Saturday, June 15, 2019

'စာသင်ချိန်ရှစ်ချိန် ပြောင်းလဲ သတ်မှတ်ခြင်းနှင့် အစမ်းသပ်ခံ အခြေခံပညာရေး'

၂ဝ၁၉ခုနှစ် မေလ ၃၁ရက်တွင် အခြေခံပညာ ဦးစီးဌာနမှညွှန်ကြားစာတစ်စောင် ထွက်ရှိလာပါသည်။အကြောင်းအရာမှာ အခြေခံပညာ(မူ၊လယ်၊ထက်)သင်ရိုးသစ်နှင့် သင်ရိုးဟောင်းစာသင်ချိန် ရေးဆွဲသင်ကြားရေး ကိစ္စဖြစ်ပါသည်။ ပညာရေးစနစ်သစ် ( KG +12 ) စနစ်သစ်အရ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် KG (သူငယ်တန်း) သင်ရိုးသစ်မှစ၍ နှစ်စဉ် အတန်းလိုက်သင်ရိုးသစ် အတန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် Grade-3 (တတိယတန်း) နှင့် Grade-6 (ဆဋ္ဌမတန်း) သင်ရိုးသစ် အတန်းများကိုသင်ကြားဖို့ နွေရာသီတွင် သင်တန်းများ ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။
Grade-6 (ဆဋ္ဌမတန်း) သင်ရိုးသစ်သည် တစ်နေ့စာသင်ချိန်(၄၅)မိနစ်ရှစ်ချိန်၊ အလယ်တန်းဆင့်နှင့် အထက်တန်းအဆင့်(သင်ရိုးဟောင်း)သည် တစ်နေ့စာ သင်ချိန်(၄၅) ခုနစ်ချိန်ရှိသည့်အတွက် စနစ်ဟောင်း အတန်းများဖြစ်သည့် အလယ်တန်းအဆင့် (ဆဋ္ဌမတန်း၊သတ္တမတန်း၊အဋ္ဌမတန်း)၊ အထက် တန်းအဆင့် (နဝမတန်း၊ ဒသမတန်း) စသည့်အတန်းများကို စနစ်သစ်စာသင်ချိန် ရှစ်ချိန်အတိုင်း သင်ကြားရမည်ဖြစ်သည်။

နေ့စဉ်ပိုသော စာသင်ချိန်တစ်ချိန်တွင် အလယ်တန်းဆင့် သင်ရိုးဟောင်း အတန်းများအတွက် အောက်ဖော်ပြပါ ဘာသာ ရပ်များ၊ ကျောင်းလုပ်ငန်းများ၊ ပညာပေးအစီအစဉ်များကို ကျောင်းအုပ်ကြီးများသည် မိမိကျောင်းအစီအစဉ်ဖြင့် အချိန်ဇယားဆွဲ သင်ကြားရမည်ဖြစ်သည်။ ၄င်းတို့မှာ (က) စာရိတ္တနှင့် ပြည်သူ့နီတိ(ခ)ဘဝတွက်တာ ကျွမ်းကျင်စရာ(ဂ) အားကစားနှင့် ကာယ ပညာ(ဃ)အနုပညာ(ဂီတ)(င)အနုပညာ (ပန်းချီ)၊ (စ)စာဖတ်ရှိန်မြှင့်တင်ရေး၊ (ဆ)ကျောင်းတွင်း လုပ်ငန်းနှင့်(ဇ)ဦးစားပေးအစီအစဉ် ခုနစ်ရပ် (မူးယစ်ဆေး အန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ် သောက်သုံးမှုနှင့် ကွမ်းယာစားသုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်၊ ဘီယာသောက်သုံးခြင်းမရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ် သည့် လူနေမှုဘဝပုံစံများ၊ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေး၊ ကျောင်း သားကျောင်းသူများ ဂိမ်းစွဲလမ်းမှု မရှိစေရေး)တို့ဖြစ်ပါသည်။

အထက်တန်းအဆင့် သင်ရိုးဟောင်းများအတွက် အထက်ပါ(က)မှ (ဇ)အထိ ဘာသာရပ်များ၊ ကျောင်းလုပ်ငန်းများ၊ ပညာရေးအစီအစဉ်များအနက် အနုပညာဂီတ၊ ပန်းချီအစားဖြည့်ဆည်း သင်ကြားရန်လိုအပ်သော ဘာသာရပ်များကို သင်ကြားဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများအနေဖြင့် အဆင့်ဆင့်ကြီးကြပ်ကြရန် လမ်းညွှန်ထားပါသည်။ ယခုနှစ် အခြေခံပညာကျောင်းများတွင် သင်ရိုးသစ်နှင့် သင်ရိုးဟောင်းနှစ်ခုလုံး တစ်ပြေးညီ စာသင်ချိန် ရှစ်ချိန်ပြုလုပ်သင်ကြားနေပြီဖြစ်သည့်အတွက် ဆရာဆရာမများ၏ ပဲ့တင်သံများကို ပညာရေးအကြီးအကဲများ သိစေရန် ကြိုတင်၍ တင်ပြချင်မိပါတော့သည်။

ရှေးဦးစွာ Grade-6 (ဆဋ္ဌမတန်း)သင်ရိုးသစ် အချိန်ဇယားကို လေ့လာကြည့်မိသည့် အခါ မြန်မာစာ(၅)ချိန်၊ အင်္ဂလိပ်စာ(၆)ချိန်၊ သင်္ချာ(၆)ချိန်၊ ပထဝီဝင်(၃)ချိန်၊ သမိုင်း(၃)ချိန်၊ သိပ္ပံ(၅)ချိန်၊ ပန်းချီ(၁)ချိန်၊ ဂီတ(၁) ချိန်၊ စာရိတ္တနှင့် ပြည်သူ့နီတိ(၂)ချိန်၊ ဘဝတွက်တာ ကျွမ်းကျင်စရာ(၂)ချိန်၊ ကာယ(၂)ချိန်နှင့် ဒေသသင်ရိုး(၄)ချိန် စုစုပေါင်း တစ်ပတ်စာ စာသင်ချိန် ၄ဝ ရေးဆွဲသင်ကြား ရမည်ဖြစ်သည်။ မြို့ပေါ် ကျောင်းများတွင် ဒေသသင်ရိုး မပါရှိပါက ကျောင်းလုပ်ငန်း၊ သက်မွေးပညာ၊ စိုက်ပျိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး စသည့်ဘာသာရပ် ပြောင်းလဲသင်ကြားနိုင်ပါသည်။ ပုံမှန်ကျောင်းစတင် တက်ချိန်မှာ ၈နာရီ ၄၅မိနစ် ဖြစ်ပြီးကျောင်းဆင်းချိန် ၄နာရီ (သို့မဟုတ်) ၄နာရီ ၁၅မိနစ် အပြီးကျောင်းဆင်းပါလိမ့်မည်။ စာသင်ချိန်တိုးလို့ နယ်ကျောင်းများတွင် ပြဿနာမရှိနိုင်သော်လည်း ရန်ကုန်မြို့ရှိ နှစ်သုတ်တက်ကျောင်းများတွင် ဆရာဆရာမများနှင့် ကျောင်း သားကျောင်းသူများအတွက် အသွားနှင့်အပြန် သွားလာရေး အခက်အခဲများရှိလာနိုင်ပါသည်။ မလိုလားအပ်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။

သို့ရာတွင် အလယ်တန်းဆင့် သင်ရိုးဟောင်း အတန်းများ (ဆဋ္ဌမတန်း(သင်ရိုးဟောင်း)၊ သတ္တမ တန်း၊ အဋ္ဌမတန်း)နှင့် အထက်တန်းဆင့် သင်ရိုးဟောင်း (နဝမတန်း၊ ဒသမတန်း) အချိန်ဇယားများကိုလည်း သင်ရိုးသစ် Grade-6 (ဆဋ္ဌမတန်း)၏ အချိန်ဇယားနှင့် တန်းတူ တစ်ပြေးညီ စာသင်ချိန်ရှစ်ချိန်ပြုလုပ်ရန် မည်သည့်ပညာရှင်က အကြံပေးခဲ့ လေသနည်း။ အောက်ခြေ၏ အခြေအနေ၊ လိုအပ်ချက်၊ ဆရာဆရာမအင်အား၊ အဆောက်အအုံ၊ ဒေသအခက်အခဲနှင့် ဆရာဆရာမများ၏အသံများကို မေးမြန်းစူးစမ်း နားထောင်ခြင်း၊ ကွင်းဆင်းလေ့လာခြင်း၊ သုံးသပ်ခြင်းနှင့် တိုင်ပင်ဆွေးနွေးအဖြေရှာခြင်းများမပြုလုပ်ဘဲ စာသင်ချိန်များ ရုတ်တရက် တိုးလိုက်ခြင်းသည် ဗဟိုချုပ်ကိုင်မှု လွန်ကဲစွာ အာဏာရှင်ဆန်ဆန်ပြုမူဆောင်ရွက်ခြင်း ဖြစ်သည့်အတွက်လွန်စွာ စိတ်မကောင်း ဖြစ်မိပါတော့သည်။

Grade-6 သင်ရိုးသစ်တွင် စာသင်ချိန်ရှစ်ချိန်ရှိ၍ အလယ်တန်းအဆင့် ကျန်သည့် သင်ရိုးဟောင်းအတန်းများကို စာသင်ချိန်ရှစ်ချိန် တစ်ပြေးညီသင်ကြားရန် လမ်းညွှန်ခြင်းသည် ကောင်းမွန်သည့်အချက်များရှိသလို အားနည်းသည့် အချက်များလည်းရှိပေသည်။

နောက်လာမည့် နှစ်များတွင် တစ်နှစ်ပြီးတစ်နှစ် အလယ်တန်းဆင့် G-7, G-8, G-9 များ၏ သင်ရိုးများပြုပြင်ပြောင်း လဲမည်ဖြစ်သည့်အတွက် ယခုကတည်းက သင်ရိုးသစ် အချိန်ဇယားရှစ်ချိန်ကို အလေ့အကျင့်ရစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ခြင်းသည် ကောင်းမွန်သင့်သလောက် ကောင်းမွန်သော်လည်း ဆရာဆရာမအင်အားအားနည်းသော ကျောင်းများနှင့် အသစ်ဖွင့်လှစ်သည့် အဆင့်တိုးကျောင်းများမှ ဆရာဆရာမများအတွက် ဒုက္ခပင်လယ် ဝေလျက်ဖြစ်နေပါတော့သည်။

တစ်နေ့ပြီးတစ်နေ့ စာသင်ချိန်များ လွန်ကဲစွာ သင်ကြားနေရသည့်အတွက် လုပ်အားနှင့်ဝန်မမျှတမှုများ တွေ့ကြုံ နေရပြီး သက်ကြီးဆရာဆရာမများ ကျန်းမာရေးဆိုးရွားလာပြီး အချိန်မတန်ခင် ပင်စင်ယူနှုန်း တိုးတက်လာနိုင်ပါသည်။ ကျွမ်းကျင်ဆရာ ဆရာမများ လျော့နည်းသွား နိုင်သည်။ ဆရာဆရာမ တစ်ယောက်လျှင် တစ်နေ့လျှင် ရှစ်ချိန်လုံး သင်ကြားနေ ရပြီး တစ်ပတ်စာ သင်ချိန် အချိန် ၄ဝ မနားမနေ ဝင်နေရပြီး ဘာသာစုံသင်ကြားနေရသည် လည်းရှိသလို အသစ် ဖွင့်လှစ်သည့် အဆင့်တိုးကျောင်းများတွင်
ဆရာဆရာမ နည်းပါး ၍ နှစ်တန်း၊ သုံးတန်းအတန်းတွဲ သင်ကြားနေရပြီးဟိုပြေး၊ ဒီပြေးနှင့် အချိန်မအားလပ် မှုများက သင်ကြားရေး ဆရာဆရာမများကို လူပန်းစိတ်ပန်း ဖြစ်စေပါတော့သည်။ စိတ်ပျက်မောပန်းဖြစ်စေပါတော့သည်။ စိတ် ပျက်မောပန်းစေပါတော့သည်။

ထို့အပြင် သင်ရိုးသစ်သင်တန်းများ မပို့ချသေးသော အထက်တန်းဆင့် သင်ရိုးဟောင်း(နဝမတန်း၊ ဒသမတန်း) အချိန်ဇယားများကိုလည်း Grade-6 သင်ရိုးသစ် စာသင်ချိန်အတိုင်း တစ်ပြေးညီ စာသင်ချိန်ခုနစ်ချိန်အစား စာသင်ချိန်ရှစ်ချိန် တိုးမြှင့် သင်ကြားရန် ညွှန်ကြားလာပါသည်။

သို့သော် ပညာရေးလူကြီးမင်းများမသိသေးတာက လူကြီးမင်းတို့ သင်စေချင်သည့် ဘာသာရပ်(က)မှ (ဇ)ထိ ဘာသာရပ်များထဲမှာ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ အနုပညာ(ဂီတ)၊ အနုပညာ (ပန်းချီ)၊ စိုက်ပျိုးရေး၊ အားကစားနှင့် ကာယပညာ၊ ကွန်ပျူတာ၊ ကျောင်းလုပ်ငန်းများ သည် ယခင်စာသင်ချိန်ခုနစ်ချိန် သင်ကြားနေကတည်းက ပါဝင်ပြီးသားဖြစ်နေပါသည်။ ယခု ထပ်တိုးသည့် စာသင်ချိန်တစ်ချိန်တွင် နောက်ထပ်ကျန်ရှိသော ပေါ်လစီဘာသာ ရပ်များ(မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ကျန်းမာသော လူနေမှုပုံစံနှင့် ဂိမ်းစွဲလမ်းမှုပပျောက်ရေး)ထည့်သွင်းပါက ဖွံ့ဖြိုးတိုးတက်ရေး ဘာသာရပ် ၁ဝ ချိန်ဖြစ်မှန်းမသိ ဖြစ်သွားတော့မည်။ အထက်တန်းဆင့် ဘာသာရပ်သင်ရိုးသစ်သင်တန်း များ မပို့ချသေးခင် ၄င်းဖွံ့ဖြိုးဘာသာရပ်များ အတွက်ပြဋ္ဌာန်းစာအုပ်များမရှိသေးပါ။ စာတွေ့၊ လက်တွေ့သင်ကြားဖို့ ဦးတည်ရာမဲ့နေပါသည်။ သင်ကြားဖို့ အဆင်မပြေဖြစ် နေပါသည်။ ၄င်းဖွံ့ဖြိုးဘာသာရပ်များအစား အဓိကဘာသာရပ်များကို ဖြည့်ဆည်းသင်ကြားပြန်ရင်လည်း လူဦးရေများသော ကျောင်းများအတွက် စာပြီးစာတစ်စာစာ သင်ကြားနေသည့်အတွက် ကျောင်းသားကျောင်းသူများကို ပျင်းရိစေပါသည်။ လေးလံ ထိုင်းမှိုင်းသွားစေနိုင်ပါသည်။ ဆရာရောကျောင်းသားပါ ပင်ပန်းနွမ်းနယ်စေပြီး သင်ကြားမှုကို စိတ်ဝင်စားမှု လျော့ကျသွားစေနိုင်ပါသည်။

အခြေခံပညာကဏ္ဍတွင် အထက်ပါတွဲဖက်သင်ရိုး ဝင်ဘာသာရပ်များကို ဆယ်စုနှစ် ကျော်ကျော်ကျောင်းများ၏ အချိန်ဇယားတွင် ထည့်သွင်းထားခဲ့သော်လည်း အောင်မြင် မှု မရခဲ့ပါ။ အချိန်ဇယား ပြည့်ရုံဟန်ပြသက်သက် ထည့်ထားရုံနှင့် လူမြင်ကောင်းအောင် ချိတ်ထားသလို ဖြစ်နေပါတော့သည်။ ထိရောက်မှုလည်း မရှိခဲ့ပါ။ လက်တွေ့ဘဝနှင့် မနီးစပ်ခဲ့ပါ။ အခုထိလည်း အထက်ပါ ဘာသာရပ်များကို ထည့်သွင်းစမ်းသပ်နေဆဲပါ။ အထက်ပါ ဖွံ့ဖြိုးဘာသာရပ်များကို စာမေးပွဲမစစ်ဆေးသလို လက်တွေ့လုပ်ငန်းများ ဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါ။

အဓိကအကြောင်းရင်းနှစ်ချက်မှာ အထက်ပါဖွံ့ဖြိုးဘာသာရပ်များ သင်ကြားဖို့ရန် ကျွမ်းကျင်ဆရာ ဆရာမ မရှိခြင်းနှင့် လိုအပ်ပစ္စည်း ထောက်ပံ့မှုအားနည်းခြင်းတို့ ဖြစ်ပါသည်။ ပညာရေး အကြီးအကဲများ စိတ်ထဲတွင် ''ဆရာ ဆရာမများသည် ဘက်စုံတော်ရမည်။ ဘာသာ ရပ်အားလုံးကို သင်နိုင်ရန်မည်''ဆိုသည့် လွဲမှားသည့် အစွဲတစ်ခုကြောင့် လူမှန်နေရာမှန်မဖြစ်သည့်အတွက် ဖြည့်စွက်ဖွံ့ ဖြိုးဘာသာရပ်များ အဟောသိကံဖြစ်ခဲ့ရသည်။ စာမေးပွဲမစစ်သည့် ဘာသာရပ်များဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများ၏ စိတ်ဝင်စားမှု အလေးထားမှုမရှိခဲ့ပါ။ ဦးတည်ချက်ကောင်းသော်လည်း လိုက်နာကျင့်သုံး အကောင်အ ထည်ဖော်ဖို့ အခက်အခဲများက များလွန်း လှသည်။
ဖြည့်စွက်ဖွံ့ဖြိုး ဘာသာရပ်များထဲမှ အနုပညာ (ဂီတ၊ ပန်းချီ)ဘာသာရပ်များသည် လွန်စွာသိမ်မွေ့နက်နဲပြီး သင်ကြားဖို့၊ ဆရာဆရာမကိုယ်တိုင် ဝါသနာနှင့် ကျွမ်းကျင်မှု လိုအပ်ပါသည်။ သို့သော် အခြေခံပညာ ကျောင်းများတွင် ပန်းချီမဆွဲတတ်သူက ပန်းချီ ဘာသာ သင်ကြားနေရသည်။ အတီး၊ အမှုတ်၊ အကအခုန် ဝါသနာ မပါသူက ဂီတဘာ သာမယူချင်ဘဲ ယူနေရသည်။ လူမှန်နေရာမှန်မဖြစ်တော့ပေ။ ဒီလို လူမှန်နေရာမှန် သင်ကြားမှုမရှိသရွေ့ ဖြည့်စွက်ဘာသာရပ်များ ထည့်သွင်းသင် ကြားခိုင်းသော်လည်း လိုရာခရီးမရောက်ဘဲ ပန်းတိုင်ပျောက်နေပါလိမ့်မည်။ ထို့ကြောင့် ဂီတဘာသာရပ်နှင့် ပန်းချီဘာသာရပ်များ သင်ကြားမှု အောင်မြင်စေရန် အနုပညာကျောင်းဆင်းဘွဲ့ရများကို ပန်းချီဘာသာရပ် သင်ဆရာဆရာမများ၊ ဂီတဘာသာရပ်သင် ဆရာဆရာမ များအဖြစ် စီမံကိန်းချ မွေးထုတ်ခန့်အပ်ပေးနိုင်ဖို့ အရေး တကြီးလိုအပ်နေပါပြီ။

အလားတူ အားကစားနှင့် ကာယပညာဘာသာရပ်များကို သင်ကြားနိုင်ဖို့ အားကစား နည်းတစ်မျိုးမျိုး ထူးချွန်ထက်မြက်သည့် အားကစားသမားဟောင်းများကို မက်လုံးပေး ဆွဲဆောင်၍ နိုင်ငံ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများတွင် လူမှန်နေရာမှန် ခန့်ထားနိုင်ဖို့ လိုအပ်နေပါပြီ။ ထို့အပြင် စာဖတ်ရှိန် မြှင့်တင်ရေး ဆောင်ရွက်ရန်အတွက် စာကြည့်တိုက်များ ရှင်သန်ရပ်တည်အောင်၊ စာအုပ်စာတမ်း ပြည့်စုံအောင် အစိုးရနှင့် စေတနာရှင်အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည် ဖော်မှသာ ရည်ရွယ်သည့်ပန်းတိုင်ကို ချောမွေ့စွာ ရောက်ရှိလာပါလိမ့်မည်။ စာကြည့်တိုက်မရှိ၊ စာအုပ်စာတမ်းမရှိဘဲ စာဖတ်ရှိန်မြှင့်တင်ရေး မည်သို့ပြုလုပ်မည်နည်း။ မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးဆိုတာ အပြောနှင့်မရပါ။

သင်ကြားပေးရုံနှင့်လည်း မပ ပျောက်နိုင်ပါ။ ပညာရှင်များ၏ အသိပညာပေး ဟောပြောပို့ချမှု လိုအပ်သလို အစိုးရနှင့် ပြည်သူ လက်တွဲ၍ ထိထိရောက်ရောက် နှိမ်နှင်းဆောင်ရွက်မှသာ ပပျောက်ပါလိမ့်မည်။ မူးယစ်ကင်းစင်ပါလိမ့်မည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြရန်ဆို သည်မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ လက်တွေ့သင်ကြားပြသမှု လိုအပ်သလို အမှန်တကယ် စည်းကမ်းလိုက်နာဖို့ လိုအပ်ပါသည်။ စည်းကမ်းလိုက်နာဘေးကင်းကွာ ဆိုရိုးရှိတယ်မဟုတ်ပါလား။ ထို့အပြင် ကျန်းမာသော လူနေမှုပုံစံနှင့် ဂိမ်းစွဲလမ်းမှု ပပျောက်ရေးဆိုတာ စာသင်ခန်းတွင်း ဘာသာရပ်ထည့် သွင်းသင်ကြားရုံနှင့် မလုံလောက်နိုင်ပါ။ ထို့ကြောင့် မိဘ၊ ဆရာ၊ ကျောင်းသား၊ အစိုးရပူးပေါင်းဖြေရှင်းကြမှသာ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်ကောင်းများ ပေါ်ထွန်းလာပါလိမ့်မည်။

နိုင်ငံရေး ပေါ်လစီအရ နိုင်ငံတော်အကြီးအကဲများအကြိုက် ပေါ်ပင်ဖွံ့ဖြိုးဘာသာရပ်များကို အခြေခံပညာကျောင်းများရှိ အတန်းစုံသင်ခန်းစာ အချိန်ဇယားများထဲတွင် ထည့်သွင်းပြီး အလေးဂရုပြုမှု၊ ကူညီထောက်ပံ့မှုမရှိ၊ အောက်ခြေကို သေချာကွင်းဆင်းမလေ့လာဘဲ ဗဟိုချုပ်ကိုင်မှု လွန်ကဲစွာလုပ်ကိုင်ဆောင်ရွက်ကြလျှင် ဘက်စုံပညာရေးနှင့် အလှမ်းဝေးနေဦးမှာပါပဲ။ စာသင်ချိန်များသာတိုးပြီး လက်တွေ့မပါ အသက်မွေးမှုပညာနှင့် မနီးစပ်နိုင်ဘဲ ရွှေပြည်တော်မျှော်တိုင်းဝေး မြန်မာပြည်ပညာရေး ရင်မအေး နိုင်ဖြစ်နေပါတော့မည်။အစမ်းသပ်ခံ ပညာရေး ဝဲဂယက်ထဲမှ ဘယ်အချိန်များ လွတ်မြောက်နိုင်ပါ့မလဲ။

No comments:

Post a Comment