Saturday, May 18, 2019

ပဲခူးတိုင်းဝန်ကြီးချုပ်အပါအဝင် ၈ ဦးကို စည်ပင်ဥက္ကဋ္ဌဟောင်းက အမှုဖွင့်

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စည်ပင်ဝန်ကြီး၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတို့ အပါအဝင် အစိုးရအဖွဲ့ဝင် ၈ ဦးတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အမှုဖွင့်ထားတယ်လို့ သာယာဝတီမြို့နယ် စည်ပင်ဥက္ကဋ္ဌဟောင်း ဦးကျော်ဆန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ေ မ ၁၇ ရက်နေ့က အမှုဖွင့်လျှောက်ထားခဲ့တာဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အနေနဲ့ ၂၀၁၉ ခုနှစ် ရာဇဝတ်အထွေထွေအမှုအမှတ် ၃၆ နဲ့ အမှုဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးကျော်ဆန်းအောင်ရဲ့ ရှေ့နေက ဆိုပါတယ်။



တရားလွှတ်တော် ရှေ့နေဦးမင်းသက်ဇင်က “လျောက်ထားသူကတော့ ဦးကျော်ဆန်းအောင်ပေါ့နော်။ လျောက်ထားခံရသူတွေကတော့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ နောက်ပြီးတော့ ပဲခူးတိုင်း စည်ပင်ဝန်ကြီး။ နောက်ပြီးတော့ ပဲခူးတိုင်း လယ်ဆည်ဝန်ကြီး ဝန်ကြီး ၂ ပါး ပါတယ်ပေါ့။ နောက်ပြီးတော့ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ ရှေးဦး စုံစမ်းမှုကို ပြုလုပ်ခဲ့တဲ့ ရှေးဦးစုံစမ်းရေး အဖွဲ့ဝင် ၅ ဦးပေါ့နော်။ အားလုံးပေါင်း ၈ ဦးပေါ့။ လျှောက်ထားခံရသူများအနေနဲ့ ဖော်ပြပြီးတော့ ကျနော်တို့ ဒီနေ့ တရားစီရင်ရေးမှာ အမြင့်ဆုံး အာဏာဖြစ်တဲ့ အာဏာပေး စာချွန်လွှာထုတ်ဆင့် ပယ်ဖျက်ပေးဖို့ လျောက်ထားတယ်”  လို့ ပြောပါတယ်။

သာယာဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်းအနေနဲ့ ငွေကြေးအလွဲသုံးစားမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ၅ ဦးပါဝင်တဲ့အဖွဲ့နဲ့ ကနဦး စစ်ဆေးမှုပြုလုပ်ခံရပြီးချိန်မှာ ရာထူးမှထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။

အမှုစစ်ဆေးချိန်မှာ ဥပဒေနဲ့အညီ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်း မရှိသလို ဖိအားပေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ အလွဲသုံးစားပြုလုပ်မှု မရှိခဲ့တာကို အယူခံခွင့်မပေးဘဲ ရာထူးမှထုတ်ပယ်ခဲ့တဲ့အတွက် ဂုဏ်သိက္ခာအရ လက်မခံနိုင်တာကြောင့် တရားရေးမဏ္ဍိုင်ရဲ့ အမြင့်ဆုံးအာဏာဖြစ်တဲ့ အာဏာပေး စာချွန်လွှာထုတ် ဆင့်ပေးဖို့ လျောက်ထားရတာလို့ အမှုဖွင့်လျောက်ထားခဲ့သူ ဦးကျော်ဆန်းအောင်က ပြောပါတယ်။

လျှောက်ထားမှုအပေါ် တရားလွှတ်တော်ချုပ်ရုံးအနေနဲ့ လက်ခံလိုက်ပြီဖြစ်တဲ့အတွက် မကြာခင်ကာလအတွင်း တရားသူကြီး ၃ ဦးပါဝင်တဲ့အဖွဲ့က ကနဦး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

အာဏာပေးစာချွန်လွှာထုတ်ဆင့်အမိန့်အနေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ အမြင့်ဆုံးအာဏာဖြစ်တဲ့အတွက် ပြည်ထောင်စုတရားသူကြီးချုပ်ကိုယ်တိုင် အမိန့်ချမှတ်ရမှာဖြစ်ပြီး နိုင်ငံတော် သမ္မတရဲ့ အမိန့်နဲ့ ဆုံးဖြတ်ချက်တွေကိုပါ ပယ်ဖျက်နိုင်တဲ့အထိ အာဏာသက်ရောက်မှုရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ ဦးမင်းသက်ဇင်က ဆိုပါတယ်။

No comments:

Post a Comment