Saturday, May 18, 2019

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့်PPST အဖွဲ့မှ KNU နုတ်ထွက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထား သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ (PPST)  မှ ကရင်အမျိုးသားအစည်းအရုံး (KNU) နုတ်ထွက်ကြောင်း သတင်းရရှိသည်။ PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် မေ ၁၄ ရက်မှ စတင်ပြုလုပ်နေပြီး အဆိုပါအစည်းအဝေး စတုတ္ထနေ့ဖြစ်သည့် မေ ၁၇ ရက်တွင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက KNU ၏ နုတ် ထွက်စာကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးစတုတ္ထနေ့၏ သဘာပတိဖြစ်သူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက အတည်ပြု ပြောကြားသည်။


“ဟုတ်ပါတယ်။သူတို့ စာတင်တယ်။သူတို့ ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဆိုပြီးတော့ စာလာတင်တာ တွေ့ပါတယ်။ ဘာကြောင့်မှတော့ မဟုတ်ပါဘူး။ သူတို့ တစ်ဖွဲ့ချင်း လုပ်စရာတွေ ရှိတယ်ပေါ့။သူတို့ PPST ကိုလည်း PPCM ဆိုပြီး အသွင်ပြောင်းချင်တယ်ပေါ့။အဲဒါတွေကို အသွင်ပြောင်းချင်တဲ့ဟာကို နောက်မှ Proposal တင်တာပါ။ နုတ်ထွက်တာက အရင်ထွက်တာ။ ထွက်ပြီးတော့ သူတို့ ထွက်ပြီပေါ့။ PPCM မှာ သူတို့ဆက်လုပ်မှာပေါ့။ ဝါသနာတူတဲ့သူတွေလည်း လိုက်ကြပေါ့။ မတူရင်လည်း PPST မှာ ကျန်ပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။


PPST တရားဝင်ရှစ်ဖွဲ့တွင် အများစုက PPST အစုအဖွဲ့ကိုသာ ဆက်သွားရန် ဆန္ဒရှိနေပြီး KNU က တင်ပြသည့် Peace Process Coordination Meeting (PPCM) ကို လက်မခံကြောင်း ゞင်းက ပြောကြားသည်။

“အခုက PPST တရားဝင်ရှစ်ဖွဲ့မှာ ခြောက်ဖွဲ့၊ ခုနစ်ဖွဲ့လောက်ကတော့ PPST ကို ဆက်သွားဖို့ အနည်းဆုံးတစ်နှစ် တစ်နှစ်ခွဲပေါ့။ ရွေးကောက်ပွဲအထိ ဆက်သွားဖို့ အားလုံးက အာသီသရှိကြတယ်။ ဒီပုံစံအတိုင်း ပုံစံမပျက်ပေါ့လေ။ ပြင်စရာရှိရင်လည်း နည်းနည်းပါးပါးပြင်ပေါ့။ အဲဒီအသစ်ကိုတော့ လက်မခံဘူးပေါ့။ နည်းနည်းလေး ဝန်လေးနေကြတယ်။ ဟိုကလည်း အသစ်ကို လက်ခံဖို့ အခြေအနေမရှိဘူးဆိုတော့ သူက ထွက်လိုက်ပြီးတော့ လမ်းပြလိုက်တာပေါ့။ နည်းနည်းတော့ အားစမ်းတဲ့သဘောလည်း ပါကောင်းပါနိုင်တာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

PPST မှ KNU နုတ်ထွက်သွားသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခက်အခဲမဖြစ်နိုင်ကြောင်း၊ KNU အနေဖြင့်လည်း အစိုးရနှင့် Bilateral ပြန်သွားမည်ဖြစ်ကြောင်း နှင့် NCA ကို တစ်ဖွဲ့ချင်းစီ လက်မှတ်ရေးထိုး ထားခြင်းဖြစ်သည့်အတွက် တစ်ဖွဲ့ချင်းအမြင်ဖြင့်သာ သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

PPST အစုအဖွဲ့သည် ရာခိုင်နှုန်းပြည့် တပ်ပေါင်းစု မဟုတ်သည့်အတွက် KNU ၏ နုတ်ထွက်စာအပေါ်တွင် ဆွေးနွေးဆုံးဖြတ် အတည်ပြုခြင်းများ ဆောင်ရွက်သွားရန် မရှိကြောင်းလည်း ゞင်းက ရှင်းလင်းပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ အစိုးရ၊ တပ်မတော်နှင့် ပူးတွဲအကောင်အထည်ဖော်သောလုပ်ငန်းတွင် NCA-SEAO များ အတူတကွ ပါဝင်ရေးနှင့် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းရေးဟူသော ရည်ရွယ်ချက်သုံးခုဖြင့် PPST အဖွဲ့ အား ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောကြားသည်။

“ဒီရည်ရွယ်ချက်သုံးခုဆိုတော့ သူက ဒီ ရည်ရွယ်ချက်သုံးခုကိုတော့ သူ့ဘက်က ဆက်လုပ်မှာပါ။ ဒါပေမဲ့လည်း သူက တစ်ဖွဲ့ချင်းလုပ်သွားမှာပါ။ PPST အစုအဖွဲ့နဲ့ မလုပ်ဘူးပေါ့။ အဲဒါပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းတော့ မပျက်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ခေါ်စရာရှိရင် ခေါ်မှာပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

KNU သည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပြန်လည်တည့်မတ်ရန် အလွတ်သဘော အစည်းအဝေးများမှတစ်ဆင့် အဖြေရှာမည်ဟုဆိုကာ အစိုးရနှင့် တရားဝင် တွေ့ဆုံသည့် အစည်းအဝေးများသို့ တက်ရောက်ခြင်းကို ယာယီရပ်ဆိုင်းထားသည်။

PPST အဖွဲ့ကို NCA စာချုပ်အား ကနဦး လက်မှတ်ရေးထိုးခဲ့ကြသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊  ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က NCA အကောင်အထည်ဖော်ဖက်များအဖြစ် ပါဝင်ကြောင်း သိရသည်။ 

No comments:

Post a Comment