Saturday, June 15, 2019

နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် စတင်ဆောင်ရွက်မှု အားနည်းခြင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အဓိက အားနည်းချက်ဖြစ်သည်ဟု PACE အဖွဲ့ ထောက်ပြ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ တွေ့ဆုံ ခွင့်တောင်းခံမှုကို ငြင်းဆန်ခြင်း မရှိသော်လည်း ကော်မရှင်ဘက်က စတင်တွေ့ဆုံရန် ဆောင်ရွက်မှု အားနည်းခြင်းက ကော်မရှင်၏ အဓိကအားနည်း ချက်ဖြစ်သည်ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည် သူ့လှုပ်ရှားမှုအဖွဲ့(PACE) တာဝန်ရှိသူက  ထောက်ပြပြောကြားသည်။
“ကော်မရှင်ဘက်က သူ့ကို တွေ့ဆုံခွင့် တောင်းရင် တွေ့ဆုံခွင့်ပေးတယ်ပေါ့ဗျာ။ ဒါပေမဲ့ လက်ရှိ ရှိနေတဲ့ပြဿနာက အဲဒီလို Formal တွေ့ဆုံ ခွင့်တောင်း၊ ပြဿနာဖြေ ရှင်းဆိုတာမျိုးထက် ကော်မရှင်ဘက်က Initiate လုပ်ဖို့လိုတယ်။ သဘောက ကျွန်တော်တို့က အသွင်ကူးပြောင်းမှုကို ဆောင်ရွက်နေတာကိုး။ ပြဿနာက တချို့ကိစ္စတွေ က ရိုးရိုးသားသား Technical အမှားကို Political အမှားအဖြစ် ရှုမြင်နိုင်စရာအကြောင်း ရှိတယ်။ ကျွန်တော်တို့ရဲ့အမြင်က ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဖို့ သူကိုယ်တိုင်က Initiate လုပ်ဖို့လိုတယ်။ အဲဒါ ကော်မရှင်ရဲ့ အကြီးမားဆုံးအားနည်းချက်ပဲ” ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၆ ပါတီက မေ ၂၃ ရက်တွင် ကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေး၍ တောင်းဆိုခဲ့သည်။ နိုင်ငံရေးပါတီများ၏ အိတ်ဖွင့်ပေးစာတွင် တည်ဆဲရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေး ဆိုသည့် ရည်ရွယ်ချက် ပေါက်မြောက်နိုင်ခြင်း မရှိဘဲ ဆန့်ကျင်ဘက်လားရာသို့ ဦးတည်နေကြောင်း၊ လက်ရှိကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် သုံးကြိမ်သာတွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန်လည်း မလုံလောက်ကြောင်း အပါအဝင် အချက် ၁၀ ချက် ဖော်ပြထားသည်။ ယင်း အိတ်ဖွင့်ပေးစာပါအချက်များသည် အပြုသဘော မဆောင်သည့်အပြင် အခြေအမြစ်မရှိစွပ်စွဲချက်များဖြင့် ဖော်ပြတောင်းဆိုထားသည်ဟုဆိုကာ  ရွေးကောက်ပွဲကော်မရှင်က ဇွန် ၆ ရက်တွင် အကြောင်းပြန်ကြားချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး တွေ့ဆုံခွင့်တောင်းခံမှုကိုလည်း လက်မခံခဲ့ပေ။

“ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ ဒီထက်ပိုပြီး ထိတွေ့ဆက်ဆံဖို့လိုတယ်။ နိုင်ငံရေးပါတီတွေကို ဒီထက်ပိုပြီး နားထောင်ဖို့ လိုတယ်။ အပြန်အလှန် စာတိုစာရှည်ရေးနေတာဟာ နှစ်ဖက်စလုံးအတွက် အပြုသဘော မဆောင်ဘူး။ ကန့်ကွက်တဲ့ပါတီကလည်း ကန့်ကွက်မယ်။ ကော်မရှင်ကလည်း ဒါကို စာနဲ့တုံ့ပြန်တာမျိုး။ အဲဒါမျိုးလုပ်မယ့်အစား မျက်နှာချင်းဆိုင်တွေ့ဆုံပြီးတော့မှ နိုင်ငံရေးပါတီတွေရဲ့ Concept က ဘာတုန်း။ ကော်မရှင်က အခက်အခဲဘာရှိလဲ။ အဲဒါမျိုးကို မျက်နှာချင်းဆိုင် ဆွေးနွေးစေချင်တယ်” ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

No comments:

Post a Comment