Saturday, June 15, 2019

လွှတ်တော်အစည်းအဝေးပျက်ကွက်သည့် ပြည်နယ်အစိုးရအဖွဲ့ကို ရခိုင်လွှတ်တော်ဥက္ကဋ္ဌ သတိပေး

လွှတ်တော်အစည်းအဝေး ခေါ်ယူပြီး ပျက်ကွက်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဇွန် ၁၃ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။ အစိုးရနဲ့ လွှတ်တော်ဟာ အဆင်ပြေမှုရှိ၊ မရှိဆိုတာက တပိုင်းသားဖြစ်ပြီး တဖွဲ့ကိုတဖွဲ့ အပြန်အလှန်ထိန်းကျောင်းပြီး အမြဲတမ်း တန်ဖိုးထားလေးစားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ သူတို့ခေါ်တဲ့ အစည်းအဝေးအား မတက်ရောက်တဲ့အပေါ် သူတို့သားနဲ့ သတို့သမီးမင်္ဂလာဆောင်ကို ခိုင်းနှိုင်းပြီးလည်း အခုလို ပြောကြားပါသေးတယ်။



“ကိုယ်တို့ခေါ်ထားတဲ့ အစည်းအဝေးကို ကိုယ်တို့မရောက်ဘူးဆိုရင် မင်္ဂလာဆောင်တခု လုပ်မယ်ဆိုပြီးတော့ သတို့သမီးနဲ့ သတို့သားကို သက်ဆိုင်ရာ မိဘတွေက မင်္ဂလာဆောင်ပေးကြတယ်။ အဲဒီအခမ်းအနားနေ့ကျမှ အမျိုးသမီးဘက်က မိဘတွေမရောက်ဘူးဆိုတော့ သတို့သားနဲ့ရတာကိုများ မကျေနပ်လို့လားဆိုပြီးတော့ တွေးစရာလိုဖြစ်နေပြီ၊ အစိုးရနဲ့ လွှတ်တော်ဟာ အဆင်ပြေမှုရှိ၊ မရှိဆိုတာက တစ်ပိုင်းသာဖြစ်တယ်။ တဖွဲ့ကိုတဖွဲ့ အပြန်အလှန်ထိန်းကျောင်းပြီး အမြဲတမ်း တန်ဖိုးထားလေးစားဖို့ လိုအပ်တယ်၊ စုံစုံညီညီ မဟုတ်ရင်တောင်မှ အရေးကြီးဆုံးပုဂ္ဂိုလ်တွေ တက်ရောက်ဖို့ လိုပါတယ်” လို့ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ၂၀၁၈ -၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်ရဲ့ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးဟာ ပြည်နယ်အစိုးရရဲ့ဆန္ဒအရ ခေါ်ယူပြုလုပ်တဲ့ အစည်းအဝေးဖြစ်ပေမယ့် အစည်းအဝေးမှာ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၃ ဦးသာတက်ရောက်ခဲ့သလို ဝန်ကြီးချုပ် ဦးညီပုအပါအဝင် တခြားဝန်ကြီးတွေ အကုန်လုံး ပျက်ကွက်ခဲ့ကြတာကြောင့် ဥက္ကဋ္ဌက အခုလို သတိပေးလိုက်တာပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “အစည်းအဝေး မတက်တာက ဒါက တဦးတယောက်ချင်းစီရဲ့အပေါ်မှာ မူတည်ပါတယ်။ နောက်ပြီးတော့ အစိုးရအဖွဲ့အနေနဲ့ တခါတလေမှာလည်း မအားမတက်တာမျိုး၊ ခရီးထွက်နေတာမျိုး ဖြစ်ကောင်းဖြစ်မှာပေါ့နော်။ သဘောထားကွဲလွဲလို့ အစည်းအဝေးမတက်လို့တော့ မဟုတ်ပါဘူး။ နောက်ပြီးအစိုးရအဖွဲ့က ခေါ်တဲ့အစည်းအဝေးမျိုးဖြစ်လို့ မတက်တာလည်းမဟုတ်ပါဘူး “လို့ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအပြင် တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၇ ဦးရှိတဲ့အနက် အဲဒီနေ့မှာ ၂၈ ဦးသာ တက်ရောက်ခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တက်ရောက်မှု အနည်းပါးဆုံး အစည်းအဝေးဖြစ်သလို အချိန် အတိုဆုံး အစည်းအဝေးလည်းဖြစ်တယ်လို့ ဦးစံကျော်လှက ပြောပါတယ်။

No comments:

Post a Comment