Saturday, May 18, 2019

အာဆင်နယ်အသင်းပရိသတ်အချို့ အဇာဘိုင်ဂျန်နိုင်ငံအတွင်း ၀င်ရောက်ခွင့် ငြင်းပယ်ခံရ

၂၀၁၈-၁၉ ခုနှစ် ဘောလုံးရာသီ၏ ယူရိုပါလိဂ်ပြိုင်ပွဲ ကျင်းပမည့် အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ အာဆင်နယ် အသင်းပရိသတ်အချို့ ၀င်ရောက်ရန်အတွက် ဗီဇာ ငြင်းပယ်ခံရခြင်းကြောင့် အာဆင်နယ်အသင်းတာဝန်ရှိသူ များသည် ကြားဝင်ဖြန်ဖြေမှုများ လုပ်ဆောင်နေရကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ အဇာဘိုင်ဂျန်နိုင်ငံမှ တာဝန်ရှိသူများက အာဆင်နယ်အသင်း၏ တစ်ရာသီစာလက်မှတ်ဝယ်ယူထားသော ဗြိတိသျှ-အာမေးနီးယားနွယ်ဖွား ပရိသတ်များအား အဇာဘိုင်ဂျန်နိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုမည်မဟုတ်ကြောင်း ပြော်ဆိုခဲ့ပြီးနောက် အာဆင်နယ်အသင်းတာဝန်သူများသည် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။
အာဆင်နယ်အသင်းတာဝန်ရှိသူများက လာမည့် မေလ ၂၉ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၏ မြို့တော် ဘာကူရှိ အိုလံပစ်အားကစားပြိုင်ပွဲတွင် ကျင်းပမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ အာဆင်နယ်အသင်း၏ သစ္စာရှိပရိသတ်များအား လာရောက်ခွင့်ပြုပေးရန်အတွက် ခြွင်းချက်အနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံတာဝန်ရှိသူများက ခွင့်ပြုချက်ပေးရန် လိုလားနေသည်ဟု Time သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြားတွင် တင်းမာမှုများ ရှိနေခြင်းကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်းမှ အာမေးနီးယားကစားသမား မီခီတာရန်သည်လည်း အဆိုပါပွဲတွင် ပါဝင် ကစားရန် မရေမရာဖြစ်နေရသည်။ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲအား ဘာကူမြို့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းသည် လက်ခံနိုင်စရာမရှိသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း လည်း အာဆင်နယ်အသင်းက ပြီးခဲ့သည့် ကြာသပတေးနေ့အစောပိုင်းက ကြေညာချက်ထုတ်ပြန်ကာ ပြစ်တင် ဝေဖန်ခဲ့သည်။ ယူရိုပါလိဂ်ဗိုလ်လုပွဲ ကျင်းပမည့် အိုလံပစ်အားကစားပြိုင်ကွင်းသည် ပရိသတ် ၇၀၀၀၀ နီးပါး ၀င်ဆံ့သည့်ကွင်း ဖြစ်သော်လည်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည့် အာဆင်နယ်နှင့် ချဲလ်ဆီးအသင်းတို့သည် တစ်သင်းလျှင် ကွင်းဝင်လက်မှတ် ၆၀၀၀ စီသာ ရရှိမည်ဖြစ်သည်။ “အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့လို့ အာဆင်နယ်အသင်းနဲ့ ပတ်သက်သူအားလုံး ၀မ်းသာပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ယူအီးအက်ဖ်အေက အာဆင်နယ်အသင်းအတွက် ကွင်းဝင်လက်မှတ်ကို အရေအတွက် ၆၀၀၀ သာ သတ်မှတ်ပေးခဲ့တဲ့အတွက် စိတ်ပျက်ရပါတယ်။ အာဆင်နယ်အသင်းမှာ တစ်ရာသီစာလက်မှတ်ဝယ်ယူထားသူ ၄၅၀၀၀ ရှိပါတယ်။ ယူအီးအက်ဖ်အေရဲ့ သတ်မှတ်မှုကြောင့် အာဆင်နယ်အသင်းပရိသတ်အများအပြားဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်ကြည့်ရှုခွင့် ဆုံးရှုံးရတော့မှာပါ” ဟု အာဆင်နယ်အသင်း၏ သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

No comments:

Post a Comment