Saturday, June 15, 2019

ဖုန်းဝယ်ယူရာတွင် အရောင်းပြေစာ၌ အခွန်တံဆိပ်မပါခြင်းကိုတိုင်ကြားပါက ဆုကြေးငွေအမြင့်ဆုံး ၂ သိန်း အထိရရှိမည်

လက်ကိုင်မိုဘိုင်းလ်ဖုန်းများ ၀ယ်ယူသူတိုင်း အခွန်ဆောင်ရမည်ဖြစ်ပြီး အရောင်းပြေစာတွင် အခွန်တံဆိပ် မပါခြင်းကိုတိုင်ကြားပါက ဆုကြေးငွေအဖြစ် အနိမ့်ဆုံးကျပ် ၂ သောင်းမှ အမြင့်ဆုံးကျပ် ၂ သိန်းအထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။ အခွန်အဖြစ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး အရောင်းပြေစာတွင် အခွန်အမှတ်တံဆိပ် ကပ်ထားခြင်းမရှိပါကတိုင်ကြားပြီးဆုကြေးငွေ ထုတ်ယူနိုင်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။



“ ဒီစီမံချက်က ပြီးခဲ့တဲ့ စားသောက်ဆိုင်တွေကိုချမှတ်တုန်းကလိုပဲ လုပ်ထားတဲ့အတိုင်းပါပဲ။ လုပ်ငန်းရှင်တွေရော၊ ပြည်သူတွေပါ လိုက်ပါလုပ်ဆောင်နိုင်ဖို့အတွက်ကိုလုပ်ထားတဲ့စီမံချက်ပါ” ဟု အခွန်ဝန်ဆောင်မှုရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အကုန်သိသတင်းဌာနသို့ပြောသည်။

ပြေစာပေါ်တွင် လုံလောက်စွာကပ်နိုင်ရန် ပျက်ကွက်သည့် ပြေစာမူစာရင်း၊ ပြေစာထုတ်ရန် ပျက်ကွက်ခဲ့ပါက ပျက်ကွက်ခဲ့ခြင်းခိုင်လုံသည့်အထောက်အထား၊ တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူတို့နှင့်တကွ တိုင်ကြားနိုင်ကြောင်းသိရသည်။

“ဒီလိုလုပ်ဆောင်တာအရမ်းကောင်းတဲ့ အစီအစဉ်ပါ။ တိုင်းပြည်မှာက အခွန်ရှိမှရမယ်လေ။ ဒီလိုပြေစာမှာ တံဆိပ်ကပ်ပေးတာကိုလည်း ကျွန်မတို့ဆိုင်ကမှန်မှန်ကန်ကန် လုပ်ပေးနေပါတယ်။ ၀ယ်ယူသူတွေနဲ့ ကျွန်မတို့ ရောင်းတဲ့သူများကြားမှာပိုပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံလာနိုင်မယ်လို့ ထင်ပါတယ်” ဟု CiticomIT ဖုန်းအရောင်းဆိုင်မှ Sale Manager ဒေါ်မျိုးမျိုးခိုင်က ပြောသည်။

ဆုကြေးငွေများအဖြစ် အခွန်၏ ၁၀၀ ရာခိုင်နှုန်းအဖြစ်တပ်ရိုက်သည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း၊ ပျက်ကွက်သည့် အကြိမ်လိုက်တပ်ရိုက်သည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုချီးမြင့်မည် ဖြစ်ပြီး၊ ဆုကြေးငွေ ပမာဏမှ ကျပ်နှစ်သောင်းမှ နှစ်သိန်းအထိရရှိနိုင်ကြောင်း သိရသည်။

အခွန်အမှတ်တံဆိပ်မကပ်မှုအတွက် လက်ရှိတွင် စားသောက်ဆိုင်များကိုအရေးယူမှုများနေပြီး အခွန်တံဆိပ်မကပ်သည့် စားသောက်ဆိုင်များကိုဒဏ်ငွေရိုက်ရာတွင် ပထမအကြိမ် တံဆိပ်ခေါင်းမကပ်လျှင် ကျပ်ငါးသိန်း၊ ဒုတိယအကြိမ် ကျပ်ခုနှစ်သိန်း၊ တတိယအကြိမ် ကျပ်ဆယ်သိန်းနှင့် စတုတ္ထအကြိမ် ပျက်ကွက်ပါက စားသောက်ဆိုင်လိုင်စင် သက်တမ်းတိုးသည့်အခါတွင် အခွန်ဦးစီးဌာနကထောက်ခံချက်ထုတ်ပေးတော့မည်မဟုတ်ဘဲ ဒဏ်ငွေဆောင်ရန်ပျက်ကွက်တိုင်းတစ်ကြိမ်လျှင် ပျက်ကွက်ကြေး ကျပ်နှစ်သိန်းစီ ထပ်မံပေးဆောင်သွားစေမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment