Saturday, June 15, 2019

အင်ဒိုနီးရှားတရားရုံး၌ မဲလိမ်မှု တိုင်ကြားချက်များကို ကြားနာစဉ် လုံခြုံရေးများထူထပ်စွာချထားခဲ့

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုသည် မဲမသမာမှုများကို စနစ်တကျလုပ်ဆောင်ပြီး အာဏာအလွဲသုံးစား ပြုခဲ့ခြင်းကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအတိုက်အခံဘက်မှ ရှေ့နေအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသို့ ဇွန် ၁၄ ရက်တွင် လျှောက်ထားခဲ့ပြီး ဝီဒိုဒို၏ ရွး ကောက်ပွဲအနိုင်ရမှုကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ဝီဒိုဒိုသည် ဧပြီလကကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲ ၅၅ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်ဟု အထွေထွေရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။ မဲ ၄၄.၅ ရာခိုင်နှုန်း ရရှိခဲ့သော ဝီဒိုဒို၏ ပြိုင်ဘက်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုဆူဘီယန်တိုကမူ ရှုံးနိမ့်မှုကို လက်မခံနိုင်ဖြစ်နေသည်။



အဆိုပါရွေးကောက်ပွဲ အငြင်းပွားမှုကြောင့် ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံအင်ဒိုနီးရှားတွင် သီတင်းပတ်ပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့ရသည်။  ပြီးခဲ့သည့်လက တရားဝင် မဲရလဒ်ကြေညာခဲ့ပြီးနောက် မြို့တော်ဂျကာတာ၏ မြို့လယ်၌ ပရာဘိုဝိုအား ထောက်ခံသူများနှင့် ရဲများကြား အကြမ်းဖက် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်။ ထိုအဓိကရုဏ်းဖြစ်စဉ်များအတွင်း လူရှစ်ဦးသေဆုံးကာ ၉၀ဝ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲများက လှုံ့ဆော်သူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများထဲတွင် အစိုးရထိပ်တန်းအရာရှိလေးဦးကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်သည်ဟု သံသယရှိခံရသည့် ပရာဘိုဝို၏ မဟာမိတ်ဖြစ်သော ဗိုလ်ချုပ်ကီဗလန်ဇန်လည်း ပါဝင်ခဲ့သည်။

ပရာဘိုဝိုသည် ‘People Power’ ပုံစံ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဖြစ်ပွားလာမည်ဟု ယခင်က သတိပေးခဲ့ဖူးသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံး၌ ကြားနာစစ်ဆေးမှု လုပ်ဆောင်နေစဉ် ကာလအတွင်း ငြိမ်ငြိမ်သက်သက်နေပေးကြရန် ゞင်းအား ထောက်ခံသူများကို ယခုသီတင်းပတ်အစောပိုင်းက တိုက်တွန်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက စဉ်းစားချင့်ချိန်နေစဉ်ကာလအတွင်း ပြီးခဲ့သည်လကကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် ရဲနှင့် စစ်သားအင်အား ၁၇၀ဝ၀ ကို တပ်ဖြန့်ထားခဲ့သည်။ မြို့တော်အနှံ့တွင်ချထားသည့် လုံခြုံရေးအင်အားမှာမူ ၃၂၀ဝ၀ ကျော်ရှိသည်။  လုံခြုံရေး ထူထပ်စွာချထားသည့် တရားရုံးအဆောက်အအုံ အနီးတွင်မူ  အတိုက်အခံလိုလားသူများက ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲငယ်တစ်ခုရှိခဲ့ပြီး ပါဝင်သူအချို့က ‘တရားမျှတမှုကို လိုလားပါတယ်’ ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားခဲ့ကြသည်။

ဝီဒိုဒိုမဲဆွယ်စည်းရုံးရေးအဖွဲ့၏ ငွေကြေးသုံးစွဲမှုနှင့် နိုင်ငံပိုင်ပစ္စည်းများကို မဲဆွယ်ရေးလက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့သည်ဟု အတိုက်အခံဘက်မှ ရှေ့နေအဖွဲ့က ထောက်ပြပြီး အကွက်ချ၍ အကြီးအကျယ် လုပ်ဆောင်ခဲ့သည့် တရားဥပဒေနှင့် မညီသည့် လုပ်ရပ်များ၊ လိမ်လည်မှုများ၊ အာဏာအလွဲသုံးစားပြုမှုများကြောင့် ယခုကဲ့သို့ မဲရလဒ်ထွက်လာခြင်းဖြစ်သည်ဟု ゞင်းတို့က ဆိုနေကြသည်။

ရွေးကောက်ပွဲစောင့်ကြည့်ရေး အေဂျင်စီကမူ စနစ်တကျ မဲလိမ်ခဲ့သည်ဆိုသော သက်သေမရှိဟု  ထုတ်ပြန်ထားပြီး အမှီအခိုကင်းသော လေ့လာသူများကလည်း ထိုရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတသည်ဟု ဆိုခဲ့ကြသည်။ 

No comments:

Post a Comment