေလယ်ကာလ ညနေခင်းရာသီဥတုသည် နေကျချိန်ရောက် သည့်တိုင်  အလုံပိတ်ထားသည့် ရေနွေးအိုးထဲ ရောက်နေသလို ပူအိုက်လှောင်ပိတ်နေဆဲ။ တစ်နေကုန် တစ်နေခန်း ပူလို့လောင်လို့ ကောင်းခဲ့တာတောင် ကိုရွှေနေမင်းက အားရပုံမပေါ်သေး။ ထိုဥတုရာသီကို ဂရုစိုက်ပုံမရသည့် အကောင် သုံး၊ လေးဆယ်ခန့်ရှိ မည့် နွားတစ်အုပ်သည် ဖုန်တထောင်းထောင်းထကာ မြင်းခြံရွာသာကုန်းကျေးရွာဘက် ဝင်လာခဲ့သည်။ ထိုနွားအုပ်နောက် တွင် အသက်(၃၀)ကျော်ရှိမည့် အမျိုးသမီးတစ်ဦးသည် ညာဘက်လက်တွင် တုတ်တစ်ချောင်း ကိုင်ဆောင်ကာ နွားများကို ထိန်းကျောင်းနေသည်။ သူ့ဘယ်ဘက်လက်တွင်တော့ ကလေးငယ်လေးတစ်ဦး ချီထားပြီး ထိုကလေးငယ်က သူ့ပခုံးတွင်မှီကာ အိပ်မောကျနေသည်။ 

ထိုအမျိုးသမီးသည် မဖြူဖြူ ဝင်းဟု အမည်နာမရှိပါသည်။ သူ ချီပိုးထားသည့် ကလေးငယ်လေးကတော့ တစ်နှစ်ခွဲခန့်သာရှိသေး သည့် သူ၏ချစ်လှစွာသော သမီး ငယ်လေး ဇင်သူဝင်းဖြစ်သည်။ ကလေးပေါ်မှာရော မဖြူ၏ ဆံစနှင့် အင်္ကျီ၊ ထဘီတွေပေါ်မှာပါဖုန်တွေက အလိမ်းလိမ်း။ မဖြူ သည် တစ်နေကုန်တစ်နေခန်း နွားကျောင်းခဲ့ရသဖြင့် တစ်ကိုယ်လုံးညောင်းညာနေသည်။ သည်ကြား ထဲ ဥတုက ပြင်းလွန်းသဖြင့် သာ၍ ပင်ပန်းလွန်းလှသည်။ သမီးလည်းမဖြူနှင့်အတူ နေကုန်အောင် နွားကျောင်းလိုက်ခဲ့ရသဖြင့် ပင်ပန်း ရှာ၍ထင်သည်။ မအေ့လက် မောင်းကို မှီတွယ်ကာ  အိပ်မော ကျနေလေပြီ။

နံနက်အိမ်က ထွက်ကတည်းက ထမင်းတစ်နပ်သာစားခဲ့ ရသဖြင့် မဖြူ ဝမ်းကဟာလေပြီ။ ပုဆိုးကွင်းသိုင်းထဲ ထည့်ထား သည့် ၁၀၀ တန် မုန့်လေးနှစ်ခုကလည်း  နေ့ခင်းက သမီးလေး ဆာ သဖြင့် ကျွေးခဲ့ရလို့ ကုန်လေပြီ။ အိမ်ပြန်ရောက်လျှင်တော့ သမီး လေးဘေးချကာ မဖြူ ချက်ဖို့၊ပြုတ်ဖို့ ပြင်ဆင်ရဦးမည်။ လင် သားနှင့် အသက်(၄)နှစ်အရွယ် သားကြီးတို့ စားဖို့အတွက် မဖြူ ထမင်းအိုးတည်ရဦးမည်။ ထမင်း အိုးတည်မည်သာပြောတာ အိမ်မှာ ဆန်ကုန်နေလောက်ပြီ။ တစ်ပြည်ချင်း ဝယ်ချက်ရသဖြင့် ရွာထဲရှိ အိမ်ဆိုင်ကို အပြေးအလွှားသွား ဝယ်ကာ ညနေစာအတွက် ဖန်တီးရဦးမည်။

သူနှင့်အတူ နေပူစပ်ခါး နွားကျောင်းရာလိုက်ရသည့် သမီးလေးကိုကြည့်ပြီး  မဖြူ သနားမိသည်။ သမီးလေး ကံဆိုးလိုက် တာ။ သားကြီးလေးတုန်းကတော့ မဖြူနှင့် ခုလိုမလိုက်ခဲ့ရ။ ပြောသာပြောရသည် သားကြီးက ကိုယ်တိုင်သာမလိုက်ခဲ့ရတာ သူ့ကိုယ် ဝန်ကြီးနှင့်တုန်းကတော့ မဖြူ နွားကျောင်းရသေးသည်။ မဖြူတို့တစ်တွေက မြင်းခြံ ထနောင်းတိုင် အုပ်စု ရွာသာကုန်းကျေးရွာမှာ နေတာဖြစ်သည်။

မဖြူမိဘတွေ အပါအဝင် မဖြူတို့ဝန်းကျင်တွင် နွားအငှား ကျောင်းပေးသည့်လုပ်ငန်း လုပ်သူတွေများသည်။ မဖြူတို့ လင်မယားလည်း နွားအငှားကျောင်းပေးသည်။ တစ်နှစ်စာ  စာချုပ်ရ ပြီး နေကုန်နေခန်း ပင်ပင်ပန်းပန်းလုပ်မှ တစ်လခြောက်သောင်း သာရသည်။

မဖြူ လင်သားကလည်း လယ်ကူလီအလုပ်တို့၊ ကြုံရာ ကျပန်းအလုပ်တို့လုပ်ပြီး မဖြူလည်း အိမ်စားဝတ်နေရေးအ တွက် နွားကျောင်းရသည်။ ထိုသို့နွားကျောင်းရင်းပင် သားကြီး ကိုယ်ဝန်ရသည်။ ယောက်ျားက တော့ ‘‘နားလိုက်ပါလား ငါ့မိန်းမရယ်’’ဟု ပြောရှာပါသည်။ သို့သော် သူလည်း ပြောသာပြောရ သည် လေသံက ခပ်လျော့လျော့။ အဘယ်ကြောင့်ဆိုသော် နွားတွေ က နှစ်ချုပ်နှင့် လက်ခံထားပြီးသား လည်းဖြစ်၊ ယောက်ျားမှာလည်း အခြားအလုပ်တွေ လိုက်လုပ်နေရ၍ မအားတာမို့ နားဖို့ဆိုတာ မဖြစ်နိုင်။ ထို့ကြောင့် မဖြူသာ ဗိုက်ကြီးတကားကားနှင့် နွား ကျောင်းရလေသည်။

ငွေကြေးတတ်နိုင်သူတွေက တော့ ကိုယ်ဝန်ဆောင်ချိန် မွေးဖွားမည့် ကလေးအတွက် အစစအရာ ရာ ဂရုတစိုက်နေရသော်လည်း ဗိုက်ကြီးသည် မဖြူမှာတော့ နွားတွေတရုန်းရုန်းနှင့် ပြေးလွှားနေရသည်။ မတော် အခင်းတွေထဲ ဝင်စားနေလျှင် လျော်ရမည်မို့ မဖြူကြောက်သည်။ သူများအခင်းထဲ ဝင်ခါနီးလျှင် ပြေးလွှားကာ ခြောက်ရသည်။ မညီညာသည့်မြေတွေထဲ ပြေးရသည်မို့ ချော်လဲ မလိုလို မကြာခဏဖြစ်သည်။ တော်သေးသည် မဖြူ ကိုယ်ဝန်ကိုတော့ ထိခိုက်လောက်အောင် မလဲခဲ့။

နွားကျောင်းသည့်အခါ  နွားတွေ သူများအခင်းထဲ ဝင်တာအ ပြင် ပိုးကောင်မွှားကောင်မကိုက် စေရန်လည်း ဂရုစိုက်ရသည်။ မဖြူတို့ နယ်တွေမှာက မြွေပွေး၊ မြွေဟောက် ပေါလှသည်မို့ နွားတွေပိုး ထိ၍ အသက်ဆုံးရှုံးလျှင် မဖြူတို့လျော်ရမည်ဖြစ်သည်။ ကိုယ်ဝန် ဆောင်သည် မဖြူသည် သူပိုးထိ မှာထက် နွားတွေပိုးထိမှာ စိုးလေသည်။ စားစရာလည်းမရှိ၊ လျော်စရာလည်းမရှိသည့်ဘဝမို့ မဖြူတစ်စက်လေးမှ အတိမ်းအစောင်း မခံနိုင်ပါ။ မြွေတွေ့လျှင် မဖြူ မေတ္တာပို့သည်။ ‘‘နင်တို့လည်း အန္တရာယ်ကင်းပါစေ၊ ငါတို့လည်း အန္တရာယ်ကင်းပါရစေ။ ရှောင်ပါ တိမ်းပါ’’ဟု။

မဖြူ ခေါင်းတွေကိုက်၊ ခါးတွေနာလာမှ ‘ငါမွေးချိန်နီးပြီထင် ပါရဲ့’ဟု တွေးပြီး နွားကျောင်းအ လုပ်နားသည်။  ရွာကအိမ်မှာတင်  မီးနေခန်းပြင်ဆင်ပြီး နှစ်ရက်နေတော့ သားလေးကို မဖြူ မွေးဖွားခဲ့ သည်။ သားလေးမွေးတုန်း မဖြူ ယောက်ျားက နွားကျောင်းသည်။ သားလေး လေး၊ ငါးလအထိ မဖြူနားလိုက်ရသေးသည်။ သို့သော် ယောက်ျားတစ်ယောက် လုပ်စာ နှင့် ဘယ်လိုမှ မလောက်သဖြင့် မဖြူ အလုပ်ပြန်လုပ်ဖို့ စီစဉ်ရ သည်။ သို့သော် နွားတွေလည်း နှစ်ချုပ်ကုန်ပြီး ပြန်အပ်ထားရ၍ နွားကျောင်းစရာလည်း လောလော ဆယ် မရှိသေး။ သို့ဖြင့် မဖြူကလေးတစ်ဖက်နှင့် ရရာကူလီ အလုပ်တွေ လိုက်လုပ်သည်။

ထိုသို့ ကလေးတစ်ဖက်နှင့်လုပ်ရ၍ အလုပ်လည်း ကောင်း ကောင်းမတွင်။ မဖြူတို့ဘက် မိုးကလည်း မကြာခဏ ခေါင်လွန်းလှသဖြင့် စိုက်ရေးပျိုးရေးခက်တာ ကြောင့် ကူလီအလုပ်ကလည်း ရတစ်ချက်၊ မရတစ်ချက်။ ထိုသို့ဖြင့် လုံးလည်ချာလည်လိုက်နေ ရင်း သားလေး (၃)နှစ်ကျော်ကျော် မှာ ဒုတိယသမီးလေးကို မဖြူတို့ ထပ်ရလေသည်။

သမီးလေး မွေးအပြီးမှာတော့ မဖြူတို့ နွားကျောင်းသည့် အလုပ် ပြန်လုပ်ရသည်။ တစ်ရက် ငွေ ၂,၀၀၀ သာ ရသော်လည်း အခြားလုပ်စရာလည်း ရွေးချယ် စရာမရှိ၍ ပင်ပန်းသော်လည်း မဖြူ လုပ်ရသည်။ မဖြူ သူပင်ပန်းတာမမှုသော်လည်း သမီးလေးပါသူနဲ့အတူ နွားကျောင်းရာခေါ်လာရတာ စိတ်ထဲ ဘယ်လိုမှ မကောင်း။ နံနက် ၆ နာရီလောက် ထကာ ချက်ပြုတ်စားသောက်ပြီး နွားကျောင်းထွက်ဖို့ ပြင်ရသည်။ ချက်ပြုတ်စားသောက်သည်ဆို၍  အကောင်းတွေလည်း မထင်နှင့်။တစ်ရက်တစ်ရက် လင်မယားနှစ် ယောက် ချွေးတွေ ရေချိုးထား သလိုကျအောင် လုပ်တာတောင်  ဝင်ငွေက နည်းလှသည်မို့ တစ်ရက်တစ်ရက် ဈေးပေါသည့် ငါးပိကောင်လေးနှင့် ငရုတ်သီးလေး ကြော်လိုက်၊ ချဉ်ပေါင်ရွက် အ ရည်ကျဲကျဲဖြင့် ချက်လိုက်နှင့်မသေထမင်း မသေဟင်းသာ စား ရသည်။

မိုးတုန်းကတော့ မဖြူတို့ အ တော်လေး ဒုက္ခရောက်သည်။ နွားကျောင်းရင်း ထီးဆောင်းလို့လည်း မလွယ်တာကြောင့် ခမောက်သာပါသည်။ ခမောက်လေးတစ်လုံး တည်းမို့ သမီးလေး မိုးလုံအောင် မဖြူ ရင်ခွင်ထဲ တင်းတင်းကျပ် ကျပ် ဖက်ထားသော်လည်း ဘယ် လိုမှမလုံ။ သမီးလေးမျက်နှာပေါ်  မိုးရေစက်တွေက တဝေါဝေါနှင့် ခုန်ဆင်းလေသည်။ သမီးလေးကို တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲနစ် သွားခဲ့သည်။ သို့သော် သမီးက ကလေးသာမို့ မိုးရေတွေ သူ့ကို လာပက်တာ တခစ်ခစ်နှင့် သဘောတောင် ကျနေသေးသည်။ မဖြူမှာတော့ သမီးလေး ကြည့် ကာ စိတ်ထိခိုက်ရသည်။ မိုးတ အားသည်းလာလျှင်တော့ အ တော်အသင့်လုံမည့် အပင်ကြီး တစ်ပင်အောက် ခိုပုန်းရသည်။ သို့သော် အပင်အောက်မို့ မိုးတွေက လာလာပက်သည်။ သမီးလေးကတော့ မိုးရေအေးအေးလေး တွေ သူ့လာထိတာမို့ ပျော်နေဆဲ။ မဖြူမှာတော့ သမီးကို လုံနိုင်သမျှ လုံအောင် ထွေးပွေ့ရင်း သက် ပြင်းသာချရလေသည်။

မိုးမှာပျော်ခဲ့သည့် သမီးသည် နွေရောက်လျှင်တော့ ဒုက္ခရောက်လေသည်။ တစ်နေကုန် နေပူထဲ မအေနှင့်အတူ နွားကျောင်း လိုက်ရသဖြင့် မွေးခါစက ဖြူဖြူတုတ်တုတ် သမီးလေးသည် နွေပေါက်ပြီး သိပ်မကြာ အသားတွေမည်းသွားခဲ့သည်။ ပိုဆိုးသည်က နေပူမိ၍ သမီးသည် ပိန်လာခဲ့သည်။ မဖြူလည်း ရနိုင်သလောက်သမီးလေး နေပူမမိအောင် ဦးထုပ် လေးဆောင်းပေး၊ ခမောက်က လေး မိုးပေးပါသည်။ သို့သော် နွားတွေနှင့် ပြေးလွှားနေရသည်မို့ ဘယ်လိုမှမရ။ နေပူမိသော်လည်းသမီးလေးက သန္ဓေတော့ကောင်း ရှာသည်။ ဖျားတာနာတာမဖြစ်။ မဖြူကလည်း သမီးကို လျှာပွတ်ဆေးလေး ကြိုကြိုတိုက်ထားရ သည်။

 နေတအားပူလျှင်တော့ သမီးလေး သိပ်မနေနိုင်တော့ပါ။ ဒီနှစ်ဆို ဥတုက ပြင်းလွန်းသဖြင့် မကြာခဏ ငိုလေသည်။ ပြီးတော့ ဗိုက်ကလည်း ဆာလာပုံရသည်။ မဖြူတို့အလုပ်က ထမင်းချိုင့်လည်း မထုပ်နိုင်၊ မနက်ခင်းလင်း လင်းချင်း တစ်နပ်သာစားပြီး နေကုန်ညနေစောင်းလို့ နွားပြန်သွင်း ချိန်မှသာ ထပ်စားရသဖြင့် မဖြူ လည်း နေ့ခင်းနေ့လယ်ဆို ဆာပါသည်။ ပိုဆိုးသည်က သမီးလေး ကိုလည်း နို့တိုက်ရသည့် မိခင်မို့ ပိုပြီးတောင် ဆာလှသည်။ သို့ သော် အဆင်ပြေတဲ့ရက်ဆို ဝယ်  လာတတ်သည့် ၂၀၀၊ ၃၀၀ ဖိုးမုန့်ပဲသရေစာကလည်း သမီးလေး စားတာနှင့်သာ ကုန်သည်။ မုန့် မဝယ်တဲ့ရက်ဆို သမီးလေးကို နို့သာတိုက်ရသည်။ မဖြူမှာလည်းအာဟာရက ကောင်းစွာမပြည့် သည်မို့ နို့မထွက်တာ မကြာခဏ ကြုံရသည်။ ထိုအခါမျိုးမှာ မဖြူသမီးလေးကိုသာ သနားမိသည်။နောက်ဆုံးတော့ ကုန်ခန်းနေသည့်ရေဘူးထဲ မြစ်ရေတင်ဆည်ထဲကနေ ရေသွားခပ်ပြီး သမီးကိုလည်းတိုက်၊ သူကိုယ်တိုင်လည်း သောက်ကာ ဝမ်းကိုဖြည့်ရလေ သည်။

နွားကျောင်းရင်းနှင့်လည်း အိမ်အတွက် ထင်းခွေရသေး သည်။ အချို့ရက်တွေဆို သမီးကို တစ်ဖက်ကချီ၊ တစ်ဖက်မှာ တုတ်နှင့် ခေါင်းပေါ်မှာတော့ ထင်းကိုင်းခြောက်စည်းရွက်ပြီး ရွာပြန်ရ သည်။ အိမ်ပြန်ရောက်တော့ မဖြူ ညောင်းညာကိုက်ခဲနေလေပြီ။ သို့သော် မဖြူ မနားနိုင်သေး။ မိသားစု ညစာအတွက် အပြေးအလွှားသွားဝယ်ပြီး ချက်ရပြုတ်ရပြန် သေးသည်။ ပင်ပန်းလွန်းလှသည့် ဘ၀အတွက် မဖြူ သူ့သားနှင့်သမီးကို အတော်လေး သနားမိသည်။ သူတို့တွေကျလျှင်တော့ မဖြူတို့လို မပင်ပန်းစေချင်တော့။ ထို့အ တွက် မဖြူသားနှင့်သမီးကို ပညာတတ်ကြီးတွေ ဖြစ်စေချင်သည်။ သူတို့လေးတွေ ဒီလိုလုပ်မစားရ ပါစေနဲ့ဟု မကြာခဏ ဆုတောင်း မိသည်။ ဘာပဲပြောပြော ပညာတတ်လျှင်တော့ မဖြူတို့လောက် ထိတော့ မပင်ပန်းနိုင်။ အနည်းဆုံး  အရိပ်ကလေးထဲတော့ ခိုခွင့်ရလိမ့်မည်။

အတာနှစ်ကူးပြီးတော့ မဖြူနွားကျောင်းအလုပ် တစ်နှစ်စာပြည့်သွား၍ နားထားသည်။ မကြာမီ ပြန်ကျောင်းရဦးမည်။ သို့သော် နွားသာမကျောင်းသေးတာ၊ ပဲတီစိမ်းကောက်တို့၊ ပြောင်းရိုးစက် တိုက် (နွားစာစဉ်း)တို့ မဖြူ အကုန်လိုက်လုပ်လေသည်။ ဘာ အလုပ်ပဲလုပ်လုပ် သမီးလေးကတော့ မဖြူနောက် ကောက် ကောက်ပါအောင် လိုက်ရရှာပါသည်။ မဖြူ စိတ်ဓာတ်တော့မကျ ပါ။ မဖြူတို့လို သားသည်အမေတွေ လုပ်ကိုင်ရုန်းကန်နေရတာ တွေ မဖြူဝန်းကျင်မှာကိုရှိသည်။ ဒါကြောင့် ဘာမှစိတ်ဓာတ်ကျ စရာမလို။ မဖြူ တစ်ခုတော့ ရည်မှန်းထားသည်။ အိုးမကွာ အိမ်မကွာ အိမ်ဆိုင်လေးတစ်ခုလောက် တော့ ဖွင့်နိုင်အောင် ကြိုးစားဦး မည်။ ဒါဆို သမီးလေး သူနဲ့အတူ ပင်ပန်းစရာမလိုတော့။  မဖြူကသာ သမီးလေးအ တွက် အစစအရာရာ စဉ်းစားပေး နေတာ သမီးလေးကတော့ တစ် နှစ်ခွဲအရွယ်နှင့်မလိုက်အောင် သိ တတ်နေပါသည်။ သမီးလေးသည် ငယ်သေးသော်လည်း နွားကျောင်း ရင်းနှင့် လူဖြစ်ခဲ့ရ၍ မအေဖြစ်သူ မဖြူကို နားလည်ပုံရသည်။ မနက်လင်းသည်နှင့် ဦးထုပ်ဆောင်း၊ ရေဘူးယူကာ တုတ်ဆွဲပြီး နွားကျောင်းထွက်ဖို့ ပြင်တတ်သည်။ နွားတွေ ကိုလည်း တုတ်တစ်ချောင်းနှင့် လိုက်မောင်းပေးသည်။ အခု လည်း နွားကျောင်းမထွက်တာတောင် မနက်လင်းသည်နှင့် မအေနှင့် လုပ်ငန်းခွင်လိုက်ဖို့ အဆင်သင့်။ မဖြူတို့ သားအမိ အဖို့ သူရိန်နေမင်း၏ ရောင်ဝါကို လည်း ဂရုမစိုက်နိုင်။ မိသားစုဝမ်းလေးထွာအတွက် အပူက ဆယ်နွေထက် ကဲသမို့ သည်အပူ လောက်တော့ မဖြူတို့က အ ပျော့... ။

No comments:

Post a Comment