Saturday, May 18, 2019

ဉာဏ်များကြသူများ

"လူသည် ဉာဏ်များတတ်သော သတ္တဝါဖြစ်၏ " ဆိုသောအတွေးကလေး ဝင်လာတိုင်းဉာဏ်များတယ်ဆိုတာကောင်းတဲ့ အဓိပ္ပာယ်လား၊ မကောင်းတဲ့အဓိပ္ပာယ်လားလို့ ကျွန်တော် ထပ်ကာထပ်ကာ စဉ်းစားမိပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လူတစ်ယောက် ဟာ ကွေ့ကောက်တယ်၊ပရိယာယ်များလွန်းတယ်ဆိုရင် ဒီလူဟာ အတော်ဉာဏ်များတဲ့လူပဲလို့ ဆိုစမှတ်ပြုလေ့ရှိကြပါတယ်။ အမြဲဖျံကျဖို့ စဉ်းစားနေတတ်တဲ့၊ ကတုံးပေါ် ထိပ်ကွက်ဖို့လောက်ပဲ စဉ်းစားနေတတ်တဲ့လူမျိုးတွေကို ကျွန်တော်တို့ ကြုံတွေ့ ကြဖူးပါလိမ့်မယ်။ အဲသလို စိတ်အခြေခံတွေနဲ့ လူတွေရဲ့ ဉာဏ်များခြင်းကိုတော့ ကျွန်တော်တို့ဟာ မကောင်းတဲ့ ဉာဏ်များတဲ့ သူတွေလို့ပဲသတ်မှတ်ရပါလိမ့်မယ်။

ကောင်းတဲ့ ဉာဏ်များခြင်း ဆိုတာကကော ဘယ်လိုလဲလို့  ကျွန်တော်တို့ တွေးကြည့်ဖူးပါလိမ့် မယ်။ မိမိအတွက်တင်သာမက သူတစ်ပါးအတွက်ပါ အကျိုးရှိ စေတဲ့ အတွေးအခေါ်၊ အမြော်အ မြင်၊ အယူအဆတွေနဲ့ ကြံရည်ဖန် ရည်တွေ ရှိခြင်းကို ကောင်းတဲ့ ဉာဏ်လို့ ကျွန်တော်တို့ ခေါ်ဆိုနိုင် မယ်ထင်ပါတယ်။ စိတ်ပညာ ဆရာကြီးတစ်ယောက်ဖြစ်တဲ့ ဟိုးဝဒ်ဂါဒနာကတော့ Intelligence ဆိုတာကို အခုလို အဓိပ္ပာယ်ဖွင့်ဆို ပါတယ် ။

‘‘An intelligence is the ability to solve problems, to create products, that are valued within one or more cultural settings.’’

ပြဿနာတွေကို ဖြေရှင်းနိုင် တဲ့ အရည်အချင်း၊ ဒါမှမဟုတ် ရင် ထုတ်ကုန်များကို ဖန်တီးထုတ် လုပ်နိုင်စွမ်းရည်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ ဉာဏ်ကောင်းရင်ကောင်းသလို ကျွန်တော်တို့ ဟာ နေ့စဉ်ဘဝထဲက ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ပိုမို မြင့်တက်လာနိုင်ပါတယ်။ ထုတ် လုပ်နိုင်မှု၊ တီထွင်နိုင်မှုစွမ်းအား တွေလည်း ပိုမိုရှိလာအောင် ကြိုးစားလာနိုင်ပါမယ်။ စိတ်ပညာ ဆရာကြီး ဟိုးဝဒ်ဂါဒနာကတော့ ဉာဏ်စဉ် ခုနစ်မျိုးရှိတယ်လို့ပင် ပြောခဲ့ပါသေးတယ်။ လူတိုင်းမှာ ဉာဏ်ရှိပါတယ်။ အနည်းဆုံး တော့ ငါဘာဖြစ်နေတယ်ဆိုတာ လောက်တော့သိတဲ့ ဉာဏ်အသိ တော့ လူတိုင်းမှာ ရှိနေပါတယ်။ မိမိမှန်တယ်၊ မှားတယ်ဆိုတဲ့ ဉာဏ်အသိကလည်း လူတိုင်းမှာ ရှိနေပါတယ်။ ဆရာကြီး ဟိုးဝဒ် ဂါဒနာပြောခဲ့တဲ့ ဉာဏ်စဉ်ခုနစ်မျိုး က ဒါတွေဖြစ်ပါတယ်။

(၁) ဘာသာစကားဉာဏ် (Linguistic Intelligence)၊ (၂) လောဂျစ် -သင်္ချာဉာဏ် (Logical- Mathematical Intelligence)၊ (၃)  ဂီတဉာဏ်( Musical Intelli-gence)၊  (၄) ကွက်လပ်အကွာအဝေးဉာဏ် (Spatial Intelligence)၊ (၅) ခန္ဓာကိုယ်လှုပ်ရှားရွေ့လျား ဉာဏ် (Bodily - Kines Intelli-gence)၊ (၆) လူအချင်းချင်းဆက် ဆံရေးဉာဏ် (Inter Personal Intelligence)၊ (၇) လူအတွင်း ကြည့်ဉာဏ် (Intra Personal Intelligence)

ဒီအထဲကမှ ကျွန်တော်တို့ ဟာ နှစ်ခု(သို့မဟုတ်)သုံးခုလောက် တော့ ရှိနေနိုင်ပါတယ်။ ထိပ်ဆုံးက နှစ်ခုကတော့ မရှိမဖြစ်လို့ ယူဆကြတယ်။ အရေးကြီးတဲ့ ဉာဏ်နှစ် မျိုးပေါ့။ ကျွန်တော်တို့ဟာ အထက်ပါ ဉာဏ်ခုနစ်မျိုးလုံးထဲက ရှိနိုင်သလောက် ရှိလေကောင်းလေပါ ပဲ။ ကောင်းတဲ့ ဉာဏ်ဆိုရင်တော့ လူဟာ ပျိုးထောင်မွေးမြူရမှာပဲမ ဟုတ်လား။ ဒါက ဆရာကြီးဟိုးဝဒ် ဂါဒနာရဲ့ အမ်အိုင်သီအိုရီဆိုတာ ထဲကပါ။ ဉာဏ်များစွာ (Multiple Intelligence) သီအိုရီထဲကပါ။ ဉာဏ်များရင် ကောင်းသတဲ့လို့ ဆရာကြီးက ဆိုပါတယ်။

အခု ကျွန်တော်တွေးမိနေ တာကတော့ ကျွန်တော်တို့ မြန်မာ တွေ ပြောလေ့ပြောထရှိတဲ့ ဉာဏ် နီ၊ ဉာဏ်နက်ပါ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ပြောကြတဲ့ ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာတို့ဆိုတာ ကောင်းတဲ့သဘောကို ပြောတာမ ဟုတ်မှန်း လူတိုင်းသိပါတယ်။ ဆရာကြီးဟိုးဝဒ်ဂါဒနာရဲ့ အဆို အရ ဉာဏ်ဆိုတာ ပြဿနာများကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းစွမ်း ရည်လို့ ဆိုပေမယ့် ဉာဏ်ဆိုတာ ပြဿနာတွေကိုလည်း ဖန်တီးနိုင်တဲ့ စွမ်းရည်လည်း ရှိတာပဲဖြစ်တယ်ဆိုတာကို ဆက်စပ်တွေးမိလာပါတယ်။  ဉာဏ်နီ၊ ဉာဏ်နက်ဆိုတဲ့ အရောင်တွေနဲ့ မကောင်းတဲ့ အဓိပ္ပာယ်ဆောင်တဲ့ ဉာဏ်ရည် တွေဟာ ပြဿနာ၊ ပဋိပက္ခတွေကို ဖန်တီးနိုင်ပြီး ကွေ့ကောက် တတ်တဲ့ သဘောဆိုရင် အဲဒီလို ရှိတဲ့ လူတွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ရှောင်ကြဉ်ရပါ လိမ့်မယ်။ ပြီးတော့ သတိလည်း ထားကြရပါမယ်။ ဘာလို့လဲဆို တော့ သူတို့ရဲ့ စိတ်ထဲမှာ ဘာရှိသလဲဆိုတာမျိုးကို ကျွန်တော်တို့ အနေနဲ့ တွေးဆကြည့်ဖို့ အင်မ တန်ခက်ခဲနေတတ်လို့ပါပဲ။

ကျွန်တော့်မိတ်ဆွေ တစ် ယောက်ကတော့ သတင်းစာတစ် စောင်ကို ဖတ်ပြီးတဲ့အခါတိုင်းဖြစ် စေ၊ သတင်းဆိုးတစ်ခုခုကို ကြည့်ပြီးတဲ့ အခါတိုင်းဖြစ်စေ ဒီလူတွေ အတော်ဉာဏ်များတဲ့လူတွေပဲလို့ မကြာခဏ ကောက်ချက်ချတာ ကို ကြားမိပါတယ်။ သူကတော့ တိုင်းပြည်က နုနု၊ အစိုးရက ဘယ်နှခုဆိုတာမျိုးအပြင် ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်အကွေ့အ ကောက်တွေနဲ့ လက်မည်းတွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို လည်း မြည်တွန်တောက်တီးနေ တတ်သူတစ်ဦးပါ။ အထက်က ဟိုးဝဒ်ဂါဒနာရဲ့ ဉာဏ်စဉ်ခုနစ်မျိုး ဆိုတာလည်း သူပြောပြရင်း ပြန် ပြောင်းပြောမိခဲ့ကြတာပါ။ ဒီလူတွေမှာ (သူက မကောင်းတဲ့ဉာဏ် များတဲ့ လူတွေကို ဆိုလိုတယ်) ဂီတဉာဏ်ဆိုတာလည်း မသိ၊ ရသဆိုတာလည်းမသိ၊ နှလုံးသားဆိုတာ လည်း ရှိမယ့်ပုံမပေါ်ပါဘူးဗျာလို့ ပြော ပါ တယ်။ ဉာဏ်နီ၊ ဉာဏ်နက် များသူတွေဆိုတာလည်း တကယ် တော့ သူတို့အဖို့သာ ကြည့်တတ် ကြတဲ့ လူအမျိုးအစားပဲ ဖြစ်မှာပါ ပဲ။ ကိုယ်အဆင်ပြေရင် ပြီးရော၊ တခြားသူတွေရဲ့အပေါ် ဘယ်လို ဖျံကျလိုက်ရမလဲ ဆိုတာမျိုးပဲ တွေးနေတတ်ပြီး တစ်ပါးသူ ဒုက္ခ ရောက်နေတဲ့ အချိန်မှာ ဝမ်းသာနေတတ်တဲ့ သူတွေကို မကောင်း တဲ့ ဉာဏ်များကြသူတွေလို့ပဲ ဆို ချင်ပါတယ်။ တကယ်တော့ သိသိ နဲ့ ယုတ်မာကြတဲ့သူတွေ ဖြစ်နေ တာပါကွာလို့ပင် ကျွန်တော် ပြန် ပြောခဲ့သေးတယ်။

တို့ပြည်ကြီးမှာက ဉာဏ်များ တဲ့ လူတွေများတယ်လို့ ကျွန်တော် တို့က ဆိုရမလိုဖြစ်နေပါတယ်။ တစ်ခါတလေမှာ အမျိုးမျိုးသော တင်ဆက်ပုံတွေနဲ့ မရိုးရအောင် ဉာဏ်များကြသူများလို့ စာအုပ် ထုတ်ရင် ကောင်းမလားလို့ပင် တွေးမိပါတယ်။ ကျွန်တော်တို့က မြစ်ကိုချစ်ရမယ့်အစား ရောင်းစား ဖို့ ကြိုးစားခဲ့ကြတဲ့ ဉာဏ်နီ၊ ဉာဏ် နက်သမားတွေနဲ့ ကြုံခဲ့ရတယ်။ ဘုရားလို မကိုးကွယ်သင့်သူတွေ ကို ဘုရားလို ကိုးကွယ်ပါလို့ ပြော တဲ့ သူတွေနဲ့ ကြုံရတယ်။ ထောင် သွင်းအကျဉ်းချထားတာကိုပဲ အင်တာနက်ပေါ်တက်ပြီး တိုက်ရိုက် လိုက်ဖ်လွှင့်တဲ့ သူတွေနဲ့ ကြုံရ တယ်။  ထောင်တွေရဲ့ ဆန္ဒပြမှုဟာ လည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက် ထားသလိုပဲလို့ ထင်ရတဲ့အထိ ဉာဏ်များကြပုံတွေကလည်း ထူးဆန်းလွန်းလှတယ်။ ရှုပ်ထွေးနေတဲ့ ချည်ခင်တစ်ခုကို အစရှာနေ သလိုမျိုး အဖြစ်တွေနဲ့ တစ်ခုပြီးတစ်ခုသော ဆူပူမှုတွေဟာကောင်းတဲ့ ဉာဏ်များမှုရှိတဲ့သူတွေဆီ လာရောက် ရိုက်ခတ်တယ်။ ချည်ခင်ဘယ်လိုရှင်းနိုင်ပါ့မလဲ။ ရှင်းမကူချင်နေပါ မရှုပ်ပါနဲ့လို့ပဲ ဉာဏ်နီ၊ဉာဏ်နက်သမားတွေကို ပြောရဆိုရမလို ဖြစ်နေပါတော့တယ်။

  ကျွန်တော်တို့ ဆီမှာက ကောင်းတဲ့ ဉာဏ်များခြင်းကို စိတ် အစဉ်ထဲမှာ ဦးဆောင်တဲ့သူတွေ များများရှိပါတယ်။ ဒါပေမဲ့ ဉာဏ်နီ ဉာဏ်နက်သမားတွေရဲ့ ခြေထိုး ဖျက်ထုတ်မှုတွေကြောင့် ထင်သ လောက်ရှေ့ မရောက်တဲ့အပြင် မိမိကိုယ်တိုင် အနာတရမဖြစ်ရဖို့ အရေးကို သတိကြီးစွာ ထားနေရ ပါတယ်။ တကယ်တော့ ဉာဏ်နီ၊ ဉာဏ်နက်သမားတွေ ဆိုတာက လည်း မိကျောင်းလို လူတွေပဲ။ ဖွတ်စိတ်ဓာတ်တွေနဲ့ နေထိုင်ကျင့်ကြံသူတွေပါပဲ။ ငရဲကိုလားမယ့်အဖြစ်တွေကို ဖန်တီးရင်း အဆီပြန် ဆိုဖာပေါ်မှာ ထိုင်နေကြတဲ့သူတွေပဲ။ လက်ပါးစေတွေကို မွေးကြတဲ့ ဉာဏ်နီ၊ ဉာဏ်နက်သမားတွေကို ပြဿနာဖြေရှင်းနိုင်စွမ်းကို ဦး တည်တဲ့ ဉာဏ်သမားတွေဟာ ဖယ်ထုတ်နိုင်ပါ့မလား။ ကျွန်တော် တို့ဟာ အကျိုးများတာကိုပဲ လိုချင်ကြပါတယ်။ ဆိုးရွားတာတွေကို ကျော်ဖြတ်ဖို့ ဉာဏ်သမားတွေမှာ အထူးတာဝန်ရှိလှပါတယ်။

တကယ်တော့ ဉာဏ်နီ၊ ဉာဏ်နက်သမားတွေကို ကျွန်တော်တို့ဟာ လူလို့ ခေါ်သင့်သလား။ ဒီလူတွေ အတော်ဉာဏ်များ တဲ့လူတွေပဲကွာဆိုတာကို အခုဆို လူတိုင်း သိနေကြတာပါပဲ။ စိတ်ပညာဆရာကြီး ဟိုးဝဒ်ဂါဒနာက တော့ သူပြောထားတဲ့ ဉာဏ်ခုနစ်မျိုးထဲက ဉာဏ်တွေ များများရှိလေ ကောင်းလေပဲ၊ ဉာဏ်များတယ် ဆိုတာ ကောင်းတာပဲလို့ ဆိုပါ တယ်။ ကျွန်တော်တို့ဟာ ဉာဏ်ရှိရ ပါမယ်။ မကောင်းတဲ့ ဉာဏ်တွေ၊ ကောက်ကျစ်ယုတ်မာတတ်တဲ့ ဉာဏ်တွေကိုလည်း တိုက်ထုတ် ပစ်နိုင်ရပါမယ်။ ပြိုင်တူတွန်းလျှင် ရွေ့ပါတယ်ဆိုတာမျိုး ကျွန်တော် တို့တွေးခဲ့ကြဖူးသလို လက်တွေ့ လုပ်ဆောင် နိုင်ကြရပါမယ်။ ဉာဏ်နီ၊ ဉာဏ်နက်သမားတွေ ဘက်က ကူတွန်းမလား၊ ကောင်း တဲ့ အရွေ့ဆီပို့ဖို့ ကြံနေကြတဲ့ ဉာဏ်သမားတွေကို ကူတွန်းမ လား ဆိုတာကတော့ ကျွန်တော်တို့ရဲ့အသိဉာဏ်အတိမ်အနက်အပေါ်မှာ မူတည်ပါတယ်။

ဩော်... တိုင်းပြည်ကမောက် ကမဖြစ်အောင် ဉာဏ်များချင်ကြ သူများနဲ့ အမိုးယိုလို့ အမိုးတက် ဖာလိုက်၊ အကာအခင်းပျက်ပြို ယွင်းလို့ ပြေးပြီးပြင်လိုက်ရနဲ့ တတ် စွမ်းသမျှ ကြိုးစားဖြေရှင်းနေရတဲ့ ဉာဏ်သမားတို့ရဲ့ပွဲမှာ ကျွန်တော် တို့ဟာ ပွဲကြည့်သူသက်သက်တွေ တော့ မဟုတ်ခဲ့ကြပါဘူး။ ဗလာဒီ မာ မာယာကော့ဗ်စကီးရဲ့ ဘောင်း ဘီဝတ် မိုးတိမ်ကဗျာရှည်ထဲမှာ အခန်းလေးခန်းပါပါတယ်။ အဲဒီ အထဲက အခန်းတစ်ခန်းက မင်းတို့ လူ့အဖွဲ့အစည်းကျဆုံးပါစေတဲ့။ ကျွန်တော်က ဒါကိုပဲ ပြင်ဆင်ပြီး ပြောချင်လိုက်တာ။ မင်းတို့ ဉာဏ် နီ၊ ဉာဏ်နက်သမားတွေ ကျဆုံးပါ စေ။ ဩော်... တိုင်းပြည်အနေခက် အောင် ဉာဏ်များချင်ကြသူများ ကျဆုံး... ကျဆုံး... ကျဆုံး... ကျ ဆုံးကြပါစေ။

No comments:

Post a Comment