Saturday, June 15, 2019

ရီးရဲမက်ဒရစ်အသင်းအား ကမ္ဘာ့အကောင်းဆုံးကလပ်ဟု ဟာဇက် ပြောဆို

ဘယ်ဂျီယံတောင်ပံတောင်ပံတိုက်စစ်ကစားသမား အီဒင်ဟာဇက်က ရီးရဲမက်ဒရစ်အသင်းအား ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းအဖြစ် ဇွန်လ ၁၄ ရက်နေ့က ဘာနေဗျူးကွင်းပြုလုပ်ခဲ့သော ရီးရဲအသင်းကစားသမားအဖြစ် မိတ်ဆက်ပွဲ အခမ်းအနားတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။



ဟာဇက်၏ မိတ်ဆက်ပွဲအခမ်းအနားသို့ ပရိသတ် ၅၀၀၀၀ တက်ရောက်အားပေးခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ဟာဇက်သည် ရီးရဲမက်ဒရစ်အသင်းနှင့် ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်အထိ စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်သည်။ ဟာဇက်အနေဖြင့် အသင်းသစ်ဖြစ်သော ရီးရဲမက်ဒရစ်အသင်းတွင် နံပါတ် ၇ ဂျာစီကို ၀တ်ဆင်ခွင့် ရရှိမည်ဟု အစောပိုင်းက သတင်းများ ထွက်ပေါ်ခဲ့ပြီး မိတ်ဆက်ပွဲကျင်းပချိန်တွင်၏ ၎င်းဝတ်ဆင်ခဲ့သည့် ဂျာစီပေါ်၌ မည်သည့် နံပါတ် ကိုမှ ရေးသားထားခြင်းမရှိပေ။ မိတ်ဆက်ပွဲအပြီးတွင် ဟာဇက်က “ ကျွန်တော့်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ဖို့ ကြိုးစားသွားမှာပါ။

ဒါက ကျွန်တော့်ကစားသမားဘ၀မှာ ကွဲပြားခြားနားတဲ့ အဆင့်တစ်ခုပါ။ ကျွန်တော်ဟာ ချဲလ်ဆီးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းနဲ့လည်း အောင်မြင်မှုတွေ အများကြီး ရချင်တယ်။ ဒါက ကျွန်တော့် အတွက် စိန်ခေါ်မှုတစ်ခုပါ။ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ကျွန်တော် အဆင်သင့်ရှိနေပါတယ်”ဟု ပြောဆိုခဲ့သည်။ ရီးရဲတွင် နံပါတ် ၁၀ ဂျာစီအား ၀တ်ဆင်ခွင့် ရရှိရန်အတွက် လက်ရှိအချိန်တွင် ၀တ်ဆင်ကစားနေသူ ခရိုအေးရှားကစားသမား လူကာမိုဒရစ်ထံ တောင်းဆိုခဲ့သော်လည်း မိုဒရစ်က နံပါတ် ၁၀ ဂျာစီအား စွန့်လွှတ်ရန် ငြင်းဆိုခဲ့ကြောင်း ဟာဇက်က ဆက်လက်ပြောဆိုခဲ့သည်။

“ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲကနေ ချဲလ်ဆီးအသင်းဆီ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ကွင်းလယ်ကစားသမား ကိုဗာ ဆစ်ကနေတဆင့် မိုဒရစ်ဆီကို ကျွန်တော် ဆက်သွယ်ပြီး ကျွန်တော့်ကို ရီးရဲအသင်းရဲ့ နံပါတ် ၁၀ ဂျာစီ ၀တ်ဆင်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မိုဒရစ်က ဒီတောင်းဆိုချက်ကို ငြင်းပယ်ခဲ့တာကြောင့် ကျွန်တော့်အနေနဲ့ အခြားကျောနံပါတ်တစ်ခုကို ရှာဖွေသွားရမှာပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော့်အတွက် ဂျာစီနံပါတ်က အရေးမကြီးပါဘူး။ ရီးရဲမက်ဒရစ်အသင်းရဲ့ အမှတ်တံဆိပ်ကို ကိုယ်စားပြုပြီး ကစားဖို့သာ အရေးကြီးပါတယ်”ဟု ပြောဆိုခဲ့သည်။ ဟာဇက်သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ချဲလ်ဆီးအသင်းတွင် ပါဝင်ကစားခဲ့စဉ် အတွင်း ချဲလ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ချန်ပီယံဆုဖလား နှစ်ကြိမ်စီ၊ အက်ဖ်အေဖလားနှင့် ကားလင်းဖလား တို့ကို တစ်ကြိမ်စီ ရရှိခဲ့သူဖြစ်သည်။

No comments:

Post a Comment