Saturday, June 15, 2019

Grassroots အမျိုးသမီးဒါရိုက်တာအဖြစ် ဒေါ်ဇင်မာဝမ်းကို ခန့်အပ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အမျိုးသမီးအသင်း လက်ထောက်နည်းပြ ဒေါ်ဇင်မာဝမ်းကို အဖွဲ့ချုပ် Grassroots အမျိုးသမီးဒါရိုက်တာအဖြစ် ပြောင်းလဲခန့်အပ် မည်ဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်နည်းပြ ဒေါ်သန်းသန်းထွေးကို လက်ရွေးစင် လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

အပြောင်းအလဲ
ဘောလုံးအဖွဲ့ချုပ်သည် Grassroots ပြိုင်ပွဲများ ဦးစီးကျင်းပနိုင်ရန်အတွက် အမျိုးသား Grassroots ဒါရိုက်တာအဖြစ် ဦးဖုန်းညွန့်ကိုအား ခန့်အပ်ထားပြီး အမျိုးသမီး Grassroots ဒါရိုက်တာနေရာ၌ ဒေါ်ဇင်မာဝမ်းကို ထပ်မံခန့်အပ်ခဲ့ခြင်းဖြစ်သည်။



" နည်းပြနေရာ အပြောင်းအလဲလုပ်တာ အဖွဲ့ချုပ်ဘက်လုပ်တာပါ။ အဖွဲ့ချုပ်က ဇင်မာဝမ်းကို အမျိုးသမီး Grassroots ဒါရိုက်တာနေရာပေးချင်တဲ့အတွက် အပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။ သန်းသန်းထွေးကိုလည်း အဖွဲ့ချုပ်ကပဲ လက်ထောက်နည်းပြနေရာခန့်ခဲ့တာပါ" ဟု အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောဆိုခဲ့သည်။ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဒေါ်ဇင်မာဝမ်းသည် လက်ရွေးစင်အမျိုးသမီးအသင်း လက်ထောက်နည်းပြအဖြစ် ၂၀၁၈ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်သည်။

အနားယူ

လက်ထောက်နည်းပြအဖြစ် ပြောင်းလဲတာဝန်ယူမည့် ဒေါ်သန်းသန်းထွေးသည် ပြီးခဲ့သည့်နှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်သည်။ ယခုနှစ်အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိနေသော မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ် ဦးဝင်းသူမိုးက တာဝန်ယူလျက်ရှိပြီး လက်ထောက်နည်းပြများအဖြစ် ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်းနှင့် ဒေါ်သန်းသန်းထွေးတို့က တာဝန်ယူမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် အောက်တိုဘာ(သို့မဟုတ်) နိုဝင်ဘာတွင် နိုင်ငံတဝန်း၌ Grassroots ပြိုင်ပွဲများ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment