Saturday, June 15, 2019

ရန်ကုန်မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဟုဆို

ရန်ကုန်မြို့တော်ခန်းမကို ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံဝင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေပြီး လက်ရှိနေရာအား ပြတိုက်ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။ “မနှစ်က မြို့တော်စီမံကိန်းနှစ်ခုရှိတယ်။ ကမာရွတ်က EO ရုံးနဲ့ လေမှုတ်စက်ရုံဝင်းအတွင်း ဆောင်ရွက်မယ့် မြို့တော်ခန်းမကြီးပေါ့။ လက်ရှိမြို့တော်ခန်းမကြီးကို ပြတိုက်လုပ်မယ် ဘာမယ်လို့ပြောတယ်။ ဘတ်ဂျက်ထဲမှာ လေမှုတ်စက်ရုံဝင်းမှာ မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံဆောက်ဖို့ဆိုပြီးပဲပါတော့ ဘတ်ဂျက်နဲ့ပတ်သက်ပြီး လာရှင်းတဲ့ စည်ပင်က လူတွေကို မေးတော့မှ မြို့တော်ခန်းမဆောက်မယ်လို့ သိရတယ်။ ဒီဟာကို Master Plan ရေးဆွဲပြီး သေသေချာချာ ချပြရမှာ” ဟု သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။



၂၀၁၉-၂၀၂၀  လျာထားဘတ်ဂျက်တွင် လေမှုတ်စက်ရုံဝင်းအတွင်း မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ရန်အတွက်ဟုသာ ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များပါရှိခြင်း မရှိကြောင်း ဒေါ်သက်ထားနွယ်ဝင်းကပြောကြားသည်။
 “၂၀၁၈-၂၀၁၉ မှာ သန်း ၂၀ဝ၀ တောင်းတယ်။ ပြီးခဲ့တဲ့ ဖြည့်စွက်ဘတ်ဂျက်မှာ သန်း ၇၀ဝ ခွင့်ပြုလိုက်တယ်။ ခန့်မှန်းစုစုပေါင်း တန်ဖိုး သန်း ၅၀ဝ၀ တောင်းတာ။ ၂၀၁၉-၂၀၂၀ မှာ သန်း ၇၀ဝ၀ တင်တာ။ အဲဒါတောင်မှ ၃၅ ရာခိုင်နှုန်းပဲ ပြီးဦးမယ်ဆိုတော့ ဘယ်လိုဒီဇိုင်း၊ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ဘာမှမသိရသေးဘူး” ဟု ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

ပြည်သူ့ငွေစာရင်းကော်မတီအား ယခုကဲ့သို့ကိစ္စများကို ပွင့်လင်းချပြသင့်ကြောင်း၊ ယခုကဲ့သို့မပြုလုပ်ပါက ပြည်သူ့ငွေစာရင်း ကော်မတီကိုလည်း ပြည်သူများ အယုံအကြည်မဲ့မည်ဖြစ်သည့်အပြင် လွှတ်တော်ကိုလည်း ပြည်သူများယုံကြည်အားကိုးမှု လျော့နည်းလာနိုင်ကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍဍာငွေရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့်ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ရုံဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံ တည်ဆောက်ခြင်းကို ယခုနှစ်တွင် ကျပ်သန်း ၇၀ဝ၀ တောင်းခံထားခြင်းသည် On Going Process အရတောင်းခံခြင်း ဖြစ်သော်လည်း အသေးစိတ်တွက်ချက်မှု တင်ပြရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

“ရန်ကုန်မြို့တော်စည်ပင်သာယာမြို့တော်ခန်းမကို လေမှုတ်စက်ရုံဝင်းကို ပြောင်းဖို့လုပ်ထားတယ်။ ဘတ်ဂျက်ထဲမှာတော့ လေမှုတ်စက်ရုံဝင်း မှတ်တမ်းထိန်းသိမ်းအဆောက်အအုံလုပ်မယ်ဆိုပြီးပဲပါတယ်။ တကယ့်တကယ်က မြို့တော်ခန်းမကြီးပြောင်းဖို့ ၃၃ ရာခိုင်နှုန်းအတွက်တောင် ကျပ်ကိုးဘီလျံ လောက်ဖြစ်နေတယ်။ ၁၀ဝ ရာခိုင်နှုန်း ဆောက်မယ်ဆိုရင် ဘီလျံ ၃၀ လောက်ဖြစ်နေပြီ။ ဒါကြီးက အခုချိန်မှာ လုံးဝမလုပ်သင့်သေးဘူး။ ပြည်သူတွေအတွက် လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်” ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် ယခုစီမံကိန်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ဖော်ပြထားမှုမရှိကြောင်း၊ ပြည်သူများအတွက် လိုအပ်ချက်များနေသည့်အခါမျိုးတွင်  ယခုစီမံကိန်းသည် မလုပ်သင့်သည့်စီမံကိန်း ဖြစ်ကြောင်း ဦးရန်ရှင်း၏ ပြောကြားမှုအရ သိရသည်။

“အမှိုက်ကားတွေက မြို့နယ်တွေမှာလိုနေတာအများကြီး။ အဲဒါကို ဘတ်ဂျက်ဆွေးနွေးတုန်းက ထည့်ဆွေးနွေးတယ်။ ဒါက ပြန်မဖြေကြားဘူး။ စိတ်ဝင်စားမှုလည်း မရှိဘူး။ အဓိက အခြေခံလိုအပ်ချက်ကို မဖြည့်ဆည်းဘဲနဲ့ အဆောက်အအုံကြီးတွေ ဆောက်ဖို့ပဲ စိတ်အားထက်သန်နေတယ်” ဟု ဦးရန်ရှင်းက ပြောကြားသည်။

“အခုကိစ္စကို ကျွန်တော်က ပြည်သူ့ငွေစာရင်းကော်မတီမှာပါလို့ သိရတာ။ ဒီဟာကြီးကို လေမှုတ်စက်ရုံဝင်းမှာ အဆောက်အအုံဆောက်မယ်လို့ တင်ပြတော့ ဒီဇိုင်းပြ ငွေစာရင်းက စစ်ရမှာလေ။ ဒီဇိုင်းက အကြီးကြီးပဲ။ ကျပ်သန်းပေါင်းများစွာ ကုန်ဦးမှာ။ ကျွန်တော်တို့ အနာဂတ်စီမံကိန်းက မြို့တော်စည်ပင်ရုံးကြီးကို အဲဒီကို ပြောင်းဖို့ရှိပါတယ် ဦးကျော်ဇေယျဆိုပြီး ဌာနမှူးကြီးကိုယ်တိုင် ပြောသွားတာ။ ပြည်သူ့ငွေစာရင်းကော်မတီ ကိုပြောသွားတာ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍဍာငွေ ရသုံးခန့်မှန်းခြေငွေ စာရင်းလျာထားချက်တွင်ပါဝင်သည့် ဗိုလ်တထောင်မြို့နယ် ၄၆ လမ်း လေမှုတ်စက်ရုံဝင်းတွင် မှတ်တမ်းထိန်းသိမ်းခြင်း အဆောက်အအုံတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဒေါ်သက်ထားနွယ်ဝင်းနှင့် ဦးရန်ရှင်းတို့က ထည့်သွင်းဆွေးနွေး မေးမြန်းမှုများပြုလုပ်ခဲ့သော်လည်း ယင်းကိစ္စကို စီမံကိန်းနှင့်ဘဏ္ဍဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ရှင်း လင်းခဲ့ခြင်းမရှိကြောင်း သိရသည်။

No comments:

Post a Comment