Saturday, May 18, 2019

ဧရာဝတီတိုင်းအတွင်းရှိ နေလှန်းဆားလယ်များ ရာသီသိမ်းပြီဖြစ်ပြီး ယခုနှစ် ဆားကြမ်းအထွက်တိုး၍ ဈေးနှုန်းသင့်တင့်မှုကြောင့် ဆားတောင်သူများ အကျိုးအမြတ်များပြား

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေလှန်းဆားလယ်များမှာ ရာသီသိမ်းပြီဖြစ်ပြီး ယခုနှစ်တွင် ရာသီဥတုကောင်းမွန်မှုနှင့် ဆားကြမ်းဈေးနှုန်း သင့်တင့်မှုကြောင့် ဆားတောင်သူများအနေဖြင့် အကျိုးအမြတ်များပြားခဲ့ကြောင်း သတင်းရရှိသည်။ မိုးရွာသွန်းမှုနည်းပါးကာ နေပူရှိန်ပြင်းထန်မှုကြောင့် နေလှန်းဆားကွင်းများတွင် ဆားထွက်နှုန်းများ များပြားခဲ့ကြောင်း၊ ဆားလယ်တစ်ဧကလျှင် ဆားကြမ်းပိဿာ တစ်သောင်းကျော်ခန့်အထိ ထွက်ရှိခဲ့ကြောင်း၊  ဆားကြမ်းဈေးနှုန်းမှာလည်း ရာသီတစ်လျှောက်လုံးတွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၁၅၀ မှ ကျပ် ၂၀ဝ ခန့်ထိ မြင့်တက်ခဲ့ပြီး ယခုရာသီသိမ်းချိန်တွင် ဆားကြမ်းတစ်ပိဿာမှာ ကျပ် ၁၅၀ ဝန်းကျင်အထိ ဈေးနှုန်းရရှိခဲ့သောကြောင့် ဆားတောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိခဲ့သည့် ရာသီတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။



“ဒီနှစ်ကတော့ မိုးသိပ်မရွာတော့ ဆားက အတော်ထွက်တယ်။ နှစ်ပတ်လောက် ပို လုပ်လိုက်ရတဲ့ သဘောပေါ့။ အခုက တချို့ကွင်းတွေကတော့ ရာသီသိမ်းနေပြီ။ တချို့ကွင်းတွေကတော့ မိုးလည်းမလာသေးတော့ ဆက်လုပ်နေကြသေးတယ်။ အထွက်လည်း ကောင်းတယ်။ ဆားလယ် တစ်ဧကကို အရင် က ပိဿာ ၈၀ဝ၀ ပဲထွက်တာကနေ ဒီနှစ် တစ်သောင်း၊ တစ်သောင်းနှစ်ထောင်လောက်အထိ ထွက်တယ်။ ဈေးကလည်း အခုအချိန် တစ်ပိဿာ ကျပ် ၁၅၀ လောက်ထိရှိတယ်။ ဒီနှစ်ကတော့ အကျိုးအမြတ်ရတယ်လို့ ပြောလို့ရတာပေါ့” ဟု လပွတ္တာမြို့နယ်မှ ဆားတောင်သူတစ်ဦးဖြစ်သူ ဦးသိန်းဇော်ဦးက ပြောကြားသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း လပွတ္တာမြို့နယ်၊ ငပုတောမြို့နယ်၊ ဒေးဒရဲမြို့နယ်များတွင် နေလှန်းဆားထုတ်လုပ်ခြင်းအား အဓိက လုပ်ဆောင်လေ့ရှိပြီး နာဂစ်မုန်တိုင်းအပြီးတွင် ဆားကြမ်းဈေးနှုန်းများ ကျဆင်းမှုကြောင့် ဆားတောင်သူများ အရှုံးများစွာပေါ်ခဲ့ပြီး ယခုနောက်ပိုင်းသုံးနှစ်ခန့်မှစတင်ကာ အကျိုးအမြတ်များ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ 

No comments:

Post a Comment