Saturday, June 15, 2019

ငွေကြေးဖောင်းပွမှုနှင့် တိုင်းပြည်ဝင်ငွေ တိုးမြှင့်မှုကို ထည့်သွင်း တွက်ချက်ပြီး ရိုးရှင်းသည့် စနစ်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် နှစ်စဉ် အခွန် တိုးမြှင့်နိုင်ရန် ပြင်ဆင်နေ

ငွေကြေးဖောင်းပွမှုနှင့် တိုင်းပြည်ဝင်ငွေ တိုးမြှင့်မှုကို ထည့်သွင်းတွက်ချက်ပြီး ရိုးရှင်းသည့်စနစ်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် နှစ်စဉ်အခွန် တိုးမြှင့်နိုင်ရန် ပြင်ဆင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှု လျှော့ချရန် ဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့၏ လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ ပိုမိုပြည့်စုံသည့် ဥပဒေအသစ်  ရေးဆွဲပြဋ္ဌဌာန်းခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ငွေကြေးဖောင်းပွမှု နှင့် တိုင်းပြည်ဝင်ငွေ တိုးမြှင့်မှုတို့ကို ထည့်သွင်းတွက်ချက်၍ ရိုးရှင်းသည့်စနစ်ဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ အပေါ် နှစ်စဉ်အခွန်တိုးမြှင့်ခြင်းဖြင့်
ပြည်သူ များတတ်နိုင်သည့်ဈေးနှုန်း မဖြစ်စေရန် တိုးမြှင့်ကောက်ခံခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းပါ အပိုဒ်ခွဲ(၈)နှင့် လမ်းညွှန်တို့ နှင့်အညီ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းများကို ဥပဒေ၊ ပြဋ္ဌဌာန်းချက်များနှင့် အညီ ဆောင်ရွက်ခြင်းစသည့် နည်းဗျူဟာ များ လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုတစ်နေ့ တခြား တိုးတက်လျက်ရှိသည့်အပြင် ပစ္စည်းအမျိုးအစားစုံလင်ပြီး ထုတ်လုပ်မှုအရေအတွက် တိုးပွားလာသကဲ့သို့ ပစ္စည်းတန်ဖိုးမှာလည်း အာဆီယံနိုင်ငံများအကြားတွင် အနည်းဆုံးဈေးဖြင့် ဝယ်ယူရရှိနိုင်ကြောင်း၊ ပြည်တွင်း၌ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများအပေါ် အခါအားလျော်စွာ အခွန်တိုးမြှင့်ကောက်ခံသည့်တိုင်အောင် တက်လာသည့်ဈေးသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိနေကြောင်း၊  မြန်မာနိုင်ငံတွင် ၂၀ဝ၆ ခုနှစ်မှစ၍ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်သုံးစွဲမှု လျော့နည်းကျဆင်းရေးအတွက် ဥပဒေထုတ်ပြန်ပြီး  ထိန်းချုပ်မှုများဆောင်ရွက်နေသော်လည်း ဥပဒေလိုက်နာစေရန် ပညာပေးမှုနှင့်ဥပဒေချိုးဖောက်မှုများကို အပြစ်ပေးအရေးယူမှု  အားနည်းနေကြောင်း သိရ သည်။
“မြန်မာနိုင်ငံမှာက ဆေးလိပ် ရောင်းတဲ့အပေါ်မှာ မူတည်ပြီးတော့ တည်ရာနှုန်း နဲ့ကောက်တော့ တကယ်ထိရောက်မှုအရ ပြန်ကြည့်ရင် ၃၀ ရာခိုင်နှုန်းပဲထိရောက်မှု ရှိတယ်။ ဆေးလိပ်က တန်ဖိုးကြီးလေ အခွန် နည်းလေဖြစ်နေတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အခွန်ကောက်ခံနှုန်းက ရာခိုင်နှုန်း ၇၀ အထက်မှာရှိတယ်။  တစ်ကမ္ဘာလုံးအနေနဲ့ဆိုရင် အများစုက ဆေးလိပ်ရဲ့ ရာခိုင်နှုန်း ၇၀ အထိ အခွန်ကောက်မှရမယ်လို့ပြောထားတယ်။ ထိုင်းနိုင်ငံတို့မှာဆို ရာခိုင်နှုန်း ၇၀ ကျော်ပါတယ်။ ဒီလိုဖြစ်လာ အောင် သူတို့လည်း ၁၀ နှစ်လောက် ကြိုးစားခဲ့ရတယ်။ မြန်မာနိုင်ငံမှာက ဆေးလိပ်နဲ့ပတ်သက်ပြီး ပေါ်လစီလည်း မရှိဘူး။တစ်နှစ်တစ်ခါ သတ်မှတ်တဲ့ ဥပဒေသာလျှင် အခွန်ဥပဒေပဲလို့ လုပ်ထားပြီး ရေရှည် အတွက် လုပ်ထားတာမျိုး မရှိသေးဘူး။ ဆေးလိပ်တစ်ဘူး ၁၀ဝ၀ ကျော်လည်း ၁၆ ကျပ်ပဲ အခွန်ရတယ်။ ဒီထက်ပိုတိုးကောက်စေချင်တယ်။ တိုးကောက်ဖို့ဆိုတဲ့ နေရာမှာဖြစ်ပါ့မလားဆိုပြီး ပြန်ပြောနေတဲ့သူတွေရှိတဲ့ အခါကျတော့ နည်းနည်းအခက်အခဲရှိပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

No comments:

Post a Comment