Saturday, June 15, 2019

ပရော်ဖက်ရှင်နယ်လစ်ဇင်နှင့် အလုပ်ကျင့်ဝတ်

လူတစ်ဦး၏ အလုပ်ကျင့်ဝတ် ဟူသည် သူ၏ စရိုက်ကို ကိုယ်စားပြု၏။ အားကောင်းသည့် အလုပ်ကျင့်ဝတ် တစ်ရပ်သည် ထိုသူအနေဖြင့် ကောင်းမွန်သည့်အလုပ်တစ်ခုကို လုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ တန်ဖိုးမြင့်မားစွာ ထားသည့်အပြင် အခြားသူများကိုလည်း လေးစားကာ သမာဓိရှိရှိ ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ ပရော်ဖက်ရှင်နယ်လစ်ဇင်သည်  လူတစ်ဦးအနေဖြင့် အလုပ်သို့ ရောက်ရှိလာပုံနှင့် အလုပ်နှင့် ပတ်သက်၍ သူကိုယ်တိုင် ဆောင်ရွက်ပုံတို့ကို ဖော်ပြသည့် အလုပ်ကျင့်ဝတ်ဆိုင်ရာ သဘောတရား အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ လူတစ်ဦးအနေဖြင့် အလုပ်နှင့်ပတ်သက်၍ ပရော်ဖက်ရှင်နယ်လစ်ဇင်ကို ဖော်ပြနိုင်ပုံ နည်းလမ်းများစွာ ရှိသည်။

အချိန်မီနှင့် အချိန်မှန် - အချိန်မီခြင်းသည် ပရော်ဖက်ရှင်နယ်လစ်ဇင်ဆိုင်ရာ အခြေခံ အကျဆုံး အရည်အသွေးတစ်ရပ် ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ဆန်သူသည် သူ၏ အလုပ်ချိန်မတိုင်မီ ကြိုရောက်လာကာ အခြေကျအောင်ပြုလုပ်လျက် အလုပ်ချိန်၌ အလုပ်လုပ်ရန် အသင့်ဖြစ်နေသည်။ သူသည် ဖောက်သည်များနှင့် ချိန်းဆိုရာတွင်လည်းကောင်း၊ အခြား ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးရန် လည်ကောင်း၊ စီမံခန့်ခွဲရာ၌လည်းကောင်း အချိန်မှန်သူဖြစ်သည်။ သူ၏ အလုပ်များသည် အချိန်မီ ပြီးစီးပြီး သတ်မှတ်ထားသည့် နောက်ဆုံးအချိန် ကန့်သတ်ချက်များနှင့် အမြဲတမ်း ကိုက်ညီသည်။

တာဝန်ယူမှုနှင့် တာဝန်ခံမှု - အခြား ပရော်ဖက်ရှင်နယ် အရည်အသွေးတစ်ရပ်မှာ လုပ်သမျှ အလုပ်အားလုံးအတွက် တာဝန်ခံခြင်း ဖြစ်သည်။ ပရော်ဖက်ရှင်နယ်လစ်ဇင် အဆင့်မြင့်မားသူ တစ်ဦးသည် သူ လက်ခံထားသည့်အလုပ်များ၊ သူ၏ လုပ်ဆောင်ချက်များ နှင့် သူ၏ အလုပ်မှ ထွက်ပေါ်လာသော ပြဿနာရပ်များအားလုံးအတွက် တာဝန်ယူသူ ဖြစ်သည်။


ဖွဲ့စည်းတည်ဆောက်မှုနှင့် ကောင်းစွာ စုစည်းမှု - ပရော်ဖက်ရှင်နယ်ဆန်သည့် ဝန်ထမ်းတစ်ဦးသည် ကောင်းစွာ စုစည်းမှုရှိသူ ဖြစ်သည်။ ယင်းက သူ၏အလုပ်ကို လုံလောက် ထိရောက်စွာ ပြုလုပ်နိုင်ရန် အထောက်အကူပြုသည်။ သူ၏ အလုပ်စားပွဲ၌ လိုအပ်သည့် ဖိုင်များသာ သပ်ရပ်စွာ နေရာချထားသည်ကို တွေ့ရမည်ဖြစ်သည်။

ပရောက်ဖက်ရှင်နယ်ဆန်သော အသွင်အပြင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု - ပရော်ဖက်ရှင်နယ်ဆန်သူသည် အကျအန မီးပူတိုက်ထားသော ဝတ်စုံကိုဝတ်ကာ ရှပ်အင်္ကျီကို ဘောင်းဘီ သို့မဟုတ် လုံခြည်ထဲ အကျအနထည့်ကာ ဝတ်ပြီး သူ၏ အသွင်အပြင် အားလုံးသည် သူ၏ အလုပ်အကိုင်အဆင့်အတန်းနှင့် ကိုက်ညီ၍နေသည်။ အဝတ်အစားများ သန့်ပြန့်နေခြင်း၊ ခေါင်းကို အကျအနဖြီးထားခြင်း၊ သွားကို အသေအချာ တိုက်လာခြင်းနှင့် အနံ့ဆိုးများမထွက်အောင် အနံ့ပျောက်စေသည့်ဆေးများ အသုံးပြုခြင်းတို့ကို တွေ့ရမည်ဖြစ်သည်။

အပြောင်းအလဲမရှိ တစ်သမတ်တည်းရှိခြင်းနှင့် ပရော်ဖက်ရှင်နယ်ဆန်ခြင်း - ခိုင်မာသည့် အလုပ်ကျင့်ဝတ်ရှိသူသည် အလုပ်ပြီးမြောက်ရေးနှင့် စနစ်တကျ လုပ်ကိုင်ရေး သေချာအောင်ပြုလုပ်လိုသည့် ဝီရိယမျိုးရှိသည်။ အဓိပ္ပာယ်မှာ အလုပ်ကို တစ်သမတ်တည်း ပြီးမြောက်အောင်လုပ်ကိုင်ပြီး ထိရောက်လုံလောက်စွာ ဆောင်ရွက်တတ်ခြင်းဖြစ်သည်။ အမှားများနှင့် ကြန့်ကြာမှုများက ငွေကြေးကုန်ကျမှုနှင့် အခြားပြဿနာများကို ဖြစ်စေနိုင်သောကြောင့် အလုပ်ခေါင်းဆောင်များက ယင်းပရော်ဖက်ရှင်နယ်လစ်ဇင် အဆင့်မျိုး ကို လိုလားကြသည်။

လူသားဆန်၍ ကြင်နာမှုရှိခြင်း - ပရော်ဖက်ရှင်နယ်ဆန်သော ဝန်ထမ်းတစ်ဦးသည်  မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသော်လည်း အလုပ်ခွင်ထဲ၌ ခန်းကြီးခမ်းနား မော်ကြွားမှုမျိုး မရှိပေ။ မိမိကိုယ်ကိုယ် နှိမ့်ချကာ အခြားသူများအပေါ် ကြင်နာတတ်လျက် အကူအညီပေးတတ်သူ ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ဆန်သူသည် ゞင်းအနေဖြင့် ကြီးမားသော လုပ်ငန်းခွင်တစ်ရပ်လုံး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခြင်းဖြစ်သည်ကို နားလည်သူဖြစ်သည်။  လူတိုင်းအနေဖြင့် မိမိတို့လုပ်နိုင်သည့် အရာရာကို  ဆောင်ရွက်နိုင်ရေး သေချာစေလျက် အခြားသူများနှင့် ပူးပေါင်း ဆောင်ရွက်သူ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ပရော်ဖက်ရှင်နယ်ဆန်၍ အလုပ်ကျင့်ဝတ်အား နားလည်သူများကိုသာ အလုပ်ရှင်များသာမက လုပ်ဖော်ကိုင်ဖက်များကပါ လေးလေးစားစား လိုလားကြမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment