Saturday, May 18, 2019

ကရင်နီ လူငယ် ၆ ဦးကို ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခြင်းဖြင့် ကယားဝန်ကြီးချုပ် ဒီမိုကရေစီကို ခြိမ်းခြောက်ဟုဆို

ကရင်နီလူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံရေး ဥပဒေပုဒ်မ ၁၀ ဖြင့် ကယားပြည်နယ်အစိုးရက အမှုဖွင့်ခြင်းသည် ၀န်ကြီးချုပ် ဦးအယ်ဖောင်းရှိုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုသော ဒီမိုကရေစီကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ကရင်နီလူငယ်များက ပြောဆိုလိုက်သည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ကန္ဒာဟေဝန် ပန်းခြံအတွင်းထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးအတွက် ဦးဆောင်ပါဝင်သော ကရင်နီပြည် လူငယ်များ အင်အားစုအဖွဲ့ဝင်များ ဖြစ်သော ခူးကြူးဖဲကေး ၊ ခူးရီးဒူး ၊ ခွန်းသောမိတ် ၊ မျိုးလှိုင်ဝင်း ၊ ပျားလေး ၊ ဒီးဒီး တို့ကို ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ကို ကျေးဇူးကန်းသူများ၊ အမျိုးသားသစ္စာဖောက်များအဖြစ် ကြေညာခဲ့ မှု အပေါ် ကယားပြည်နယ်အစိုးရက ပုဒ်မ ၁၀နှင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။



မေလ ၁၆ ရက်နေ့တွင် ကရင်နီပြည် လူငယ် များ အင်အားစု အဖွဲ့ဝင် ၆ ဦးတို့ကို အရေးယူပေးရန် ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင်က တရားလိုအနေဖြင့် လွိုင်ကော်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုထားကြောင်း သိရသည်။

“ ကျနော်တို့ ကြားထားတယ်။ ဒီကိစ္စကို တရားဝင် စာရမှာ ဖြေရှင်းသွားမယ်။ ဒီအပေါ်မှာ ထူးထူးခြားခြားခံစားရတာတော့ မရှိဘူး။ ကျနော်တို့အမျိုးသားရေး ၊ ကျနော်တို့ သမိုင်းကို မှတ်တမ်းတင်သွားမယ် အဖြစ်အပျက်တစ်ခုလို့ ပြောချင်ပါတယ်။ သူတို့ဘက်ကတော့ ကျနော်တို့ဘက်က တစ်ခုခုလုပ်လိမ့်မယ် ဆိုပြီးမှ စိုးရိမ်တာ ၊ ကိုယ်လိပ်ပြာ ကိုယ်မလုံတာ ၊ နောက်တစ်ခုက ကျနော်တို့ရဲ့ ဒီမိုကရေစီ အခွင့်အရေး တစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခြိမ်းခြောက်တားဆီးတယ်လို့ မြင်ပါတယ် “ ဟု ကိုဒီးဒီးက ပြောသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၆ လ မှအများဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်အနေဖြင့် ၃ သိန်းမှ ၁၅ သိန်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် ၊ စီမံဘဏ္ဍာဝန်ကြီးတို့သည် အာဏာလုပ်ပိုင်ခွင့် နှင့် ငွေကြေးအင်အား အသုံးပြုပြီး ဌာနေတိုင်းရင်းသားများ ၊ အသင်းအဖွဲ့ များ ၊ လူ ပုဂ္ဂိုလ်များကို သွေးခွဲစည်းရုံးသွေးဆောင်ကာ ဗိုလ်ချုပ်ကြေးရုပ်ကို တည်ဆောက်ခဲ့ကြောင်း ၊ ဦးအယ်လ်ဖောင်းရှို နှင့် ဦးမော်မော်တို့အား နိုင်ငံရေးရာဇဝတ်ကောင်များ ၊ကရင်နီ အမျိုးသား သစ္စာဖောက်များ ၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး၏ ရန်သူများ ၊ ကျေးဇူးကန်းသူများ ဖြစ်ကြောင်း ကရင်နီလူငယ်များက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ရုပ်တု ပြောင်းရွှေ့နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ကရင်နီပြည်လူငယ်များအင်အားစု သပိတ် ကော်မတီနှင့် ပြည်နယ်အစိုးဖွဲ့တို့အကြား ညှိနှိုင်းခဲ့သော်လည်း ညှိနှိုင်းမှု အထမမြောက်ဘဲ ပျက်ပြယ်ကာ နောက်ဆုံးတွင် ယင်းကဲ့သို့ တင်မားမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်က ကယားပြည်နယ်အစိုးရအဖွဲ့သို့ အမှုဖွင့်သည့် အခြေအနေနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်ရယူရန် ကြိုးပမ်းသော်လည်း မည်သူမှ တာဝန်ခံဖြေဆိုခြင်းမရှိပေ။

No comments:

Post a Comment