Saturday, May 18, 2019

အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေကြမ်းပြုစုရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေ(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကို Grand Amara ဟိုတယ်တွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး UNODC မှ Ms. Marie Pegie Cauchois က အလုပ်ရုံဆွေးနွေးပွဲအား ကြိုဆိုပါကြောင်းနှင့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း (UNCAC)အပိုဒ် (၃၃)ပါ ပြဌာန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။



ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် UNCAC အပိုဒ်(၃၃)အရ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာ လုပ်ငန်းစဉ် ၁.၄.၅ အရလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၁ အရ လည်းကောင်း ထုတ်ဖော်သတင်းပေးသူများအား အကာအကွယ်ပေးရေးအတွက် ဥပဒေတစ်ရပ် လိုအပ် ကြောင်းနှင့် ဥပဒေမူကြမ်းအား သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တက်ရောက် လာသူများက စဉ်းစားဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံ ပြောကြားခဲ့
သည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအားပြုလုပ်ရာ ကော်မရှင်အတွင်းရေးမှူးက ဥပဒေကြမ်းပါ စာပိုဒ်များကို တစ်ပိုဒ်ချင်းရှင်းလင်း၍ တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြပြီး အခမ်းအနား ကို ညနေ ၅ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ၊ UNODC နှင့် UNDP တို့မှ ကိုယ်စားလှယ်များ ၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း(၃၁)ခုတို့မှ ကိုယ်စားလှယ်အရာရှိကြီးများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment