Saturday, June 15, 2019

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ဒေသခံများကို စက်ရုံဝန်းအတွင်း မီးရှို့ဖျက်ဆီးမှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မတို့ဖြင့် ပုသိမ်ကြီးမြို့နယ်တရားရုံး၌ စတင် တရားစွဲဆို

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ဒေသခံများကို ကုမ္ပဏီစက်ရုံဝန်းအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မတို့ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် ဇွန် ၁၄ ရက် နံနက်ပိုင်းက စတင်တရားစွဲဆိုခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန်ချိန် ၅၀ဝ၀ ကျ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အောင်သပြေကျေးရွာ ရာအိမ်မှူး အပါအဝင် ဒေသခံခြောက်ဦးတို့ကို
ဇွန် ၁၄ ရက် နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့ပြီး မြို့နယ်တရားရုံးက ゞင်းတို့ကို ရာဇသတ်ကြီး ပုဒ်မ ၄၃၆(အိမ် အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီးဖြင့်၊ သို့တည်းမဟုတ် ပေါက်ကွဲတတ်သည့်အရာဖြင့် အကျိုးဖျက်ဆီးမှု)၊ ပုဒ်မ ၄၄၀(သေစေမှုအတွက်၊ သို့တည်းမဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီးနောက် ကျူးလွန်သည့်အကျိုးဖျက်ဆီးမှု) စသည့် ပုဒ်မ နှစ်ခုဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စွဲဆိုခဲ့သည့် ပုဒ်မများမှာ မီးရှို့ဖျက်ဆီးမှုပုဒ်မဖြစ်သည့် ပုဒ်မ ၄၃၆ သည် ထောင်ဒဏ် ဆယ်နှစ်မှ အမြင့်ဆုံး တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ ထောင်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ အကျိုးဖျက်ဆီးမှုပုဒ်မဖြစ်သည့် ပုဒ်မ ၄၄၀ သည် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဌာန်းထားသည်။


“အောင်သပြေကျေးရွာက ဒေသခံခြောက်ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ရာဇသတ်ကြီး ပုဒ်မ ၄၃၆၊ ၄၄၀ တို့နဲ့ စတင်တရားစွဲဆိုလိုက်ပါတယ်။ နောက်ထပ် ရုံးချိန်းကိုတော့ ဇွန် ၂၁ ရက်ကို မြို့နယ်တရားရုံးက ချိန်းဆိုထားပါတယ်။ ဒီအမှုမှာက စုစုပေါင်း တရားစွဲဆိုထားတာက ဒေသခံ ၄၀ ဦးကို ကုမ္ပဏီဘက်က တရားစွဲဆိုထားတာဖြစ်ပါတယ်”ဟု အောင်သပြေကျေးရွာ ဒေသခံတောင်သူများဘက်မှ အခမဲ့ အမှုလိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။

ဇွန်လ ၁၄ ရက်က ပုသိမ်ကြီးမြို့နယ်တရားရုံး၌ စတင်တရားစွဲဆိုခဲ့သည့် အောင်သပြေကျေးရွာသားများ၏ အမှုရုံးချိန်းတွင် ဖမ်းဆီးခံထားရသည့်ဒေသခံများက ゞင်းတို့မှာ မတရားအမှုဖွင့်ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း၊ အကျဉ်းထောင်အတွင်းသေဆုံးခဲ့သည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းမှာ အကျဉ်းထောင်သို့ ရောက်ရှိလာစဉ်က အပြင်မှရရှိခဲ့သည့် ဒဏ်ရာများတွေ့ရှိရကြောင်း ပြောဆိုခဲ့ကြသည်။

လတ်တလောတွင် ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သက်၍ အလွတ်တန်းသတင်းထောက်တစ်ဦးအပါအဝင် ဒေသခံအချို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီး ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူများကို ဆက်လက်ဖော်ထုတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများကို ရဲတပ်ဖွဲ့က မေလအတွင်းက ရှင်းလင်းပြောကြားထားသည်။ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ ၅၀ ကျော်ကို ရဲတပ်ဖွဲ့၊ ထွေအုပ်နှင့် ကုမ္ပဏီတို့က အမှုအသီးသီး၊ ပုဒ်မအသီးသီးတို့ဖြင့် ခွဲခြားအမှုဖွင့်ထားကြောင်းလည်း စုံစမ်းသိရသည်။ အဆိုပါ ရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ရဲမှူးချုပ်စိန်လွင်(ယာယီရဲတပ်ဖွဲ့မှူး)က ပဋိပက္ခဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရန်ဆောင်ရွက်လျက်ရှိကာ ထပ်မံဖြစ်ပွားလာပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည့်အပြင် လိုအပ်ပါက ကျည်စစ်၊ကျည်မှန်များ အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများကို ရှင်းလင်းပြောကြားထားသည်။

လက်ရှိတွင် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဒေသခံ ၅၀ ကျော်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ ရာဇသတ်ကြီး ပုဒ်မ မျိုးစုံတို့ဖြင့် အမှုတွဲအသီးသီးခွဲ၍ ရဲတပ်ဖွဲ့ကအမှုဖွင့်ထားပြီး ဒေသခံရှစ်ဦးခန့်ကို ဖမ်းဆီးထားပြီးဖြစ်ကာ ဖမ်းဆီးရန်ကျန်ရှိနေသည့် ဒေသခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment